ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အစ္စရေးလူမျိုးတို့ကို အပြစ်ကျူးလွန်ရာရောက်စေ၏။ သို့ဖြစ်၍ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အမျက်ထွက်တော်မူ၏။ ယောရှုသည် ဂျေရိခေါမြို့မှ ဗေသလမြို့အရှေ့ဘက်၊ ဗေသဝင်မြို့အနီးရှိ အာဣမြို့သို့ လူလွှတ်၍ “ထိုအရပ်သို့သွားပြီး စူးစမ်းကြလော့”ဟု မှာလိုက်လေ၏။ သူတို့သည်လည်း သွား၍ အာဣမြို့ကို စူးစမ်းကြ၏။ ထိုသူတို့သည် ယောရှုထံပြန်လာ၍ “အာဣမြို့သို့ လူအားလုံး ချီတက်သွားရန်မလိုပါ။ လူနှစ်ထောင်၊ သုံးထောင်ခန့်ဖြင့်တိုက်လျှင် အောင်နိုင်ပါသည်။ လူအားလုံးကို မပင်ပန်းစေပါနှင့်။ ထိုမြို့သားတို့သည် လူနည်းစုသာဖြစ်ပါသည်”ဟု ဆိုကြ၏။ ထို့ကြောင့် လူများထဲမှ သုံးထောင်ခန့်သာ ထိုအရပ်ကို သွားတိုက်ကြ၏။ သို့ရာတွင် သူတို့သည် အာဣမြို့သားတို့ထံမှ ထွက်ပြေးကြရ၏။ အာဣမြို့သားတို့သည် မြို့တံခါးမှ ရှေဗရိမ်အရပ်အထိ သူတို့နောက်သို့လိုက်၍ တောင်စောင်း၌ လူသုံးဆယ့်ခြောက်ယောက်ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ ထို့ကြောင့် လူတို့သည် စိတ်ပျက်အားလျော့ကုန်လေ၏။ ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တကွ နေဝင်ချိန်တိုင်အောင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ မြေပေါ်မှာပျပ်ဝပ်လျက်၊ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်လျက်နေကြ၏။ ယောရှုက “အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးတို့အား ဂျော်ဒန်မြစ်ကိုဖြတ်ကူးစေပြီး အာမောရိလူမျိုးတို့လက်သို့အပ်၍ ဖျက်ဆီးစေရန် အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ အကျွန်ုပ်တို့သည် ဂျော်ဒန်မြစ်တစ်ဖက်၌ နေခဲ့သင့်၏။ အို အကျွန်ုပ်ဘုရားရှင်၊ အစ္စရေးလူမျိုးတို့သည် ရန်သူတို့ရှေ့မှ လှည့်ပြေးခဲ့ရပြီဖြစ်၍ အကျွန်ုပ် မည်သို့လျှောက်ဆိုနိုင်ဦးမည်နည်း။ ခါနာန်လူမျိုးနှင့် ခါနာန်ပြည်သားအပေါင်းတို့ကြားလျှင် သူတို့သည် အကျွန်ုပ်တို့ကိုဝိုင်းရံထားပြီး အကျွန်ုပ်တို့၏အမည်ကို မြေကြီးပေါ်မှပယ်ဖျက်ကြပါလိမ့်မည်။ ကိုယ်တော်၏ကြီးမြတ်သောနာမတော်အဖို့ မည်သို့ပြုတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။ ထိုအခါ ထာဝရဘုရားက ယောရှုအား “ထလော့။ အဘယ်ကြောင့် ဤသို့ပျပ်ဝပ်လျက်နေရသနည်း။ အစ္စရေးလူမျိုးတို့ အပြစ်ပြုကြပြီ။ သူတို့အား ငါပညတ်ထားသည့် ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။ သူတို့သည် ကျိန်ခြင်းခံရသောအရာကို ယူကြပြီ။ ထိုအရာတို့ကို ခိုးယူပြီး လိမ်ညာကြ၏။ မိမိတို့ပစ္စည်းတို့နှင့်အတူ ရောထားကြပြီ။ အစ္စရေးအမျိုးသားတို့သည် ကျိန်ခြင်းခံရသောသူများဖြစ်သွားသောကြောင့် ရန်သူတို့ကို မရင်ဆိုင်နိုင်ကြ။ သူတို့သည် ရန်သူတို့ရှေ့မှ လှည့်ပြေးခဲ့ရ၏။ ကျိန်ခြင်းခံရသောအရာကို သင်တို့ထံမှမဖယ်ရှားလျှင် ငါသည် သင်တို့နှင့်အတူ နေတော့မည်မဟုတ်။ ထလော့။ လူတို့ကို သန့်ရှင်းစေလော့။ သူတို့အား ‘မနက်ဖြန်အတွက် ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းစေကြလော့။ အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက “အို အစ္စရေးလူမျိုးတို့၊ သင်တို့အလယ်၌ ကျိန်ခြင်းခံရသောအရာရှိ၏။ ထိုကျိန်ခြင်းခံရသောအရာကို သင်တို့ထဲမှမဖယ်ရှားမချင်း သင်တို့သည် ရန်သူတို့ကို ရင်ဆိုင်နိုင်မည်မဟုတ်”ဟု မိန့်တော်မူ၏။ မနက်ဖြန်နံနက်၌ သင်တို့အမျိုးအနွယ်အလိုက် ချဉ်းကပ်ရမည်။ ထာဝရဘုရားရွေးထုတ်သောအမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် ချဉ်းကပ်ရမည်။ ထာဝရဘုရားရွေးထုတ်သောမျိုးနွယ်စုသည် အိမ်ထောင်စုအလိုက် ချဉ်းကပ်ရမည်။ ထာဝရဘုရားရွေးထုတ်သောအိမ်ထောင်စုသည် တစ်ယောက်ချင်းစီ ချဉ်းကပ်ရမည်။ ကျိန်ခြင်းခံရသောအရာပါလျက် ရွေးထုတ်ခံရသောသူသည် သူနှင့်အတူသူပိုင်ဆိုင်သမျှတို့ကို မီးရှို့ပစ်ရမည်။ အကြောင်းမူကား သူသည် ထာဝရဘုရားနှင့်ပြုထားသောပဋိညာဉ်ကို ချိုးဖောက်၍ အစ္စရေးလူမျိုး၌ ယုတ်ညံ့သောအမှုကို ပြုသောကြောင့်ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ ယောရှုသည်လည်း နံနက်စောစောထ၍ အစ္စရေးလူမျိုးတို့ကို အမျိုးအနွယ်အလိုက် ချဉ်းကပ်စေရာ ယုဒအမျိုးအနွယ်သည် ရွေးထုတ်ခံရ၏။ ယုဒအမျိုးအနွယ်ကို ချဉ်းကပ်စေရာ ဇေရမျိုးနွယ်စုသည် ရွေးထုတ်ခံရ၏။ ဇေရမျိုးနွယ်စုကို အိမ်ထောင်စုအလိုက် ချဉ်းကပ်စေရာ ဇာဗဒိအိမ်ထောင်စု ရွေးထုတ်ခံရ၏။ ဇာဗဒိအိမ်ထောင်စုကို တစ်ယောက်ချင်းစီ ချဉ်းကပ်စေရာ ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ရွေးထုတ်ခံရ၏။ ထိုအခါ ယောရှုက အာခန်အား “ငါ့သား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းလော့။ ကျေးဇူးတော်ကို ချီးမွမ်းလော့။ သင်ပြုသောအမှုကို ငါ့အား ယခုပြောပါလော့။ ဘာမျှ ဖုံးကွယ်မထားနှင့်”ဟု ဆို၏။ ထိုအခါ အာခန်က ယောရှုအား “အကျွန်ုပ်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို အမှန်တကယ်ပြစ်မှားမိခဲ့ပါ၏။ အကျွန်ုပ် ဤသို့ပြုမိခဲ့ပါ၏။ အကျွန်ုပ်သည် တိုက်ယူသောပစ္စည်းထဲ၌ လှပသောရှိနာပြည်သားဝတ်လုံတစ်ထည်၊ ငွေရှယ်ကယ်နှစ်ရာနှင့် အလေးချိန်ရှယ်ကယ်ငါးဆယ်ရှိသောရွှေချောင်းတစ်ချောင်းကို တွေ့သောအခါ တပ်မက်စိတ်ဝင်၍ ယူမိပါပြီ။ အကျွန်ုပ်၏တဲအတွင်း မြေအောက်၌ဝှက်ထားလျက်ရှိပါ၏။ ငွေသည် အောက်ဆုံး၌ ရှိပါ၏”ဟု ပြန်ဖြေလေ၏။ ယောရှုသည် လူတို့ကိုစေလွှတ်သဖြင့် သူတို့သည် တဲသို့အပြေးသွားကြ၏။ ထိုပစ္စည်းတို့သည် အာခန်၏တဲအတွင်း၌ ဝှက်ထားလျက် ငွေသည် အောက်ဆုံး၌ရှိသည်ကို တွေ့ရ၏။ သူတို့သည် တဲထဲမှထိုပစ္စည်းတို့ကိုယူ၍ ယောရှုနှင့်အစ္စရေးအမျိုးသားအပေါင်းတို့ထံသို့ယူဆောင်လာပြီး ထာဝရဘုရားရှေ့တော်၌ ချထားကြ၏။ ထိုအခါ ယောရှုနှင့်အစ္စရေးအမျိုးသားအပေါင်းတို့သည် ဇေရအမျိုးသားအာခန်ကို သူယူခဲ့သော ငွေ၊ ဝတ်လုံ၊ ရွှေချောင်းနှင့်တကွ သူ၏သားသမီး၊ နွား၊ မြည်း၊ သိုး၊ တဲ စသည့် သူပိုင်ဆိုင်သမျှတို့ကို အာခေါ်ချိုင့်ဝှမ်းသို့ ထုတ်ဆောင်သွားကြ၏။ ယောရှုက “သင်သည် ငါတို့ကို အဘယ်ကြောင့်ဒုက္ခပေးသနည်း။ ယခု ထာဝရဘုရားသည် သင့်ကိုပြန်၍ဒုက္ခပေးတော်မူမည်”ဟု ဆို၏။ အစ္စရေးလူမျိုးအပေါင်းတို့ကလည်း သူ့ကို ကျောက်ခဲနှင့်ပေါက်သတ်ကြလေ၏။ ဤသို့ဖြင့် သူတို့ကို ကျောက်ခဲနှင့်ပေါက်သတ်ပြီးနောက် မီးရှို့ပစ်ကြ၏။ ထို့နောက် သူ့အပေါ် ကျောက်ပုံကြီးကို ပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။ ထိုအခါ ထာဝရဘုရားသည် အမျက်ပြင်းစွာထွက်ရာမှ ပြေလေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဝှမ်းဟုမှည့်ခေါ်လေ၏။
ယောရှုမှတ်စာ 7 ကိုဖတ်ပါ။
နားထောင်ပါ။ ယောရှုမှတ်စာ 7
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောရှုမှတ်စာ 7:1-26
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ