YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 1:1-24

ရှင်လုကာ 1:1-24 Judson Bible (JBMLE)

ရှေ့​ဦး​စွာ​မှ​စ၍ ကိုယ်​တိုင်​မြင်​သော သက်​သေ​ဖြစ်​လျက်၊ နှုတ်​က​ပတ်​တော်​မှု​ကို ဆောင်​ရွက်​သော​သူ​တို့​သည်၊- ငါ​တို့​တွင် ထင်​ရှား​စွာ​ဖြစ်​လေ​ပြီး​သော အ​တ္ထု​ပ္ပ​တ္တိ​များ​ကို ငါ​တို့​အား​ကြား​ပြော​သည် အ​စဉ်​အ​တိုင်း မှတ်​သား​သော​စာ​ကို စီ​ရင်​ရေး​ထား​သော​သူ အ​များ​ရှိ​ကြ​သည် ဖြစ်၍၊- ငါ​သည်​လည်း ထို​အ​တ္ထု​ပ္ပ​တ္တိ​အ​လုံး​စုံ​တို့​ကို ရှေ့​ဦး​စွာ​မှ​စ၍၊- စေ့​စေ့​ဖွေ​ရှာ လိုက်​စစ်​ပြီး​လျှင်၊ ကိုယ်​တော်​သင်​ပြီး​သော အ​ကြောင်း​အ​ရာ​တို့​သည် ဧ​ကန်​အ​မှန်​ဖြစ်​ကြောင်း​ကို ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ အ​စဉ်​အ​တိုင်း​ရေး​ထား၍ ကြား​လိုက်​မည်​အ​ကြံ​ရှိ​ပါ၏၊ အ​လွန်​မြတ်​သော​သော်​ဖိ​လု။ ယု​ဒ​ပြည်​ကို​အ​စိုး​ရ​သော ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ အ​ဘိ​ယ​အ​သင်း​အ​ဝင် ဖြစ်၍၊ ဇာ​ခ​ရိ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ၏။ သူ၏​ခင်​ပွန်း​သည် အာ​ရုန်​အ​မျိုး​အ​နွယ်​ဖြစ်၏။ သူ့​အ​မည်​ကား ဧ​လိ​ရှ​ဗက်​တည်း။- ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော် အ​မျိုး​မျိုး​တို့​ကို ကျင့်​ဆောင်၍ အ​ပြစ်​တင်​ခွင့်​နှင့်​လွတ်​သ​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ ရှိ​ကြ၏။- ဧ​လိ​ရှ​ဗက်​သည် မြုံ​သော​ကြောင့် သူ​တို့​သည် သား​မ​ရှိ။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​သက်​အ​ရွယ် ကြီး​ရင့်​ကြ၏။ ဇာ​ခ​ရိ​သည် မိ​မိ​အ​သင်း​နှင့် တ​ကွ အ​လှည့်​သင့်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​သည်​တွင်၊- ယဇ်​ပု​ရော​ဟိတ်​ထုံး​စံ​အ​တိုင်း စာ​ရေး​တံ​ချ​သ​ဖြင့်၊ သူ​သည်​ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​အ​တွင်း​သို့ ဝင်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့ရ၏။- ထို​သို့​နံ့​သာ​ပေါင်း​ကို မီး​ရှို့​သည်​အ​ချိန်​တွင်၊ လူ​အ​များ​အ​ပေါင်း​တို့​သည် ပြင်၌​ဆု​တောင်း​လျက် နေ​ကြ၏။- ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ နံ့​သာ​ပေါင်း​ကို​ရှို့​သော ယဇ်​ပ​လ္လင် လက်​ယာ​ဘက်၌ ရပ်​နေ​သည်​ကို၊- ဇာ​ခ​ရိ​သည် မြင်​လျှင်၊ စိတ်​နှ​လုံး​မ​ငြိမ်​မ​ဝပ် ထိတ်​လန့်​ခြင်း​သို့ ရောက်၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ ဇာ​ခ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​ပြု​သော​ပ​တ္ထ​နာ​ကို နား​ခံ​တော်​မူ​ပြီ။ သင်၏​ခင်​ပွန်း​ဧ​လိ​ရှ​ဗက်​သည် သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယော​ဟန်​အ​မည်​ဖြင့် မှည့်​ရ​မည်။- သင်​သည် ဝမ်း​သာ​ရွှင်​မြူး​ခြင်း ရှိ​လိမ့်​မည်။ ထို​သား​ကို​ဖွား​မြင်​သော​ကြောင့် လူ​အ​များ​တို့​သည်​လည်း ဝမ်း​မြောက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ထို​သား​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို မ​သောက်​ဘဲ​နေ၍၊ အ​မိ​ဝမ်း​ထဲ​က​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လိမ့်​မည်။- ဣ​သ​ရေ​လ​အ​မျိုး​သား အ​များ​တို့​ကို သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​စေ​လိမ့်​မည်။- အ​ဘ​တို့​နှင့် သား​တို့​ကို အ​သင့်​အ​တင့် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငြင်း​ဆန်​သော​သူ​တို့​ကို သူ​တော်​ကောင်း​တို့၏ သ​တိ​ပ​ညာ​လမ်း​သို့ ပြောင်း​လဲ​စေ​သော​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​အ​လို​ငှာ ပြင်​ဆင်​သော​လူ​မျိုး ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​သည်​ဧ​လိ​ယ၏ စိတ်​ဝိ​ညာဉ်​တန်​ခိုး​နှင့်​ပြည့်​စုံ​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်​သို့ သွား​လိမ့်​မည်​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။- ဇာ​ခ​ရိ​က​လည်း၊ ထို​သို့​ဖြစ်​လိမ့်​မည်​ကို အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​သိ​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် လူ​အို​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​မ​ယား​သည်​လည်း အ​သက်​အ​ရွယ်​ကြီး​ရင့်​ပါ​ပြီ​ဟု ကောင်း​ကင်​တ​မန်​အား ပြော​ဆို​လျှင်၊- ကောင်း​ကင်​တ​မန်​က၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ခ​စား​သော ဂါ​ဗြေ​လ​ဖြစ်၏။ သင့်​ကို နှုတ်​ဆက်၍ ဤ​ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ၏။- သင်​သည် ငါ့​စ​ကား​ကို​မ​ယုံ​သော​ကြောင့် ဤ​အ​ကြောင်း​အ​ရာ မ​ဖြစ်​မီ​နေ့​တိုင်​အောင် စ​ကား​မ​ပြော​နိုင်​ဘဲ၊ အ​လျက်​နေ​လိမ့်​မည်။ ငါ့​စ​ကား​သည်​ကား၊ အ​ချိန်​တန်​လျှင် ပြည့်​စုံ​လိမ့်​မည်​ဟု ပြော​ဆို၏။ လူ​များ​တို့​သည် ဇာ​ခ​ရိ​ကို ငံ့​လင့်၍၊ ဗိ​မာန်​တော်​အ​တွင်း၌ ကြာ​မြင့်​စွာ​နေ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏။- သူ​သည်​ထွက်​လာ​သော​အ​ခါ စ​ကား​မ​ပြော​နိုင်​သည် ဖြစ်၍၊ ဗိ​မာန်​တော်၌ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ပြီ​ဟု ရိပ်​မိ​ကြ၏။ ဇာ​ခ​ရိ​သည်​သူ​တို့​အား အ​ရိပ်​အ​မှတ်​ကို​သာ​ပေး၍ စ​ကား​အ​လျက် နေ၏။- ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​သော​အ​ချိန်​ကာ​လ ကုန်​သော​အ​ခါ၊ ဇာ​ခ​ရိ​သည် မိ​မိ​အိမ်​သို့ သွား​လေ၏။- ထို​နောက် သူ၏​ခင်​ပွန်း ဧ​လိ​ရှ​ဗက်​သည် ပ​ဋိ​သ​န္ဓေ​စွဲ၍၊

ရှင်လုကာ 1:1-24 Common Language Bible (BCL)

အ​ရှင်​သော်​ဖိ​လု၊ အ​ကျွန်ုပ်​တို့​သက်​ဝင်​ယုံ​ကြည် သော​ဘာ​သာ​၏​အ​ခြေ​အ​မြစ်​ဖြစ်​သည့်​အ​ကြောင်း အ​ရာ​များ​ကို​ရေး​သား​ပြု​စု​သူ​အ​များ​ပင်​ရှိ​ခဲ့ ပါ​သည်။- ထို​အ​ကြောင်း​အ​ရာ​များ​ကို​မျက်​မြင်​သက်​သေ များ​ဖြစ်​၍ သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​သူ​တို့​၏​ပြော​ကြား​ချက်​အ​ရ​ကျမ်း ပြု​ပ္ဂိုလ်​တို့​က​ရေး​သား​ပြု​စု​ခဲ့​ကြ​ပါ​သည်။- အ​ကျွန်ုပ်​သည်​လည်း​ထို​အ​ကြောင်း​အ​ရာ​အ​ပေါင်း ကို​စ​တင်​ဖြစ်​ပျက်​ချိန်​မှ​စ​၍ သေ​ချာ​စွာ​လေ့​လာ ခဲ့​သူ​ဖြစ်​သည်​အ​လျောက်၊- အ​ရှင်​ဖတ်​ရှု​နိုင်​ရန်​အ​စီ​အ​စဉ်​ညီ​ညွတ်​သည့် ကျမ်း​စောင်​ကို​ပြု​စု​ရ​သော်​ကောင်း​မည်​ဟု​ယူ​ဆ အပ်​ပါ​သည်။ အ​ရှင်​ကြား​သိ​ခဲ့​သော​အ​ကြောင်း အ​ရာ​များ​ကို​စုံ​လင်​စွာ​အ​ရှင့်​အား​သိ​စေ​လို သော​ကြောင့်​ဤ​ကျမ်း​ကို​ပြု​စု​ရ​ခြင်း​ဖြစ်​ပါ​သည်။ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ရုဒ်​မင်း​လက်​ထက်​၌ ဇာ​ခ​ရိ နာ​မည်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ​၏။ သူ သည်​အ​ဘိ​ယ​ယဇ်​ပု​ရော​ဟိတ်​အ​ဖွဲ့​ဝင်​ဖြစ်​၏။ သူ​၏​ဇနီး​ကား​ဧ​လိ​ရှ​ဗက်​ဟု​နာ​မည်​တွင်​၏။ ဧ​လိ​ရှ​ဗက်​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​အ​နွယ် ဝင်​ဖြစ်​၏။- ထို​သူ​နှစ်​ဦး​လုံး​ပင်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​သူ​ကောင်း​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​ရှိ​သ​မျှ​နှင့်​ညွှန်​ကြား​တော်​မူ ချက်​များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​၏။- သို့​သော်​ဧလိ​ရှဗက်​သည်​အ​မြုံ​ဖြစ်​၍​သား​သ​မီး မ​ရ။ သူ​တို့​နှစ်​ဦး​လုံး​ပင်​အ​သက်​ကြီး​ရင့်​ကြ လေ​ပြီ။- တစ်​နေ့​သ​၌​ဇာ​ခ​ရိ​သည်​မိ​မိ​၏​အ​ဖွဲ့​တာ​ဝန် အ​လှည့်​ကျ​သ​ဖြင့် ဗိ​မာန်​တော်​တွင်​ယဇ်​ပု​ရော ဟိတ်​ဝတ္တ​ရား​ကို​ဆောင်​ရွက်​စဉ်၊- ယဇ်​ပု​ရော​ဟိတ်​တို့​၏​ထုံး​စံ​အ​ရ​မဲ​ကျ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဗိမာန်​တော်​အ​တွင်း​သို့​ဝင်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရ​၏။- ထို​သို့​မီး​ရှို့​ပူ​ဇော်​နေ​ချိန်​၌​ကိုး​ကွယ်​ဝတ်​ပြု သူ​လူ​အ​ပေါင်း​တို့​သည် အ​ပြင်​မှာ​ဆု​တောင်း လျက်​နေ​ကြ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် ဇာ​ခ​ရိ​၏​ရှေ့​တွင်​ပေါ်​လာ​၍​နံ့​သာ​ပေါင်း ကို မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​၏​လက်​ယာ​ဘက်​တွင် ရပ်​လျက်​နေ​၏။- ဇာ​ခ​ရိ​သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော အ​ခါ​စိတ်​တုန်​လှုပ်​ချောက်​ချား​သွား​၏။- သို့​ရာ​တွင်​ကောင်း​ကင်​တ​မန်​က ``ဇာ​ခ​ရိ၊ မ​ကြောက်​နှင့်။ ဘု​ရား​သ​ခင်​သည်​သင်​တောင်း လျှောက်​သည့်​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပြီ။ သင်​၏​ဇ​နီး​ဧ​လိ​ရှ​ဗက်​သည်​သား​ရ​တ​နာ ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယောဟန်​ဟု နာ​မည်​မှည့်​ရ​မည်။- သင်​သည်​ဝမ်း​မြောက်​ရွှင်​မြူး​လိမ့်​မည်။ ထို​သား ဖွား​မြင်​လာ​သည့်​အ​တွက်​လူ​အ​များ​ပင် ဝမ်း​မြောက်​ကြ​လိမ့်​မည်။- သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ကြီး မြတ်​သူ​ဖြစ်​လိမ့်​မည်။ သူ​သည်​စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို​သောက်​လိမ့်​မည်​မ​ဟုတ်။ မွေး​က​တည်း​က​ပင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှင့်​ပြည့်​ဝ​လိမ့်​မည်။- များ​စွာ​သော​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး​လိမ့်​မည်။- ကိုယ်​တော်​၏​ရှေ့​တော်​ပြေး​ဖြစ်​၍​ဧ​လိ​ယ​ကဲ့ သို့​ခွန်​အား​တန်​ခိုး​ကြီး​လိမ့်​မည်။ သူ​သည်​အ​ဖ တို့​ကို​သား​တို့​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​လိမ့် မည်။ မ​နာ​ခံ​သော​သူ​တို့​အား​သူ​တော်​ကောင်း တို့​၏​အ​သိ​ပ​ညာ​ကို​ပြန်​လည်​ရ​ရှိ​စေ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ဆင်​သင့် ဖြစ်​စေ​ရန် ကိုယ်​တော်​၏​လူ​စု​တော်​ကို​ပြင် ဆင်​ပေး​လိမ့်​မည်'' ဟု​ဇာ​ခ​ရိ​အား​ပြော​၏။ ဇာ​ခ​ရိ​က ``ဤ​သို့​ဖြစ်​မည်​ကို​အ​ဘယ်​သို့​သိ နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည်​အို​မင်း​သူ​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​၏​ဇ​နီး​မှာ​လည်း​အ​သက်​ကြီး ရင့်​ပါ​ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​ပြန် ပြော​၏။ ကောင်း​ကင်​တ​မန်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​ခ​စား​ရ​သော​ဂါ​ဗြေ​လ​ဖြစ်​၏။ သင့်​အား​ဤ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။- နား​ထောင်​လော့။ သင်​သည်​ငါ့​စ​ကား​ကို​မ​ယုံ ကြည်​သော​ကြောင့် ဤ​အ​မှု​အ​ရာ​ဖြစ်​ပွား​လာ သည့်​နေ့​တိုင်​အောင်​စ​ကား​မ​ပြော​နိုင်​ဘဲ အ​လျက်​နေ​လိမ့်​မည်။ အ​ချိန်​တန်​လျှင်​ငါ ၏​စကား​မှန်​ကန်​လာ​လိမ့်​မည်'' ဟု​ဆို​၏။ လူ​တို့​သည်​ဇာ​ခ​ရိ​ကို​စောင့်​မျှော်​လျက်​နေ ကြ​၏။ ဇာ​ခ​ရိ​သည်​ဗိ​မာန်​တော်​ထဲ​တွင် ကြန့်​ကြာ​နေ​သည်​ကို​အံ့​သြ​ကြ​၏။- ဇာ​ခ​ရိ​သည်​ဗိ​မာန်​တော်​က​ထွက်​လာ​သော​အ​ခါ စ​ကား​မ​ပြော​နိုင်​တော့​သ​ဖြင့် ဗိ​မာန်​တော်​ထဲ တွင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ခဲ့​ကြောင်း​သူ​တို့ ရိပ်​မိ​ကြ​၏။ ဇာ​ခ​ရိ​သည်​စ​ကား​အ​၍​လက် ရိပ်​ခြေ​ရိပ်​ပြ​လျက်​သာ​နေ​၏။ ထို​နောက်​သူ​၏​တာ​ဝန်​ကုန်​ဆုံး​ချိန်​၌​အိမ်​ကို ပြန်​လေ​၏။- ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​သူ​၏​ဇ​နီး ဧ​လိ​ရှ​ဗက်​သည် ကိုယ်​ဝန်​ရှိ​၍​ငါးလ​ပတ်​လုံး အိမ်​တွင်း​အောင်း​လျက်​နေ​၏။

ရှင်လုကာ 1:1-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မြတ်​သော​သော်ဖိလု၊ ငါ​တို့​၌ ထင်ရှား​ပြည့်စုံ​ခဲ့​သော​အကြောင်းအရာ​များ​ကို မူလ​မျက်မြင်​သက်သေ​တို့​နှင့် နှုတ်ကပတ်​တရား​တော်​၏​အမှု​ကို​ဆောင်ရွက်​သော​သူ​တို့​က ငါ​တို့​အား​ဟောပြော​ခဲ့​သည့်​အတိုင်း စီကုံး​ရေးသား​ရန် လူ​အများ​တို့​သည် ကြိုးစား​ကြ​သည်​ဖြစ်၍ အလုံးစုံ​တို့​ကို အစ​မှစ၍ သေချာ​စွာ​စိစစ်​လေ့လာ​ခဲ့​သော​ငါ​သည်​လည်း အသင် သင်ယူ​ခဲ့​ပြီး​သော​အကြောင်းအရာ​များ ဧကန်​အမှန်​ဖြစ်ကြောင်း​သိရှိ​စေရန် ၎င်း​တို့​ကို အသင့်​ထံ အစဉ်လိုက်​ရေးသား​သင့်​သည်​ဟု​ထင်မှတ်​ပါ​၏။ ယုဒ​နယ်​ကို​အုပ်ချုပ်​သော ဟေရုဒ်​မင်းကြီး​လက်ထက်​တွင် ဇာခရိ​အမည်​ရှိ​သော အဘိယ​အဖွဲ့ဝင်​ယဇ်ပုရောဟိတ်​တစ်​ပါး​ရှိ​၏။ သူ​၏​ဇနီး​သည် အာရုန်​၏​အမျိုး​မှ​ဆင်းသက်​သူ​ဖြစ်​ပြီး သူ​၏​အမည်​မှာ အဲလစ်ဇဘက်​ဖြစ်​၏။ သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။ သို့သော် အဲလစ်ဇဘက်​သည် အမြုံ​ဖြစ်​၍ သူ​တို့​၌​သားသမီး​မ​ရှိ။ သူ​တို့​နှစ်ဦးစလုံး​သည်​လည်း အသက်​ကြီးရင့်​နေ​ကြ​ပြီ​ဖြစ်​၏။ တစ်ခါက ဇာခရိ​သည် မိမိ​၏​အဖွဲ့ အလှည့်​ကျ​သဖြင့် ဘုရားသခင်​ရှေ့​တော်​၌​ယဇ်ပုရောဟိတ်​အမှု​ကို​ဆောင်ရွက်​နေစဉ် ယဇ်ပုရောဟိတ်​အဖွဲ့​၏​ဓလေ့​ထုံးစံ​အတိုင်း​မဲချ​ကြ​ရာ ထာဝရ​ဘုရား​၏​ဗိမာန်​တော်​အတွင်း​သို့​ဝင်​၍ နံ့သာပေါင်း​ကို​မီးရှို့​ပူဇော်​ရန် သူ​၌​တာဝန်​ကျ​လေ​၏။ ထိုသို့ နံ့သာပေါင်း​မီးရှို့​ပူဇော်​သည့်​အချိန်​တွင် လူ​အစုအဝေး​အပေါင်း​တို့​သည် အပြင်​၌​ဆုတောင်း​နေ​ကြ​၏။ ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ဇာခရိ​ရှေ့၌​ပေါ်လာ​၍ နံ့သာပေါင်း​မီးရှို့​ပူဇော်​ရာ​ယဇ်ပလ္လင်​၏​လက်ယာ​ဘက်​တွင် ရပ်​လေ​၏။ ဇာခရိ​သည်​မြင်​လျှင် တုန်လှုပ်​ချောက်ချား​၍ ကြောက်ရွံ့​လေ​၏။ ကောင်းကင်တမန်​က “ဇာခရိ၊ ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​၏​ဆုတောင်း​သံ​ကို ဘုရားသခင်​နားညောင်း​တော်မူ​ပြီ။ သင်​၏​ဇနီး​အဲလစ်ဇဘက်​သည် သားယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ယောဟန်​ဟု​မှည့်ခေါ်​ရ​မည်။ သူ​သည် သင့်​အတွက် ဝမ်းမြောက်​စရာ​၊ ရွှင်မြူး​စရာ​ဖြစ်​မည်။ လူ​များစွာ​တို့​သည်​လည်း သူ​၏​ဖွားမြင်​ခြင်း​အတွက် ဝမ်းမြောက်​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ထာဝရ​ဘုရား​ရှေ့​တော်​၌ ကြီးမြတ်​သော​သူ​ဖြစ်လာ​မည်။ စပျစ်​ဝိုင်​နှင့်​သေရည်သေရက်​တို့​ကို​လည်း​မ​သောက်​၊ အမိ​ဝမ်းတွင်း​၌​ရှိ​စဉ်​ကပင် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လိမ့်မည်။ သူ​သည် များစွာ​သော​အစ္စရေး​အမျိုးသား​တို့​ကို မိမိ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ထံ ပြန်လည်​ပို့ဆောင်​၍ အဖ​တို့​၏​စိတ်နှလုံး​တို့​ကို သားသမီး​တို့​ထံသို့​လည်းကောင်း၊ နာခံ​ခြင်း​မ​ရှိ​သော​သူ​တို့​ကို ဖြောင့်မတ်​သော​သူ​တို့​၏​အသိပညာ​ထဲသို့​လည်းကောင်း ပြန်လှည့်​လာ​စေရန်​နှင့် ပြင်ဆင်​ထား​သော​လူမျိုး​တော်​ကို ထာဝရ​ဘုရား​အတွက်​အသင့်​ဖြစ်​စေရန် ဧလိယ​၏​ဝိညာဉ်​နှင့်​တန်ခိုး​တို့​ဖြင့် ကိုယ်တော်​၏​ရှေ့​တော်​မှ ဦးစွာ​သွား​နှင့်​မည်”​ဟု မြွက်ဆို​လေ​၏။ ဇာခရိ​က​လည်း “အကျွန်ုပ်​သည် အိုမင်း​သူ​ဖြစ်​ပြီး အကျွန်ုပ်​၏​ဇနီး​သည်​လည်း အသက်​ကြီးရင့်​နေ​ပါ​သဖြင့် ဤသို့​ဖြစ်​မည်​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း”​ဟု ကောင်းကင်တမန်​အား ပြန်​ပြော​လေ​၏။ ကောင်းကင်တမန်​က​လည်း “ငါ​သည် ဘုရားသခင်​ရှေ့​တော်​၌​ခစား​ရ​သော ဂါဗြေလ​ဖြစ်​၏။ သင့်​ကို​နှုတ်ဆက်​၍ ဤ​ဝမ်းမြောက်​ဖွယ်​သတင်း​ကို​ပြောကြား​ရန် ငါ​သည် သင့်​ထံသို့​စေလွှတ်​ခြင်း​ခံရ​၏။ သင်​သည် မိမိ​အချိန်​ရောက်​လျှင် ပြည့်စုံ​မည့် ငါ​၏​စကား​ကို​မ​ယုံ​သောကြောင့် ဤ​အရာ​များ​ပြည့်စုံ​သည့်​နေ့​တိုင်အောင် စကား​မ​ပြော​နိုင်​ဘဲ ဆွံ့အ​လျက်​နေ​လိမ့်မည်”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။ လူ​တို့​သည် ဇာခရိ​ကို​စောင့်မျှော်​နေ​၍ သူ​သည်​ဗိမာန်​တော်​ထဲ၌​ကြန့်ကြာ​နေ​သည်​ကို အံ့သြ​ကြ​၏။ သို့သော် ဇာခရိ​ပြန်​ထွက်လာ​သောအခါ သူ​တို့​အား​စကား​မ​ပြော​နိုင်​သောကြောင့် သူ​သည် ဗိမာန်​တော်​ထဲ၌ ဗျာဒိတ်​ရူပါရုံ​ကို​မြင်​ရ​ပြီ​ဟု သိရှိ​သွား​ကြ​၏။ ဇာခရိ​သည် သူ​တို့​အား ကိုယ်လက်​အမူအရာ​ကို​သာ​ပြ​၍ ဆွံ့အ​လျက်​နေ​၏။ ထို့နောက် သူ​သည် တာဝန်​ထမ်းဆောင်​ရ​သည့်​နေ့ရက်​များ​ပြီးဆုံး​သွား​သဖြင့် မိမိ​အိမ်​သို့​ပြန်​သွား​လေ​၏။ ထို​နေ့ရက်​များ​နောက်တွင် သူ​၏​ဇနီး​အဲလစ်ဇဘက်​သည် သန္ဓေ​တည်​၍ ငါး​လ​ပတ်လုံး အိမ်​တွင်း​၌​အောင်း​လျက်​နေ​၏။