ဝတ်ပြုရာ 23:15-22
ဝတ်ပြုရာ 23:15-22 Judson Bible (JBMLE)
ချီလွှဲရာပူဇော်သကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။ သတ္တမဥပုသ်နေ့အလွန်နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာအသစ်ကို ဆက်ရကြမည်။ ထာဝရဘုရားအဖို့ အဦးသီးသောအသီး၊ တဆေးဖြင့်ဖောင်းကြွသော မုန့်ညက်နှစ်ဩမဲနှင့်လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှထုတ်ဆောင်ခဲ့၍၊ ထိုမုန့်နှင့်တကွ အခါမလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်၊ နွားသငယ်အထီးတစ်ကောင်၊ ဆိတ်နှစ်ကောင်ကိုဆက်၍၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ ထာဝရဘုရားအားမွှေးကြိုင်ရာဖို့ မီးဖြင့်ပြုသောပူဇော်သကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ မိတ်သဟာယယဇ်ဖို့ အခါလည်သောသိုးသငယ်နှစ်ကောင်ကိုလည်းကောင်း ပူဇော်၍၊ ယဇ်ပုရောဟိတ်သည် အဦးသီးသောအသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သကာပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ်အဖို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။ ထိုနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်ဖြစ်သတည်း။ ကိုယ်မြေ၌ဖြစ်သောစပါးကို ရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင်ကျန်ကြွင်းသောအရာကို ပြန်၍မကောက်မသိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ၊ ဧည့်သည်အာဂန္တုအဖို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
ဝတ်ပြုရာ 23:15-22 Common Language Bible (BCL)
ဥပုသ်နေ့အလွန်နောက်တစ်နေ့ဖြစ်သည့်ထာဝရ ဘုရားအား ကောက်လှိုင်းစည်းကိုဆက်သသည့် နေ့မှအစပြု၍ရက်သတ္တပတ်ခုနစ်ပတ်ရေ တွက်လော့။- သတ္တမဥပုသ်နေ့လွန်သည့်နောက်တစ်နေ့ဖြစ် သောငါးဆယ်မြောက်နေ့၌ ထာဝရဘုရား အားကောက်သစ်ကိုတစ်ဖန်ဆက်သလော့။- မိသားစုတိုင်းကမုန့်နှစ်လုံးကိုယူခဲ့၍ ထာဝရဘုရားအားအထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ယင်းသို့ဆက်သရာ၌ မုန့်တစ်လုံးစီကို တဆေးရောသောမုန့်ညက် လေးပေါင်ဖြင့်ဖုတ်ပြီးလျှင် အဦးဆုံးရ သောကောက်နှံပူဇော်သကာအဖြစ်ထာဝရ ဘုရားအားပူဇော်ရမည်။- သင်တို့အသိုင်းအဝိုင်းသည်အထက်ပါပူဇော် သကာနှင့်အတူ အနာအဆာကင်းသောတစ် နှစ်သားသိုးကလေးခုနစ်ကောင်၊ နွားထီးတစ် ကောင်နှင့်ဆိတ်နှစ်ကောင်တို့ကိုပူဇော်ရမည်။ ထိုယဇ်ကောင်များကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်သည့်အခါ ဘောဇဉ်ပူဇော်သကာ၊ စပျစ် ရည်ပူဇော်သကာတို့ကိုလည်းပူဇော်ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။- ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ် ထီးတစ်ကောင်ကိုလည်းကောင်း၊ မိတ်သဟာယ ယဇ်အဖြစ် တစ်နှစ်သားသိုးကလေးနှစ်ကောင် ကိုလည်းကောင်းပူဇော်ရမည်။- ယဇ်ပုရောဟိတ်သည်မုန့်နှင့်သိုးကလေး နှစ်ကောင်ကို ယဇ်ပုရောဟိတ်များအတွက် ထာဝရဘုရားအား အထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ဤပူဇော်သကာ တို့သည်သန့်ရှင်း၏။- ထိုနေ့၌အသက်မွေးဝမ်းကျောင်းအလုပ် ကိုမလုပ်ဘဲ စုဝေးဝတ်ပြုကိုးကွယ်ရကြ မည်။ သင်တို့၏အဆက်အနွယ်များသည် မည်သည့်အရပ်တွင်နေထိုင်သည်မဆို ဤ ပညတ်ကိုထာဝစဉ်စောင့်ထိန်းရကြမည်။- ကောက်ရိတ်သည့်အခါလယ်ကွက်အနားတစ် လျှောက်ရှိကောက်ပင်များကိုမရိတ်နှင့်၊ ကျန် ကြွင်းသောကောက်နှံများကိုပြန်ကျော့၍မ ရိတ်ရ။ ထိုကောက်ပင်အကျန်အကြွင်းများ ကိုဆင်းရဲသားနှင့်လူမျိုးခြားတို့အတွက် ချန်ထားရမည်။ ထာဝရဘုရားသည် သင်တို့ ၏ဘုရားသခင်ဖြစ်တော်မူ၏။
ဝတ်ပြုရာ 23:15-22 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ချီလွှဲရာပူဇော်သက္ကာဖြစ်သောသီးနှံအစည်းကို သင်တို့ယူဆောင်လာသောနေ့ဖြစ်သည့် ဥပုသ်နေ့၏နောက်တစ်နေ့မှစ၍ မိမိဘာသာမိမိ ဥပုသ်ခုနစ်ပတ်ပြည့်သည်အထိ ရေတွက်ရမည်။ သတ္တမမြောက်ဥပုသ်နေ့၏နောက်တစ်နေ့အထိ ရက်ပေါင်းငါးဆယ်ရေတွက်၍ သီးနှံအသစ်ပူဇော်သက္ကာကို ထာဝရဘုရားအား ပူဇော်ရမည်။ သင်တို့နေအိမ်မှ မုန့်နှစ်လုံးကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။ ထိုမုန့်တို့သည် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကို တဆေးဖြင့်ဖုတ်ထားသောမုန့်ဖြစ်ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ အဦးဆုံးသီးနှံအလှူဖြစ်၏။ ထိုမုန့်နှင့်အတူ အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်၊ နွားထီးပျိုတစ်ကောင်၊ သိုးထီးနှစ်ကောင်၊ ထိုအကောင်တို့နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်တို့ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။ အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်တစ်ကောင်၊ မိတ်သဟာယယဇ်အတွက် တစ်နှစ်သားအရွယ် သိုးသငယ်နှစ်ကောင်ကို ပူဇော်ရမည်။ ယဇ်ပုရောဟိတ်သည် သိုးသငယ်နှစ်ကောင်ကို အဦးဆုံးသီးနှံ၏မုန့်နှင့်အတူ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ ထိုအရာတို့သည် ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်ဟု ထိုနေ့၌ပင် ကြေညာရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ သင်တို့ပြည်တွင် ရိတ်သိမ်းချိန်၌ သီးနှံရိတ်သိမ်းသောအခါ သင့်လယ်၏အစွန်အဖျားကို အကုန်အစင်မရိတ်ရ။ ရိတ်သိမ်းပြီးသောအခါတွင်လည်း ကောက်သင်းမကောက်ရ။ ၎င်းတို့ကို ဆင်းရဲသားနှင့် တိုင်းတစ်ပါးသားတို့အတွက် ထားခဲ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။