ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည် တောရွာမှ လာသည်ကို သူတို့သည်တွေ့လျှင်၊ ဖမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။- နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမအချို့ပါ၏။- ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။- အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသော သားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလ ရောက်လိမ့်မည်။- ထိုအခါ သူတို့က၊ အို တောင်များတို့၊ ငါတို့အပေါ်သို့ ကျကြပါ။ အို ကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။- အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု မိန့်တော်မူ၏။- ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တို့ကိုလည်း သတ်အံ့သောငှာ ထုတ်သွားကြ၏။ ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။- ယေရှုကလည်း၊ အို အဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။- လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ရယ်ပြုကြ၏။- စစ်သူရဲတို့သည်လည်း လာ၍ ပုံးရည်ကို ကပ်ပေးလျက်၊- သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက်ရယ်ပြုလျက် ဆိုကြ၏။- ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။ ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တစ်ယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကိုလည်းကောင်း၊ ငါတို့ကိုလည်းကောင်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။- တစ်ယောက်မူကား၊ မိမိအဖော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။- ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊- သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။- ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။- နေအရောင် ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။- ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အို အဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။- ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။- ထိုအမှုကို အကြည့်အရှုလာသောသူ အပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင်၊ ရင်ပတ်ကိုခတ်၍ ပြန်သွားကြ၏။- ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူ အပေါင်းတို့သည်လည်း အဝေးကကြည့်ရှု၍ ရပ်နေကြ၏။- ထိုအခါ ယုဒပြည်အရိမဿဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတစ်ယောက်သည်၊ အခြားသော လွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊- ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊- ယေရှု၏အလောင်းတော်ကို တောင်းလေ၏။- အလောင်းတော်ကို ချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော ကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။- ထိုနေ့ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။- ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူလာသော မိန်းမများသည် သင်္ချိုင်းတော်ကိုလည်းကောင်း၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကိုလည်းကောင်း အကြည့်အရှု လိုက်လာကြ၏။- ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့်နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏။
ရှင်လုကာ 23 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 23
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 23:26-56
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ