YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 1:1-24

ရှင်လုကာခရစ်ဝင် 1:1-24 MSBU

မြတ်​သော​သော်ဖိလု၊ ငါ​တို့​၌ ထင်ရှား​ပြည့်စုံ​ခဲ့​သော​အကြောင်းအရာ​များ​ကို မူလ​မျက်မြင်​သက်သေ​တို့​နှင့် နှုတ်ကပတ်​တရား​တော်​၏​အမှု​ကို​ဆောင်ရွက်​သော​သူ​တို့​က ငါ​တို့​အား​ဟောပြော​ခဲ့​သည့်​အတိုင်း စီကုံး​ရေးသား​ရန် လူ​အများ​တို့​သည် ကြိုးစား​ကြ​သည်​ဖြစ်၍ အလုံးစုံ​တို့​ကို အစ​မှစ၍ သေချာ​စွာ​စိစစ်​လေ့လာ​ခဲ့​သော​ငါ​သည်​လည်း အသင် သင်ယူ​ခဲ့​ပြီး​သော​အကြောင်းအရာ​များ ဧကန်​အမှန်​ဖြစ်ကြောင်း​သိရှိ​စေရန် ၎င်း​တို့​ကို အသင့်​ထံ အစဉ်လိုက်​ရေးသား​သင့်​သည်​ဟု​ထင်မှတ်​ပါ​၏။ ယုဒ​နယ်​ကို​အုပ်ချုပ်​သော ဟေရုဒ်​မင်းကြီး​လက်ထက်​တွင် ဇာခရိ​အမည်​ရှိ​သော အဘိယ​အဖွဲ့ဝင်​ယဇ်ပုရောဟိတ်​တစ်​ပါး​ရှိ​၏။ သူ​၏​ဇနီး​သည် အာရုန်​၏​အမျိုး​မှ​ဆင်းသက်​သူ​ဖြစ်​ပြီး သူ​၏​အမည်​မှာ အဲလစ်ဇဘက်​ဖြစ်​၏။ သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။ သို့သော် အဲလစ်ဇဘက်​သည် အမြုံ​ဖြစ်​၍ သူ​တို့​၌​သားသမီး​မ​ရှိ။ သူ​တို့​နှစ်ဦးစလုံး​သည်​လည်း အသက်​ကြီးရင့်​နေ​ကြ​ပြီ​ဖြစ်​၏။ တစ်ခါက ဇာခရိ​သည် မိမိ​၏​အဖွဲ့ အလှည့်​ကျ​သဖြင့် ဘုရားသခင်​ရှေ့​တော်​၌​ယဇ်ပုရောဟိတ်​အမှု​ကို​ဆောင်ရွက်​နေစဉ် ယဇ်ပုရောဟိတ်​အဖွဲ့​၏​ဓလေ့​ထုံးစံ​အတိုင်း​မဲချ​ကြ​ရာ ထာဝရ​ဘုရား​၏​ဗိမာန်​တော်​အတွင်း​သို့​ဝင်​၍ နံ့သာပေါင်း​ကို​မီးရှို့​ပူဇော်​ရန် သူ​၌​တာဝန်​ကျ​လေ​၏။ ထိုသို့ နံ့သာပေါင်း​မီးရှို့​ပူဇော်​သည့်​အချိန်​တွင် လူ​အစုအဝေး​အပေါင်း​တို့​သည် အပြင်​၌​ဆုတောင်း​နေ​ကြ​၏။ ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ဇာခရိ​ရှေ့၌​ပေါ်လာ​၍ နံ့သာပေါင်း​မီးရှို့​ပူဇော်​ရာ​ယဇ်ပလ္လင်​၏​လက်ယာ​ဘက်​တွင် ရပ်​လေ​၏။ ဇာခရိ​သည်​မြင်​လျှင် တုန်လှုပ်​ချောက်ချား​၍ ကြောက်ရွံ့​လေ​၏။ ကောင်းကင်တမန်​က “ဇာခရိ၊ ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​၏​ဆုတောင်း​သံ​ကို ဘုရားသခင်​နားညောင်း​တော်မူ​ပြီ။ သင်​၏​ဇနီး​အဲလစ်ဇဘက်​သည် သားယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ယောဟန်​ဟု​မှည့်ခေါ်​ရ​မည်။ သူ​သည် သင့်​အတွက် ဝမ်းမြောက်​စရာ​၊ ရွှင်မြူး​စရာ​ဖြစ်​မည်။ လူ​များစွာ​တို့​သည်​လည်း သူ​၏​ဖွားမြင်​ခြင်း​အတွက် ဝမ်းမြောက်​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ထာဝရ​ဘုရား​ရှေ့​တော်​၌ ကြီးမြတ်​သော​သူ​ဖြစ်လာ​မည်။ စပျစ်​ဝိုင်​နှင့်​သေရည်သေရက်​တို့​ကို​လည်း​မ​သောက်​၊ အမိ​ဝမ်းတွင်း​၌​ရှိ​စဉ်​ကပင် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လိမ့်မည်။ သူ​သည် များစွာ​သော​အစ္စရေး​အမျိုးသား​တို့​ကို မိမိ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ထံ ပြန်လည်​ပို့ဆောင်​၍ အဖ​တို့​၏​စိတ်နှလုံး​တို့​ကို သားသမီး​တို့​ထံသို့​လည်းကောင်း၊ နာခံ​ခြင်း​မ​ရှိ​သော​သူ​တို့​ကို ဖြောင့်မတ်​သော​သူ​တို့​၏​အသိပညာ​ထဲသို့​လည်းကောင်း ပြန်လှည့်​လာ​စေရန်​နှင့် ပြင်ဆင်​ထား​သော​လူမျိုး​တော်​ကို ထာဝရ​ဘုရား​အတွက်​အသင့်​ဖြစ်​စေရန် ဧလိယ​၏​ဝိညာဉ်​နှင့်​တန်ခိုး​တို့​ဖြင့် ကိုယ်တော်​၏​ရှေ့​တော်​မှ ဦးစွာ​သွား​နှင့်​မည်”​ဟု မြွက်ဆို​လေ​၏။ ဇာခရိ​က​လည်း “အကျွန်ုပ်​သည် အိုမင်း​သူ​ဖြစ်​ပြီး အကျွန်ုပ်​၏​ဇနီး​သည်​လည်း အသက်​ကြီးရင့်​နေ​ပါ​သဖြင့် ဤသို့​ဖြစ်​မည်​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း”​ဟု ကောင်းကင်တမန်​အား ပြန်​ပြော​လေ​၏။ ကောင်းကင်တမန်​က​လည်း “ငါ​သည် ဘုရားသခင်​ရှေ့​တော်​၌​ခစား​ရ​သော ဂါဗြေလ​ဖြစ်​၏။ သင့်​ကို​နှုတ်ဆက်​၍ ဤ​ဝမ်းမြောက်​ဖွယ်​သတင်း​ကို​ပြောကြား​ရန် ငါ​သည် သင့်​ထံသို့​စေလွှတ်​ခြင်း​ခံရ​၏။ သင်​သည် မိမိ​အချိန်​ရောက်​လျှင် ပြည့်စုံ​မည့် ငါ​၏​စကား​ကို​မ​ယုံ​သောကြောင့် ဤ​အရာ​များ​ပြည့်စုံ​သည့်​နေ့​တိုင်အောင် စကား​မ​ပြော​နိုင်​ဘဲ ဆွံ့အ​လျက်​နေ​လိမ့်မည်”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။ လူ​တို့​သည် ဇာခရိ​ကို​စောင့်မျှော်​နေ​၍ သူ​သည်​ဗိမာန်​တော်​ထဲ၌​ကြန့်ကြာ​နေ​သည်​ကို အံ့သြ​ကြ​၏။ သို့သော် ဇာခရိ​ပြန်​ထွက်လာ​သောအခါ သူ​တို့​အား​စကား​မ​ပြော​နိုင်​သောကြောင့် သူ​သည် ဗိမာန်​တော်​ထဲ၌ ဗျာဒိတ်​ရူပါရုံ​ကို​မြင်​ရ​ပြီ​ဟု သိရှိ​သွား​ကြ​၏။ ဇာခရိ​သည် သူ​တို့​အား ကိုယ်လက်​အမူအရာ​ကို​သာ​ပြ​၍ ဆွံ့အ​လျက်​နေ​၏။ ထို့နောက် သူ​သည် တာဝန်​ထမ်းဆောင်​ရ​သည့်​နေ့ရက်​များ​ပြီးဆုံး​သွား​သဖြင့် မိမိ​အိမ်​သို့​ပြန်​သွား​လေ​၏။ ထို​နေ့ရက်​များ​နောက်တွင် သူ​၏​ဇနီး​အဲလစ်ဇဘက်​သည် သန္ဓေ​တည်​၍ ငါး​လ​ပတ်လုံး အိမ်​တွင်း​၌​အောင်း​လျက်​နေ​၏။