ယောရှု 7:1-26
ယောရှု 7:1-26 Judson Bible (JBMLE)
သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကိုသိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့သည် ပြစ်မှားသောအပြစ်ရှိသောကြောင့်၊ ထာဝရဘုရားသည် သူတို့၌ အမျက်ထွက်တော်မူ၏။ ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကိုစေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့အနားမှာရှိသော အာဣမြို့သို့သွား၍ ထိုပြည်ကို ကြည့်ရှုကြလော့ဟု မှာထားသည်အတိုင်း သူတို့သည်သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်၊ ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အစင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက်သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည်မများပါဟု လျှောက်သည်နှင့်အညီ၊ လူသုံးထောင်ခန့်မျှ ချီသွား၍ အာဣမြို့သားတို့ရှေ့မှာ ပြေးရကြ၏။ အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက်ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိမ်အရပ်တိုင်အောင်လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံကြသောကြောင့်၊ လူများတို့၏စိတ်နှလုံးသည် အရည်ကျို၍ ရေကဲ့သို့ဖြစ်လေ၏။ ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်းပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ ညဉ့်ဦးတိုင်အောင် ဝပ်လျက်နေကြ၏။ ယောရှုကလည်း၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့အပ်၍ ဖျက်ဆီးစေခြင်းငှာ ယော်ဒန်မြစ်တစ်ဖက်သို့ အဘယ်ကြောင့်ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။ အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ်သည် အဘယ်သို့ ပြောရပါမည်နည်း။ ခါနနိလူ အစရှိသော ဤပြည်သူပြည်သားအပေါင်းတို့သည် ထိုသတင်းကိုကြားလျှင်၊ အကျွန်ုပ်တို့ကိုဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါလိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သော နာမတော်အဖို့အလိုငှာ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။ ထာဝရဘုရားကလည်း၊ ထလော့။ အဘယ်ကြောင့် ဝပ်၍နေသနည်း။ ဣသရေလအမျိုးသည် ပြစ်မှားပြီ။ ငါမှာထားသော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သောအရာကို ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာထားလေပြီ။ ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ်သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကိုလှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲက မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။ ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန်နေ့အဖို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သောအရာသည် သင်တို့အထဲ၌ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။ နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အလိုက်ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူသောအဆွေအမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရားမှတ်တော်မူသောအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရဘုရားမှတ်တော်မူသောအိမ်ထောင်သည် လူအသီးအသီးချဉ်းကပ်ရကြမည်။ ကျိန်အပ်သောအရာပါလျက် မှတ်တော်မူသောသူမှစ၍၊ သူ၌ရှိသမျှတို့ကို မီးရှို့ရကြမည်။ အကြောင်းမူကား၊ သူသည် ထာဝရဘုရား၏ပဋိညာဉ်တရားကိုဖျက်၍ ဣသရေလအမျိုး၌ အဓမ္မအမှုကိုပြုလေပြီဟု ယောရှုအား မိန့်တော်မူ၏။ နံနက်စောစော ယောရှုသည်ထ၍ ဣသရေလလူတို့ကို အမျိုးအနွယ်အလိုက် ဆောင်ခဲ့သဖြင့် ယုဒအမျိုးကို မှတ်တော်မူ၏။ ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိအဆွေအမျိုးကို မှတ်တော်မူ၏။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ၏။ ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သောအာခန်ကို မှတ်တော်မူ၏။ ယောရှုကလည်း၊ ငါ့သား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဖော်ပြတောင်းပန်ပါလော့။ သင်ပြုမိသောအမှုကို ငါ့အားပြောပါလော့။ ဝှက်၍မထားပါနှင့်ဟု အာခန်အားဆိုလျှင်၊ အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှုဟူမူကား၊ လုယူသောဥစ္စာတို့တွင် မြတ်သောဗာဗုလုန်ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန်တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော်တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည်အောက်ဆုံးရှိပါသည်ဟု ယောရှုအား ပြန်လျှောက်လေ၏။ ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ပြေး၍ ထိုဥစ္စာသည် တဲအတွင်းမြေ၌မြှုပ်လျက်၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော်၊ တဲထဲကထုတ်၍ ယောရှုထံ ဣသရေလအမျိုးသားများရှေ့သို့ ဆောင်သွားသဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ထားကြ၏။ ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဇေရသားအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ဆောင်သွားပြီးမှ၊ ယောရှုက၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ယှက်သနည်း။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ယှက်တော်မူမည်ဟုဆိုသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကျောက်ခဲနှင့်ပစ်ကြ၏။ ကျောက်ခဲနှင့် ပစ်ကြပြီးမှ၊ မီးရှို့ကြ၏။ သူ့အပေါ်၌ များစွာသောကျောက်တို့ကို ပုံထားကြ၍ ယနေ့တိုင်အောင်ရှိ၏။ ထာဝရဘုရားသည်လည်း အမျက်တော်အရှိန်ကို ငြိမ်းစေတော်မူ၏။ ထိုအမှုကိုအစွဲပြု၍ ထိုချိုင့်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဟု ခေါ်ဝေါ်ကြသတည်း။
ယောရှု 7:1-26 Common Language Bible (BCL)
ဣသရေလအမျိုးသားတို့သည်ဖျက်ဆီးရ မည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှမယူရဟူ သော ထာဝရဘုရား၏တားမြစ်ချက်ကို အာခန်ဆိုသူသည်မနာခံသဖြင့် ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ အားပြင်းစွာသောအမျက်တော်ထွက်တော် မူ၏။ (အာခန်သည်ယုဒအနွယ်ဝင်ဇေရ မိသားစုထဲမှဇာဗဒိ၏မြေး၊ ကာမိ၏ သားဖြစ်သည်။) ယောရှုသည်ဗေသလမြို့အရှေ့ဘက်၊ ဗေသ ဝင်မြို့အနီးတွင်တည်ရှိသောအာဣမြို့ အခြေအနေကိုထောက်လှမ်းရန် လူအချို့ တို့ကိုယေရိခေါမြို့မှစေလွှတ်လိုက်လေ သည်။- သူတို့သည်ယင်းသို့ထောက်လှမ်းပြီးနောက် ယောရှုထံသို့ပြန်လာပြီးလျှင်``အာဣမြို့ ကိုအကျွန်ုပ်တို့အားလုံးချီတက်တိုက်ခိုက် ရန်မလိုပါ။ လူနှစ်ထောင်သုံးထောင်ခန့်စေ လွှတ်လျှင်လုံလောက်ပါ၏။ စစ်တပ်တစ်တပ် လုံးစေလွှတ်ရန်မလိုအပ်ပါ။ ထိုမြို့သည် မြို့ကြီးမဟုတ်ပါ'' ဟူ၍ပြန်ကြားကြ လေသည်။- ထို့ကြောင့်ဣသရေလအမျိုးသားသုံးထောင် ခန့်သည် မြို့ကိုချီတက်တိုက်ခိုက်ကြ၏။ သို့ ရာတွင်စစ်ရေးနိမ့်သဖြင့်ဆုတ်ခွာခဲ့ရ လေသည်။- အာဣမြို့သားတို့သည်မြို့တံခါးမှကျောက် ကျင်းများရှိရာအရပ်သို့တိုင်အောင် ဣသ ရေလအမျိုးသားတို့နောက်သို့လိုက်၍တိုက် ခိုက်ကြရာတောင်ကုန်းအဆင်း၌ ဣသရေလ အမျိုးသားသုံးဆယ့်ခြောက်ယောက်ခန့်ကို သတ်ဖြတ်လိုက်ကြလေသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အလွန် စိတ်ပျက်အားလျော့ကြကုန်၏။ ယောရှုနှင့်ဣသရေလအမျိုးသားခေါင်း ဆောင်တို့သည်ဝမ်းနည်းစိတ်ပျက်လျက် မိမိ တို့၏အဝတ်များကိုဆုတ်ဖြဲ၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ဝမ်း နည်းသည့်အနေဖြင့် မိမိတို့၏ဦးခေါင်း ပေါ်မှာမြေမှုန့်တင်လျက်ညဦးတိုင်အောင် ပျပ်ဝပ်လျက်နေကြ၏။- ယောရှုက``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ် တို့ကိုအဘယ်ကြောင့်ယော်ဒန်မြစ်ကိုဖြတ် ကူးစေတော်မူပါသနည်း။ အာမောရိအမျိုး သားတို့လက်သို့အပ်ရန်လော။ သေကြေပျက်စီး စေရန်လော။ အကျွန်ုပ်တို့သည်ယော်ဒန်မြစ်တစ် ဘက်ကမ်း၌သာနေထိုင်ခဲ့လျှင်ကောင်းပါ မည်။- အို ထာဝရဘုရား၊ ဣသရေလအမျိုး သားတို့သည်ရန်သူများထံမှနောက်သို့ ဆုတ်ပြေးလာရပြီဖြစ်ခြင်းကြောင့် အကျွန်ုပ် သည်မည်သို့ပြောရပါမည်နည်း။- ခါနာန်အမျိုးသားမှစ၍ဤပြည်ရှိလူ အပေါင်းတို့သည် ထိုသတင်းကိုကြားသဖြင့် အကျွန်ုပ်တို့ကိုဝိုင်း၍ တစ်ယောက်မျှမကျန် အောင်သတ်ဖြတ်ကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို လူတို့ အထင်မသေးကြစေခြင်းငှာမည်သို့ ပြုတော်မူပါမည်နည်း'' ဟုလျှောက်ထား လေ၏။ ထာဝရဘုရားသည်ယောရှုအား``ထလော့။ အဘယ်ကြောင့်မြေပေါ်တွင်ပျပ်ဝပ်၍နေ သနည်း။- ဣသရေလအမျိုးသားတို့သည်အပြစ် ကူးလွန်ခဲ့ကြပြီ။ သူတို့သည်ငါပေးသော အမိန့်ကိုမလိုက်နာကြ။ သူတို့သည်ဖျက် ဆီးပစ်ရမည့်ပစ္စည်းအချို့ကိုသိမ်းယူထား ကြပြီ။ ထိုပစ္စည်းများကိုခိုးယူ၍မုသား ပြောဆိုလျက်မိမိတို့၏ပစ္စည်းများနှင့် ရောနှောထားကြပြီ။- ထိုကြောင့်ဣသရေလအမျိုးသားတို့သည် ရန်သူများကိုယှဉ်ပြိုင်၍မတိုက်နိုင်ကြ။ သူ တို့ကိုယ်တိုင်ဖျက်ဆီးခြင်းခံရမည့်သူများ ဖြစ်၍ ရန်သူများထံမှဆုတ်ခွာခဲ့ရကြ၏။ သင်တို့ကိုမယူရဟုငါပညတ်သော်လည်း သင်တို့ယူထားသောပစ္စည်းများကိုဖျက်ဆီး မပစ်လျှင် ငါသည်သင်တို့နှင့်အတူရှိတော် မူမည်မဟုတ်။- ထလော့၊ လူတို့ကိုသန့်စင်ခြင်းဝတ်ပြုစေ ပြီးလျှင် နက်ဖြန်နေ့၌ငါ၏ရှေ့တော်သို့ ဝင်ရန်အသင့်ရှိကြစေ။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြား လော့။ `ဣသရေလအမျိုးသားအပေါင်း တို့၊ ဖျက်ဆီးပစ်ရမည်ဟုငါပညတ်ထား သောပစ္စည်းအချို့သင်တို့တွင်ရှိ၏။ ထိုပစ္စည်း များကိုသင်တို့မဖျက်ဆီးသမျှကာလ ပတ်လုံးသင်တို့သည်ရန်သူများကိုမခံ မရပ်နိုင်။- သို့ဖြစ်၍နက်ဖြန်နေ့နံနက်၌သင်တို့သည် အနွယ်အလိုက်ထွက်လာကြရမည်။ မဲကျ သောအနွယ်သည်သားချင်းစုအလိုက်ရှေ့ သို့ထွက်လာရမည်။ မဲကျသောမိသားစု သည်တစ်ဦးချင်းရှေ့သို့ထွက်လာရမည်။- ထိုနောက်ဖျက်ဆီးရမည့်ပစ္စည်းခိုးသူဟု မဲကျသူသည် ငါ၏ပဋိညာဉ်ကိုချိုးဖျက် ၍ဣသရေလအမျိုးသားတို့အား အရှက် တကွဲအကျိုးနည်းဖြစ်စေသောကြောင့်သူ နှင့်တကွသူ၏မိသားစုကိုလည်းကောင်း၊ သူပိုင်သမျှသောပစ္စည်းများကိုလည်းကောင်း မီးရှို့ဖျက်ဆီးပစ်ရမည်' '' ဟုမိန့်ကြား တော်မူ၏။ နောက်တစ်နေ့နံနက်စောစောတွင်ယောရှုသည် ဣသရေလအမျိုးသားတို့အား အနွယ် အလိုက်ရှေ့တော်သို့ထွက်စေရာယုဒ အနွယ်မဲကျလေ၏။- ယုဒအနွယ်မှသားချင်းစုတို့ရှေ့တော်သို့ ထွက်လာသောအခါ ဇေရသားချင်းစုမဲကျ လေ၏။ ဇေရသားချင်းစုမှမိသားစုများ ရှေ့တော်သို့ထွက်စေရာဇာဗဒိမိသားစုကို မဲကျလေ၏။- ဇာဗဒိ၏မိသားစုမှတစ်ဦးချင်းရှေ့တော် သို့ထွက်လာစေသည့်အခါ အာခန်ဆိုသူ မဲကျလေ၏။ သူသည်ကာမိ၏သား၊ ဇာဗဒိ ၏မြေးဖြစ်သည်။- ယောရှုကသူ့အား``ငါ့သား၊ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားရှေ့တော်တွင်မှန်ရာကိုပြော၍ဝန်ခံ လော့။ သင်ပြုခဲ့သည့်အမှုကိုမထိမ်မချန် ဘဲငါ့အားထုတ်ဖော်ပြောကြားလော့'' ဟု ဆိုလေ၏။ ထိုအခါအာခန်က``အကျွန်ုပ်သည်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားမိခဲ့ကြောင်းဝန်ခံပါ သည်။- အကျွန်ုပ်တို့သိမ်းယူခဲ့သောပစ္စည်းများထဲ တွင်လှပသောဗာဗုလုန်ဝတ်ရုံ၊ ငွေချိန်ငါး ပေါင်ခန့်နှင့်အချိန်တစ်ပေါင်ကျော်ခန့်ရှိ သောရွှေချောင်းကိုတွေ့ရ၍ လိုချင်မက်မော လှသဖြင့်ယူမိပါသည်။ အကျွန်ုပ်၏တဲထဲ တွင်ငွေကိုအောက်ဆုံး၌ထား၍မြှုပ်ထား ပါသည်'' ဟုယောရှုအားလျှောက်ထားလေ၏။ ထိုအခါယောရှုသည်လူအချို့ကိုစေခိုင်း သဖြင့် သူတို့သည်အာခန်၏တဲသို့ပြေးသွား ကြ၏။ တဲအတွင်း၌အာခန်ထုတ်ဖော်ပြောပြ သည့်အတိုင်းဖျက်ဆီးရမည့်ပစ္စည်းများကို တွေ့ရကြလေသည်။- သူတို့သည်ထိုပစ္စည်းများကိုယောရှုနှင့်ဣသ ရေလအမျိုးသားအပေါင်းတို့ထံသို့ယူဆောင် ခဲ့၍ ထာဝရဘုရား၏ရှေ့တော်တွင်ချထား ကြသည်။- ယောရှုနှင့်ဣသရေလအမျိုးသားအပေါင်း တို့သည်အာခန်နှင့်တကွငွေ၊ ဝတ်ရုံနှင့်ရွှေ ချောင်းကိုလည်းကောင်း၊ သူ၏သားသမီးများ၊ သိုး၊ နွား၊ မြည်း၊ တဲနှင့်သူပိုင်ပစ္စည်းရှိသမျှ တို့ကိုလည်းကောင်းဒုက္ခချိုင့်ဝှမ်းသို့ခေါ် ဆောင်သွားကြလေသည်။- ယောရှုကအာခန်အား``သင်သည်အဘယ် ကြောင့်ငါတို့အားဒုက္ခရောက်စေသနည်း။ ယခုထာဝရဘုရားသည်သင့်အားဒုက္ခ ရောက်စေတော်မူမည်'' ဟုဆိုလေ၏။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် အာခန်ကိုကျောက်ခဲဖြင့်ပစ်၍သတ်ကြ၏။ သူ၏မိသားစုကိုလည်းကျောက်ခဲဖြင့်ပစ် ၍သတ်ပြီးလျှင် သူ၏ပစ္စည်းများနှင့်အတူ မီးရှို့လိုက်ကြ၏။- သူ၏အလောင်းပေါ်တွင်ကျောက်ခဲပုံကြီး ကိုပုံထားကြ၏။ ထိုကျောက်ပုံကြီးကို ယနေ့တိုင်အောင်တွေ့မြင်နိုင်သည်။ ထိုအဖြစ် အပျက်ကိုအစွဲပြု၍ထိုအရပ်ကို`ဒုက္ခ ချိုင့်ဝှမ်း' ဟုယနေ့တိုင်ခေါ်တွင်ကြသည်။ ထိုအခါထာဝရဘုရားသည်အမျက် တော်ပြေလေ၏။
ယောရှု 7:1-26 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အစ္စရေးလူမျိုးတို့ကို အပြစ်ကျူးလွန်ရာရောက်စေ၏။ သို့ဖြစ်၍ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အမျက်ထွက်တော်မူ၏။ ယောရှုသည် ဂျေရိခေါမြို့မှ ဗေသလမြို့အရှေ့ဘက်၊ ဗေသဝင်မြို့အနီးရှိ အာဣမြို့သို့ လူလွှတ်၍ “ထိုအရပ်သို့သွားပြီး စူးစမ်းကြလော့”ဟု မှာလိုက်လေ၏။ သူတို့သည်လည်း သွား၍ အာဣမြို့ကို စူးစမ်းကြ၏။ ထိုသူတို့သည် ယောရှုထံပြန်လာ၍ “အာဣမြို့သို့ လူအားလုံး ချီတက်သွားရန်မလိုပါ။ လူနှစ်ထောင်၊ သုံးထောင်ခန့်ဖြင့်တိုက်လျှင် အောင်နိုင်ပါသည်။ လူအားလုံးကို မပင်ပန်းစေပါနှင့်။ ထိုမြို့သားတို့သည် လူနည်းစုသာဖြစ်ပါသည်”ဟု ဆိုကြ၏။ ထို့ကြောင့် လူများထဲမှ သုံးထောင်ခန့်သာ ထိုအရပ်ကို သွားတိုက်ကြ၏။ သို့ရာတွင် သူတို့သည် အာဣမြို့သားတို့ထံမှ ထွက်ပြေးကြရ၏။ အာဣမြို့သားတို့သည် မြို့တံခါးမှ ရှေဗရိမ်အရပ်အထိ သူတို့နောက်သို့လိုက်၍ တောင်စောင်း၌ လူသုံးဆယ့်ခြောက်ယောက်ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ ထို့ကြောင့် လူတို့သည် စိတ်ပျက်အားလျော့ကုန်လေ၏။ ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တကွ နေဝင်ချိန်တိုင်အောင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ မြေပေါ်မှာပျပ်ဝပ်လျက်၊ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်လျက်နေကြ၏။ ယောရှုက “အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးတို့အား ဂျော်ဒန်မြစ်ကိုဖြတ်ကူးစေပြီး အာမောရိလူမျိုးတို့လက်သို့အပ်၍ ဖျက်ဆီးစေရန် အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ အကျွန်ုပ်တို့သည် ဂျော်ဒန်မြစ်တစ်ဖက်၌ နေခဲ့သင့်၏။ အို အကျွန်ုပ်ဘုရားရှင်၊ အစ္စရေးလူမျိုးတို့သည် ရန်သူတို့ရှေ့မှ လှည့်ပြေးခဲ့ရပြီဖြစ်၍ အကျွန်ုပ် မည်သို့လျှောက်ဆိုနိုင်ဦးမည်နည်း။ ခါနာန်လူမျိုးနှင့် ခါနာန်ပြည်သားအပေါင်းတို့ကြားလျှင် သူတို့သည် အကျွန်ုပ်တို့ကိုဝိုင်းရံထားပြီး အကျွန်ုပ်တို့၏အမည်ကို မြေကြီးပေါ်မှပယ်ဖျက်ကြပါလိမ့်မည်။ ကိုယ်တော်၏ကြီးမြတ်သောနာမတော်အဖို့ မည်သို့ပြုတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။ ထိုအခါ ထာဝရဘုရားက ယောရှုအား “ထလော့။ အဘယ်ကြောင့် ဤသို့ပျပ်ဝပ်လျက်နေရသနည်း။ အစ္စရေးလူမျိုးတို့ အပြစ်ပြုကြပြီ။ သူတို့အား ငါပညတ်ထားသည့် ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။ သူတို့သည် ကျိန်ခြင်းခံရသောအရာကို ယူကြပြီ။ ထိုအရာတို့ကို ခိုးယူပြီး လိမ်ညာကြ၏။ မိမိတို့ပစ္စည်းတို့နှင့်အတူ ရောထားကြပြီ။ အစ္စရေးအမျိုးသားတို့သည် ကျိန်ခြင်းခံရသောသူများဖြစ်သွားသောကြောင့် ရန်သူတို့ကို မရင်ဆိုင်နိုင်ကြ။ သူတို့သည် ရန်သူတို့ရှေ့မှ လှည့်ပြေးခဲ့ရ၏။ ကျိန်ခြင်းခံရသောအရာကို သင်တို့ထံမှမဖယ်ရှားလျှင် ငါသည် သင်တို့နှင့်အတူ နေတော့မည်မဟုတ်။ ထလော့။ လူတို့ကို သန့်ရှင်းစေလော့။ သူတို့အား ‘မနက်ဖြန်အတွက် ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းစေကြလော့။ အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက “အို အစ္စရေးလူမျိုးတို့၊ သင်တို့အလယ်၌ ကျိန်ခြင်းခံရသောအရာရှိ၏။ ထိုကျိန်ခြင်းခံရသောအရာကို သင်တို့ထဲမှမဖယ်ရှားမချင်း သင်တို့သည် ရန်သူတို့ကို ရင်ဆိုင်နိုင်မည်မဟုတ်”ဟု မိန့်တော်မူ၏။ မနက်ဖြန်နံနက်၌ သင်တို့အမျိုးအနွယ်အလိုက် ချဉ်းကပ်ရမည်။ ထာဝရဘုရားရွေးထုတ်သောအမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် ချဉ်းကပ်ရမည်။ ထာဝရဘုရားရွေးထုတ်သောမျိုးနွယ်စုသည် အိမ်ထောင်စုအလိုက် ချဉ်းကပ်ရမည်။ ထာဝရဘုရားရွေးထုတ်သောအိမ်ထောင်စုသည် တစ်ယောက်ချင်းစီ ချဉ်းကပ်ရမည်။ ကျိန်ခြင်းခံရသောအရာပါလျက် ရွေးထုတ်ခံရသောသူသည် သူနှင့်အတူသူပိုင်ဆိုင်သမျှတို့ကို မီးရှို့ပစ်ရမည်။ အကြောင်းမူကား သူသည် ထာဝရဘုရားနှင့်ပြုထားသောပဋိညာဉ်ကို ချိုးဖောက်၍ အစ္စရေးလူမျိုး၌ ယုတ်ညံ့သောအမှုကို ပြုသောကြောင့်ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ ယောရှုသည်လည်း နံနက်စောစောထ၍ အစ္စရေးလူမျိုးတို့ကို အမျိုးအနွယ်အလိုက် ချဉ်းကပ်စေရာ ယုဒအမျိုးအနွယ်သည် ရွေးထုတ်ခံရ၏။ ယုဒအမျိုးအနွယ်ကို ချဉ်းကပ်စေရာ ဇေရမျိုးနွယ်စုသည် ရွေးထုတ်ခံရ၏။ ဇေရမျိုးနွယ်စုကို အိမ်ထောင်စုအလိုက် ချဉ်းကပ်စေရာ ဇာဗဒိအိမ်ထောင်စု ရွေးထုတ်ခံရ၏။ ဇာဗဒိအိမ်ထောင်စုကို တစ်ယောက်ချင်းစီ ချဉ်းကပ်စေရာ ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ရွေးထုတ်ခံရ၏။ ထိုအခါ ယောရှုက အာခန်အား “ငါ့သား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းလော့။ ကျေးဇူးတော်ကို ချီးမွမ်းလော့။ သင်ပြုသောအမှုကို ငါ့အား ယခုပြောပါလော့။ ဘာမျှ ဖုံးကွယ်မထားနှင့်”ဟု ဆို၏။ ထိုအခါ အာခန်က ယောရှုအား “အကျွန်ုပ်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို အမှန်တကယ်ပြစ်မှားမိခဲ့ပါ၏။ အကျွန်ုပ် ဤသို့ပြုမိခဲ့ပါ၏။ အကျွန်ုပ်သည် တိုက်ယူသောပစ္စည်းထဲ၌ လှပသောရှိနာပြည်သားဝတ်လုံတစ်ထည်၊ ငွေရှယ်ကယ်နှစ်ရာနှင့် အလေးချိန်ရှယ်ကယ်ငါးဆယ်ရှိသောရွှေချောင်းတစ်ချောင်းကို တွေ့သောအခါ တပ်မက်စိတ်ဝင်၍ ယူမိပါပြီ။ အကျွန်ုပ်၏တဲအတွင်း မြေအောက်၌ဝှက်ထားလျက်ရှိပါ၏။ ငွေသည် အောက်ဆုံး၌ ရှိပါ၏”ဟု ပြန်ဖြေလေ၏။ ယောရှုသည် လူတို့ကိုစေလွှတ်သဖြင့် သူတို့သည် တဲသို့အပြေးသွားကြ၏။ ထိုပစ္စည်းတို့သည် အာခန်၏တဲအတွင်း၌ ဝှက်ထားလျက် ငွေသည် အောက်ဆုံး၌ရှိသည်ကို တွေ့ရ၏။ သူတို့သည် တဲထဲမှထိုပစ္စည်းတို့ကိုယူ၍ ယောရှုနှင့်အစ္စရေးအမျိုးသားအပေါင်းတို့ထံသို့ယူဆောင်လာပြီး ထာဝရဘုရားရှေ့တော်၌ ချထားကြ၏။ ထိုအခါ ယောရှုနှင့်အစ္စရေးအမျိုးသားအပေါင်းတို့သည် ဇေရအမျိုးသားအာခန်ကို သူယူခဲ့သော ငွေ၊ ဝတ်လုံ၊ ရွှေချောင်းနှင့်တကွ သူ၏သားသမီး၊ နွား၊ မြည်း၊ သိုး၊ တဲ စသည့် သူပိုင်ဆိုင်သမျှတို့ကို အာခေါ်ချိုင့်ဝှမ်းသို့ ထုတ်ဆောင်သွားကြ၏။ ယောရှုက “သင်သည် ငါတို့ကို အဘယ်ကြောင့်ဒုက္ခပေးသနည်း။ ယခု ထာဝရဘုရားသည် သင့်ကိုပြန်၍ဒုက္ခပေးတော်မူမည်”ဟု ဆို၏။ အစ္စရေးလူမျိုးအပေါင်းတို့ကလည်း သူ့ကို ကျောက်ခဲနှင့်ပေါက်သတ်ကြလေ၏။ ဤသို့ဖြင့် သူတို့ကို ကျောက်ခဲနှင့်ပေါက်သတ်ပြီးနောက် မီးရှို့ပစ်ကြ၏။ ထို့နောက် သူ့အပေါ် ကျောက်ပုံကြီးကို ပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။ ထိုအခါ ထာဝရဘုရားသည် အမျက်ပြင်းစွာထွက်ရာမှ ပြေလေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဝှမ်းဟုမှည့်ခေါ်လေ၏။