ရှင်ယုဒ 1:1-25
ရှင်ယုဒ 1:1-25 Judson Bible (JBMLE)
ယေရှုခရစ်၏ ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မတော်မူသော သူတို့ကို ကြားလိုက်ပါ၏။- သင်တို့၌ ကရုဏာရှိပါစေသော။ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်း များပြားပါစေသော။ ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ ပေးလိုက်ခြင်းငှာ ငါသည် အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရားဘက်မှာ သင်တို့သည် ကြိုးစား၍တိုက်လှန်စေခြင်းငှာ နှိုးဆော်သွေးဆောင်၍ ရေးလိုက်ရသောအကြောင်း ရှိ၏။- အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်းအလိုငှာ မှောက်လှန်လျက်၊ တစ်ပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှာ ရှေးက စီရင်မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။- ထိုကြောင့် သင်တို့သည် သိနှင့်သော်လည်း ငါသည် သတိပေး၍ ပြောချင်သော အကြောင်းအရာဟူမူကား၊ ထာဝရဘုရားသည် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ကယ်လွှတ်တော်မူပြီးလျှင်၊ မယုံကြည်သော သူတို့ကို တစ်ဖန် ဖျက်ဆီးတော်မူ၏။- ထိုမှတစ်ပါး၊ မိမိတို့အခွင့်အရာကို မစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှာ၊ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏။- ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့် မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့် ကျွမ်းလောင်ခြင်းဒဏ်ကို ခံရ၍ ပုံသက်သေထင်ရှားလျက် ရှိကြ၏။ ယခု ယောင်ယမ်းသောအဓမ္မလူတို့သည်၊ ရှေးနည်းတူ မိမိတို့ကိုယ်ကို ညစ်ညူးစေ၍၊ အာဏာစက်ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။- ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူစေသတည်းဟူ၍ သာပြောဆို၏။- ထိုသူတို့မူကား၊ မိမိတို့နားမလည်သော အရာများကို ကဲ့ရဲ့တတ်ကြ၏။ တိရစ္ဆာန်ကဲ့သို့ ပကတိအတိုင်း မိမိတို့နားလည်သော အရာများဖြင့် မိမိတို့ကို ပုပ်ပျက်စေတတ်ကြ၏။- သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကာဣနနောက်သို့ လိုက်ကြ၏။ အခကိုရခြင်းငှာ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွင်းခြင်း ရှိကြ၏။ ကောရ၏ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ ရောက်ကြ၏။- မေတ္တာပွဲလုပ်၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ၊ မိမိတို့ကိုဝစွာကျွေး၍ ပွဲ၌ အစွန်းအကွက်ဖြစ်ကြ၏။ ရေမရှိ၊ လေတိုက်၍လွင့်သော မိုးတိမ်ကဲ့သို့လည်းကောင်း၊ ညှိုးနွမ်း၍ အသီးမတင်၊ နှစ်ကြိမ်သေ၍ နုတ်ပစ်သော သစ်ပင်ကဲ့သို့လည်းကောင်း၊- မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့လည်းကောင်း၊ ကြယ်ပျံကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ ထိုကြယ်ပျံတို့အဖို့ တစ်ခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။ အာဒံမှဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူ ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသော အဓမ္မအမှုရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ပြောသော ကြမ်းတမ်းသော စကားရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း ဖော်ပြခြင်းငှာ၊ အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွ ကြွလာတော်မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။- ထိုသူတို့သည် မြည်တမ်း၍ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသော စကားကို ပြောတတ်သောသူ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သောသူ ဖြစ်ကြ၏။ ချစ်သူတို့၊ နောက်ဆုံးသောကာလ၌၊ မိမိတို့မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊ ပြက်ရယ်ပြုတတ်သော သူတို့သည် ပေါ်ကြလိမ့်မည်ဟု ငါတို့သခင်ယေရှုခရစ်၏ တမန်တော်တို့သည် ဟောပြောနှင့်သော စကားများကို အောက်မေ့ကြလော့။- ထိုသူတို့သည် သင်းခွဲသောသူ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူ ဖြစ်ကြ၏။ ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း ပတ္ထနာပြုလျက်၊- ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍ ထာဝရအသက်အလိုငှာ၊ ငါတို့သခင်ယေရှုခရစ်၏ ကရုဏာတော်ကို မျှော်လင့်၍ နေကြလော့။- ပိုင်းခြား၍သိတတ်သော ဉာဏ်ရှိ၍ အချို့တို့ကို သနားကြလော့။- ကိုယ်ကာယနှင့် ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့တို့ကို မီးထဲမှ ဆယ်နုတ်ကယ်တင်ကြလော့။ ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာလည်းကောင်း တတ်နိုင်တော်မူသော သူတည်းဟူသော၊- ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တစ်ဆူတည်းသောဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ ယခုမှစ၍ ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုးအာနုဘော်နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း။ အာမင်။ ရှင်ယုဒဩဝါဒစာပြီး၏။
ရှင်ယုဒ 1:1-25 Common Language Bible (BCL)
ယေရှုခရစ်၏အစေခံနှင့်ယာကုပ်၏ညီဖြစ် သူ ယုဒထံမှဘုရားသခင်ခေါ်ယူရွေးကောက် တော်မူ၍ ခမည်းတော်ဘုရားသခင်၏မေတ္တာ ၌ခိုလှုံလျက် ယေရှုခရစ်စောင့်ထိန်းတော်မူ သောသူအပေါင်းတို့ထံသို့စာရေးလိုက်သည်။- သင်တို့သည်ကရုဏာတော်၊ ငြိမ်သက်ခြင်း နှင့်မေတ္တာတော်ကိုအပြည့်အဝခံစားရ ကြပါစေသတည်း။ ချစ်ဆွေတို့၊ ငါတို့အားလုံးယုံကြည်လက်ခံ ကြသည့်ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်တို့ထံစာရေးရန်ကြိုးစားခဲ့၏။ သို့ရာ တွင်ကိုယ်တော်၏လူစုအား ဘုရားသခင် အပြီးအပိုင်ပေးအပ်တော်မူသည့်ယုံကြည် ခြင်းကိုကြံ့ကြံ့ခံကာကွယ်ကြရန် သင်တို့ ထံချက်ချင်းပင်စာရေး၍အားပေးတိုက် တွန်းရန်လိုအပ်လာ၏။- အဘယ်ကြောင့်ဆိုသော်တရားမဲ့သူလူ အချို့တို့သည် သင်တို့အထဲသို့အမှတ် မထင်ဝင်ရောက်လျက်ရှိနေကြသောကြောင့် ပင်ဖြစ်၏။ သူတို့သည်ဘုရားမရှိသူများ ဖြစ်၍ ငါတို့ဘုရားသခင်၏ကျေးဇူးတော် ကိုမိမိတို့၏အပျော်အပါးလိုက်စားမှု များအတွက်အလွဲသုံးစားပြုလုပ်ကြ လျက် ငါတို့၏တစ်ပါးတည်းသောအရှင် သခင်ဖြစ်တော်မူသည့်သခင်ယေရှုခရစ် ကိုပစ်ပယ်ကြလေသည်။ ထိုသူတို့ကား ရှေးမဆွကပင်လျှင် အပြစ်ဒဏ်စီရင်ရန် သတ်မှတ်ထားခြင်းခံရကြသူများ ဖြစ်သတည်း။ ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ကယ်ဆယ်ကာအီဂျစ်ပြည်မှ ထုတ်ဆောင်လာတော်မူပြီးနောက် မိမိအား မယုံကြည်မကိုးစားသူတို့ကိုဆုံးပါး ပျက်စီးစေတော်မူကြောင်းကို သင်တို့သိရှိ ကြပြီးဖြစ်သော်လည်းသင်တို့အားငါ ပြန်လည်သတိရစေလို၏။- မိမိတို့ရရှိထားသောအာဏာနှင့်မရောင့် ရဲဘဲ နေရင်းဌာနကိုစွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအကြောင်းကိုလည်း သတိရကြလော့။ ဘုရားသခင်သည်မိမိ တရားစီရင်တော်မူရာနေ့ကြီး၌ သူတို့ အားအပြစ်ဒဏ်ပေးရန်မှောင်မိုက်ရာ အောက်အရပ်တွင်ထာဝရသံကြိုးများ ဖြင့်ချည်နှောင်၍ထားတော်မူ၏။- သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။ ဤဘုရားမဲ့သောသူတို့သည်လည်းထိုသူတို့ နည်းတူပင်ဖြစ်ကြ၏။ သူတို့သည်မိမိတို့ မြင်မက်သောရူပါရုံများကြောင့် မိမိတို့၏ ကိုယ်ခန္ဓာများကိုညစ်ညမ်းစေကြ၏။ ဘုရား သခင်၏အာဏာကိုမထီလေးစားပြုလျက် အထက်အရပ်မှဘုန်းအသရေရှင်တို့ကို စော်ကားကြ၏။- ကောင်းကင်တမန်မင်းမိက္ခေလပင်လျှင်ဤ အမှုမျိုးကိုမပြုချေ။ မောရှေ၏ကိုယ်ခန္ဓာ ကို အဘယ်သူယူသင့်သည်ဟူသောအချက် နှင့်ပတ်သက်၍ နတ်မိစ္ဆာကြီးနှင့်အငြင်းပွား ရာတွင် သူသည်နတ်မိစ္ဆာကြီးအားပြစ်တင် ရှုတ်ချမှုကိုမပြုဝံ့ဘဲ ``သင့်အားထာဝရ ဘုရားဆုံးမတော်မူပါစေ'' ဟူ၍သာ ပြောဆိုလေသည်။- သို့ရာတွင်ဤသူတို့သည်ကား မိမိတို့ မသိနားမလည်သည့်အရာဟူသမျှကို ပြစ်တင်ရှုတ်ချတတ်ကြ၏။ တောတိရစ္ဆာန် များနည်းတူ မိမိတို့၏ပင်ကိုယ်ဇာတိစိတ် အားဖြင့်သိရှိနားလည်ရသည့်အရာများ ကလည်း သူတို့အားဆုံးရှုံးပျက်စီးစေ တတ်ကြ၏။- သူတို့သည်အမင်္ဂလာရှိပါသည်တကား။ သူ တို့သည်ကာဣန၏လမ်းစဉ်ကိုလိုက်ကြလေ ကုန်ပြီ။ ငွေကိုစုံမက်သဖြင့်ဗာလမ်၏အမှား မျိုးကိုပြုကြလေကုန်ပြီ။ ကောရကဲ့သို့ တော်လှန်ပုန်ကန်ကြသဖြင့် ဆုံးရှုံးပျက်စီး ကြကုန်၏။- သူတို့သည်အရှက်အကြောက်ကင်းမဲ့စွာ ပျော်ရွှင်သောက်စားလျက် သင်တို့၏မိတ်သဟာ ယပွဲများတွင်သင်တို့၏ဂုဏ်သိက္ခာကိုညစ် စွန်းစေကြ၏။ ထိုသူတို့ကားကိုယ်ကျိုးကို သာကြည့်တတ်သူများတည်း။ သူတို့သည် မိုးရေမပါဘဲ လေတိုက်ရာသို့လွင့်ပါသွား တတ်သောမိုးတိမ်နှင့်လည်းကောင်း၊ ဆောင်း ဦးကာလတွင်အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ထားသည့်နှစ်ပြန်သေသစ်ပင်နှင့် လည်းကောင်းတူကြ၏။- ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။ အာဒံမှဆင်းသက်၍သတ္တမဆက်မြောက် သောသူဧနောက်က ဤသူတို့အကြောင်းနှင့် ပတ်သက်၍``ဘုရားသခင်သည်အတိုင်းမသိ များစွာသော မိမိ၏မြင့်မြတ်သန့်ရှင်းသော ကောင်းကင်တမန်များနှင့်ကြွလာ၍၊- တစ်ကမ္ဘာလုံးကိုတရားစီရင်တော်မူလိမ့် မည်။ လူအပေါင်းတို့အား မိမိတို့၏ဆိုးသွမ်း ယုတ်မာမှုများအတွက်လည်းကောင်း၊ ဘုရား မဲ့အပြစ်သားတို့ဘုရားသခင်အား ရိုင်းပြ စွာပြစ်မှားပြောဆိုကြသည့်စကားများ အတွက်လည်းကောင်း အပြစ်ဒဏ်စီရင်တော် မူလိမ့်မည်'' ဟုရှေးမဆွကပင်လျှင်ကြို တင်ဟောပြောခဲ့လေသည်။- ဤလူစုသည်အစဉ်ညည်းညူလျက်သူတစ် ပါးအား အပြစ်တင်လျက်သာနေတတ်ကြ၏။ မိမိတို့၏ဆိုးညစ်သည့်လိုအင်ဆန္ဒကိုလိုက် ၍ပြုကျင့်တတ်ကြ၏။ မိမိတို့အကြောင်း ကိုကြွားဝါတတ်ကြ၏။ ကိုယ်ကျိုးအတွက် သူတစ်ပါးတို့အား မြှောက်ပင့်ပြောဆိုတတ် ကြ၏။ သို့ရာတွင်ချစ်ဆွေတို့၊ ငါတို့အရှင်သခင် ယေရှုခရစ်၏တမန်တော်များက၊- ``အဆုံးစွန်သောကာလ၌သင်တို့ကိုပြောင် လှောင်သူများ၊ မိမိတို့လိုအင်ဆန္ဒရှိသည့် အတိုင်း ဘုရားမဲ့ပြုမူကျင့်ကြံသူများ ပေါ်ပေါက်လာလိမ့်မည်'' ဟုယခင်ကသင် တို့အားပြောကြားခဲ့သည့်စကားကို သတိရကြလော့။- ထိုသူတို့သည်အသင်းတော်တွင်စိတ်ဝမ်း ကွဲပြားစေသူများ မိမိတို့နဂိုဇာတိစိတ် အလိုသို့လိုက်သူများ၊ ဝိညာဉ်တော်ကို မရသူများဖြစ်ကြ၏။- သို့ရာတွင်ချစ်ဆွေတို့၊ သင်တို့သည်မိမိတို့ ၏အလွန်သန့်ရှင်းမြင့်မြတ်သည့်ယုံကြည်ခြင်း အပေါ်အခြေပြု၍ မိမိတို့ကိုယ်ကိုကြီးပွား စေကြလော့၊ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ကိုအမှီပြု၍ဆုတောင်းပတ္ထနာ ပြုကြလော့။- ဘုရားသခင်၏မေတ္တာတော်တွင်ခိုလှုံကြ လော့။ အရှင်သခင်ယေရှုခရစ်သည်မိမိ၏ ကရုဏာတော်ကိုထောက်၍ သင်တို့အား ထာဝရအသက်ကိုပေးတော်မူမည့်နေ့ရက် ကိုစောင့်မျှော်၍နေကြလော့။ ယုံမှားသံသယဖြစ်သူတို့အားကရုဏာ ထားကြလော့။ အချို့သောသူတို့ကိုမီးထဲ မှကယ်ဆယ်ကြလော့။ အချို့သောသူတို့အား ကြောက်စိတ်ဖြင့်သနားကရုဏာပြကြ လော့။ ကာမဂုဏ်အညစ်အကြေးဖြင့် စွန်း ကွက်နေသည့်သူတို့၏အဝတ်အစားကို မူကားစက်ဆုပ်ရွံရှာကြလော့။ သင်တို့မပြိုမလဲကြစေရန် စောင့်ရှောက်တော် မူနိုင်၍၊ သင်တို့အားအပြစ်ကင်းစင်စေလျက် ရွှင်လန်းဝမ်းမြောက်စွာ ဘုန်းအသရေထွန်း တောက်ရာရှေ့တော်မှောက်သို့ ဝင်ရောက်ခွင့်ကို ပေးတော်မူနိုင်သော၊- အရှင်သခင်ယေရှုခရစ်အားဖြင့် ငါတို့ အားကယ်တင်တော်မူသော၊ တစ်ဆူတည်း သောဘုရားသခင်သည် ရှေးကပ်ကာလမှ စ၍ယခုကာလနှင့်နောက်ကမ္ဘာအဆက် ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော် တော်၊ အစွမ်းသတ္တိအာဏာစက်ရှိတော် မူစေသတည်း။ အာမင်။ ရှင်ယုဒသြဝါဒစာပြီး၏။
ရှင်ယုဒ 1:1-25 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုခရစ်တော်၏အစေအပါး၊ ယာကုပ်၏ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုခံစားရ၍ ယေရှုခရစ်တော်၏စောင့်ရှောက်မှုအောက်၌ရှိသော ခေါ်ယူတော်မူခြင်းခံရသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကရုဏာတော်၊ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်းမေတ္တာသည် သင်တို့၌ တိုးပွားပါစေသော။ ချစ်ရသောသူတို့၊ ငါတို့အားလုံးနှင့်ဆိုင်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံရေးသားပေးပို့ရန် အလွန်ကြိုးစားလျက်နေစဉ်မှာပင် သန့်ရှင်းသူတို့ထံ တစ်ကြိမ်တည်းနှင့်အပြီးပေးအပ်တော်မူသောယုံကြည်ခြင်းအတွက် ကြိုးစားတိုက်ခိုက်ကြမည့်အကြောင်း သင်တို့အား စာရေး၍တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါတွေ့ရ၏။ အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲစေ၍ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသော ငါတို့၏သခင်ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည့် ဘုရားတရားမဲ့သောသူအချို့တို့သည် တိတ်တခိုးဝင်ရောက်လာကြ၏။ သူတို့သည် ဤပြစ်ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ရှေးယခင်ကပင် ရေးထားလေပြီ။ သင်တို့သည် ဤအရာအားလုံးကိုသိကြပြီဖြစ်သော်လည်း သင်တို့ကို ငါသတိပေးနှိုးဆော်လိုသည်မှာ ထာဝရဘုရားသည် လူမျိုးတော်ကို အီဂျစ်ပြည်မှ အပြီးအပိုင်ကယ်လွှတ်တော်မူပြီးနောက် မယုံကြည်သောသူတို့ကို တစ်ဖန်ဖျက်ဆီးတော်မူ၏။ ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။ ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။ ထိုနည်းတူ ဤအိပ်မက်မြင်မက်တတ်သောသူတို့သည်လည်း ကိုယ်ကာယကိုညစ်ညူးစေလျက် အုပ်စိုးခြင်းကိုဝန်မခံဘဲ ဘုန်းအသရေရှိသောသူကို စော်ကားပြောဆိုတတ်ကြ၏။ ကောင်းကင်တမန်မင်းမိက္ခေလပင် မာရ်နတ်နှင့်ငြင်းခုံလျက် မောရှေ၏ကိုယ်ခန္ဓာနှင့်ပတ်သက်၍ အချေအတင်ပြောဆိုကြသောအခါ ရှုတ်ချပြစ်တင်သည့်စီရင်ခြင်းကိုမပြုဝံ့ဘဲ “ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေ”ဟူ၍သာ ပြောဆိုခဲ့၏။ သူတို့မူကား မိမိတို့မသိသောအရာများကို စော်ကားပြောဆိုကြလျက် ဆင်ခြင်ဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ ပင်ကိုသဘာဝအရသိထားသည့်အရာများ၌ပင် ပျက်စီးခြင်းသို့ရောက်တတ်ကြ၏။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကာဣန၏လမ်းစဉ်ကိုလိုက်၍ အခကြေးငွေအတွက် ဗာလမ်၏မှားယွင်းခြင်းထဲသို့ကျရောက်သွားကာ ကောရ၏ဆန့်ကျင်မှုမျိုး၌ ပျက်စီးဆုံးရှုံးကြ၏။ သူတို့သည် သင်တို့နှင့်အတူစားသောက်သောအခါ ရှက်ကြောက်ခြင်းမရှိဘဲ မိမိတို့အတွက်သာ ဂရုစိုက်လျက် သင်တို့၏မေတ္တာပွဲ၌ အစွန်းအထင်းများဖြစ်ကြ၏။ သူတို့သည် လေ၌လွင့်ပါသွားသော မိုးရေမပါသည့်မိုးတိမ်များ၊ အမြစ်ပါမကျန်ဆွဲနုတ်ခံရ၍ နှစ်ကြိမ်သေသည့် အသီးမသီးသော ဆောင်းဦးကာလသစ်ပင်များ၊ မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။ အာဒံမှ ခုနစ်ဆက်မြောက်သောမျိုးဆက်ဖြစ်သည့် ဧနောက်သည်လည်း သူတို့နှင့်ပတ်သက်၍ ပရောဖက်ပြုဟောပြောလျက် “ကြည့်ရှုလော့။ ထာဝရဘုရားသည် အတိုင်းမသိများစွာသော မိမိ၏သန့်ရှင်းသူတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။ ဤသည်ကား လူအပေါင်းတို့ကိုတရားစီရင်ရန်နှင့် ဘုရားတရားမဲ့စွာဖြင့်ပြုခဲ့သောသူတို့၏ဘုရားတရားမဲ့ခြင်းအမှုအလုံးစုံအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကိုဆန့်ကျင်ပြောဆိုသည့် ပြင်းထန်သောစကားအလုံးစုံအတွက်လည်းကောင်း သူတို့အားလုံး၏အပြစ်ကိုဖော်ပြရန်ဖြစ်၏”ဟု ဆိုထား၏။ သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။ ချစ်ရသောသူတို့၊ သင်တို့မူကား ငါတို့သခင်ယေရှုခရစ်တော်၏တမန်တော်များ ကြိုတင်ပြောထားခဲ့သောစကားတို့ကို သတိရကြလော့။ သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့ခြင်းနှင့်ဆိုင်သော တပ်မက်ခြင်းများအတိုင်းလျှောက်လှမ်းသည့် ပြက်ရယ်ပြုတတ်သောသူများ ပေါ်လာကြလိမ့်မည်”ဟု သင်တို့အား ပြောထားခဲ့ကြ၏။ ထိုသူတို့သည် ကွဲပြားမှုကိုဖြစ်စေသောသူ၊ ဇာတိနှင့်ဆိုင်သောသူ၊ ဝိညာဉ်တော်ကိုမရသောသူများဖြစ်ကြ၏။ ချစ်ရသောသူတို့၊ သင်တို့မူကား မိမိတို့၏အလွန်သန့်ရှင်းသောယုံကြည်ခြင်းအပေါ်၌ မိမိတို့ကိုယ်ကိုတည်ဆောက်လျက် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်းကြလော့။ ဘုရားသခင်၏မေတ္တာတော်၌ မိမိကိုယ်ကိုစောင့်ထိန်း၍ ထာဝရအသက်သို့ပို့ဆောင်သည့် ငါတို့သခင်ယေရှုခရစ်တော်၏ကရုဏာတော်ကို စောင့်မျှော်ကြလော့။ သံသယရှိသောသူတို့အပေါ်ကရုဏာထားကြလော့။ အချို့သောသူတို့ကို မီးထဲမှဆွဲထုတ်ကယ်တင်ကြလော့။ အချို့တို့ကိုမူ သူတို့၏သွေးသားဇာတိဖြင့်ညစ်ညူးစွန်းထင်းနေသောအင်္ကျီကိုပင် ရွံမုန်းလျက် ကြောက်ရွံ့သောစိတ်နှင့်တကွ သူတို့ကိုကရုဏာထားကြလော့။ သင်တို့အား မှားယွင်းခြင်းနှင့်ကင်းစေရန် စောင့်ရှောက်နိုင်စွမ်းရှိတော်မူ၍ သင်တို့ကို အပြစ်အနာအဆာကင်းလျက် ရွှင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော်ရှေ့၌ရပ်စေနိုင်သော ငါတို့၏ကယ်တင်ရှင်၊ တစ်ဆူတည်းသောဘုရားသခင်၌ ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်တော်၊ တန်ခိုးအရှိန်အဝါနှင့် အာဏာစက်တို့သည် ယခင်ကာလအစဉ်အဆက်၊ ယခုကာလနှင့် နောင်လာမည့်ကာလအစဉ်အဆက်ရှိတော်မူပါစေသော။ အာမင်။