ယောရှု 24:1-15
ယောရှု 24:1-15 Judson Bible (JBMLE)
တစ်ဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်းတို့ကို ရှေခင်မြို့၌ စည်းဝေးစေ၍၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ၏။ ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟောပြောလေသည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ်တို့၏ အဘတေရမှစ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာလ၌ မြစ်ကြီးတစ်ဖက်မှာနေ၍ အခြားတစ်ပါးသော ဘုရားတို့ကိုဝတ်ပြုကြ၏။ သင်တို့အဘအာဗြဟံကို မြစ်ကြီးတစ်ဖက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင်၍ သူ၏အမျိုးအနွယ်ကို များပြားစေလျက်၊ ဣဇာက်ကိုပေး၏။ ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကို ငါပေး၍၊ ဧသောအားလည်း စိရတောင်ကို အပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ၏။ မောရှေနှင့်အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူတို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နုတ်ဆောင်လေ၏။ ထိုသို့ သင်တို့အဘများကို အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သဖြင့်၊ သူတို့သည် ဧဒုံပင်လယ်သို့ရောက်၍၊ အဲဂုတ္တုလူတို့သည် ရထားနှင့် မြင်းစီးသူရဲပါလျက် ထိုပင်လယ်တိုင်အောင် လိုက်ကြ၏။ ထာဝရဘုရားကို အော်ဟစ်သောအခါ၊ သင်တို့နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကိုငါထား၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ၏။ အဲဂုတ္တုပြည်၌ ငါပြုသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ တော၌လည်း ကာလကြာမြင့်စွာ နေရကြ၏။ နောက်တစ်ဖန် ယော်ဒန်မြစ် အရှေ့ဘက်၌နေသော အာမောရိလူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင်၍၊ သူတို့သည်စစ်တိုက်သောအခါ သူတို့ကို သင်တို့လက်၌ငါအပ်၍ သူတို့မြေကို သင်တို့သည် သိမ်းယူကြ၏။ သူတို့ကို သင်တို့ရှေ့မှ ငါသုတ်သင်ပယ်ရှင်းလေ၏။ မောဘရှင်ဘုရင် ဇိဖော်၏သားဗာလက်သည် ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှာ၊ ဗောရ၏သားဗာလမ်ကိုခေါ်သောအခါ၊ ဗာလမ်၏စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ်ကောင်းချီးပေး၍ သူ့လက်မှ သင်တို့ကို ငါကယ်လွှတ်လေ၏။ တစ်ဖန် သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကိုစစ်တိုက်၍ သူတို့ကို သင်တို့လက်၌ ငါအပ်လေ၏။ သင်တို့၌ ဓားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင်တို့ရှေ့မှ ငါနှင်ထုတ်လေ၏။ သင်တို့မလုပ်သောမြေ၊ မတည်သောမြို့တို့ကို ငါပေး၍ သင်တို့သည် နေရကြ၏။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို စားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။ ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီးတစ်ဖက်၌လည်းကောင်း၊ အဲဂုတ္တုပြည်၌လည်းကောင်း၊ ဘိုးဘေးတို့ဝတ်ပြုသော ဘုရားများကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။ သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်းဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတစ်ဖက်၌ ဘိုးဘေးတို့ဝတ်ပြုသောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊
ယောရှု 24:1-15 Common Language Bible (BCL)
ယောရှုသည်ဣသရေလအနွယ်ဝင်အပေါင်း တို့ကိုရှေခင်မြို့တွင်စုရုံးစေ၏။ သူသည် ဣသရေလအမျိုးသားအကြီးအကဲများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများ၊ အရာ ရှိများကိုဆင့်ခေါ်သဖြင့်သူတို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရှိလာကြ လေသည်။- ထိုအခါယောရှုသည်လူအပေါင်းတို့အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားကဤသို့မိန့်တော်မူသည်။ `ရှေးအခါက သင်တို့၏ဘိုးဘေးများဖြစ်ကြသောတေရ၊ သူ၏သားအာဗြဟံနှင့်နာခေါ်တို့သည် ဥဖရတ်မြစ်တစ်ဘက်တွင်နေထိုင်၍အခြား သောဘုရားများကိုကိုးကွယ်ကြ၏။- ငါသည်သင်တို့၏ဘိုးဘေးအာဗြဟံကို ဥဖရတ်မြစ်တစ်ဘက်ရှိဒေသမှခေါ်ဆောင် ပြီးလျှင် ခါနာန်ပြည်အရပ်ရပ်သို့ပို့ဆောင်၍ သူ၏အဆက်အနွယ်ကိုများပြားစေခဲ့ သည်။ သူ၌သားဣဇာက်ထွန်းကားစေ၏။- ဣဇာက်၌သားများဖြစ်ကြသောယာကုပ်နှင့် ဧသောတို့ကိုထွန်းကားစေ၏။ ငါသည်ဧသော အားဧဒုံတောင်ကုန်းဒေသကိုအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကားအီဂျစ်ပြည် သို့သွားရောက်နေထိုင်ခဲ့ကြသည်။- ထိုနောက်ငါသည်မောရှေနှင့်အာရုန်တို့ကို စေလွှတ်၍ အီဂျစ်ပြည်တွင်ဘေးဆိုးများ ဆိုက်ရောက်စေပြီးနောက်သင်တို့ကိုထုတ် ဆောင်ခဲ့၏။- ငါသည်သင်တို့၏ဘိုးဘေးများကိုအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့သောအခါ အီဂျစ်အမျိုး သားတို့သည်သူတို့နောက်သို့ရထားတပ်၊ မြင်း တပ်များနှင့်လိုက်၍တိုက်ခိုက်ကြသည်။ သူတို့ သည်ပင်လယ်နီသို့ရောက်ရှိလာသောအခါ၊- ငါ့ထံသို့အော်ဟစ်၍အကူအညီတောင်းခံ ကြသည်။ ထိုအခါငါသည်သူတို့နှင့်အီဂျစ် တပ်သားများအကြားတွင်အမှောင်ထုကို ကျစေ၏။ ရန်သူများအပေါ်သို့ပင်လယ်ရေ လွှမ်းစေသဖြင့် သူတို့သည်ရေနစ်သေဆုံး ကြကုန်၏။ ငါသည်အီဂျစ်ပြည်အားမည်ကဲ့ သို့ဆုံးမခဲ့သည်ကိုသင်တို့သိကြ၏။ ```သင်တို့သည်တောကန္တာရတွင်ကြာမြင့်စွာနေ ထိုင်ခဲ့ရကြ၏။- ထိုနောက်ငါသည်သင်တို့ကိုအာမောရိအမျိုး သားတို့နေထိုင်ရာယော်ဒန်မြစ်အရှေ့ဘက်သို့ ပို့ဆောင်ခဲ့သည်။ သူတို့သည်သင်တို့ကိုတိုက်ခိုက် ကြသော်လည်းငါသည်သင်တို့အားအနိုင်ရစေ၏။ သင်တို့သည်သူတို့၏ပြည်ကိုချီတက်သိမ်းပိုက် သောအခါငါသည်သူတို့ကိုသုတ်သင်ပယ်ရှင်း ခဲ့၏။- ထိုနောက်ဇိဖော်၏သားမောဘပြည်ဘုရင် ဗာလက်သည်ဣသရေလအမျိုးသားတို့ကို တိုက်ခိုက်လေသည်။ သူသည်သင်တို့ကိုကျိန်ဆဲ ရန်ဗောရ၏သားဗာလမ်ကိုခေါ်စေသည်။- သို့ရာတွင်ငါသည်ဗာလမ်၏လျှောက်ဆိုချက် ကိုလက်မခံသဖြင့် သူသည်သင်တို့ကိုကောင်း ချီးပေးလေသည်။ ဤနည်းအားဖြင့်ငါသည် သင်တို့အားဗာလက်၏လက်မှကယ်တင်ခဲ့ သည်။- ထိုနောက်သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍ ယေရိခေါမြို့သို့ရောက်ရှိကြသည်။ ယေရိခေါ မြို့သား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုး သား၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ ဟိဝိအမျိုးသားနှင့်ယေ ဗုသိအမျိုးသားတို့သည်သင်တို့ကိုတိုက်ခိုက် ကြသည်။ သို့ရာတွင်ငါသည်သင်တို့အားသူ တို့အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်စေ သည်။- သင်တို့ချီတက်လာစဉ်ငါသည်သူတို့ကို ကစဥ့်ကလျားဖြစ်စေပြီးလျှင် အာမောရိ ဘုရင်နှစ်ပါးကိုနှင်ထုတ်ခဲ့၏။ သင်တို့၏ဋ္ဌား နှင့်လေးလက်နက်တို့ဖြင့်အနိုင်ရကြသည် မဟုတ်။- သင်တို့မထွန်ယက်၊ မလုပ်ကိုင်ခဲ့ဘူးသောလယ် ယာနှင့်မတည်ခဲ့ဘူးသောမြို့များကိုသင်တို့ အားငါပေးခဲ့၏။ ယခုအခါသင်တို့သည်ထို မြေပေါ်တွင်နေထိုင်၍ သင်တို့မစိုက်သောစပျစ် ခြံနှင့်သံလွင်ခြံတို့မှအသီးကိုစားသုံးရ ကြ၏' ဟုဆို၏။ ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။- အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။
ယောရှု 24:1-15 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ယောရှုသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ကို ရှေခင်မြို့၌ စုဝေးစေပြီးလျှင် အစ္စရေးသက်ကြီးဝါကြီးများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများနှင့် ကြီးကြပ်သူများကို ဆင့်ခေါ်သဖြင့် သူတို့သည်လည်း ဘုရားသခင်၏ရှေ့တော်၌ရပ်နေကြ၏။ ထိုအခါ ယောရှုက လူအပေါင်းတို့အား “အစ္စရေး၏ဘုရားသခင်ထာဝရဘုရားက ‘အာဗြဟံနှင့် နာခေါ်တို့၏ဖခင် တေရ မှစ၍ သင်တို့၏ဘိုးဘေးတို့သည် ရှေးယခင်က ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌နေထိုင်၍ အခြားဘုရားများကိုဝတ်ပြုခဲ့ကြ၏။ ငါသည် သင်တို့အဖအာဗြဟံကို ယူဖရေးတီးမြစ်တစ်ဖက်မှ ခေါ်ထုတ်၍ ခါနာန်ပြည်အရပ်ရပ်သို့ပို့ဆောင်ခဲ့၏။ သူ၏သားစဉ်မြေးဆက်ကို များပြားစေ၏။ သူ့အား သားဣဇက်ကို ငါပေး၏။ ဣဇက်အား သားယာကုပ်နှင့်ဧသောကို ငါပေး၏။ ဧသောအား စိရတောင်ကို ငါအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကား အီဂျစ်ပြည်သို့ဆင်းသွားကြ၏။ ငါသည် မောရှေနှင့်အာရုန်ကိုစေလွှတ်၍ အီဂျစ်ပြည်၌ ဘေးအမျိုးမျိုးကျရောက်စေခြင်းအားဖြင့် ဒဏ်ခတ်ပြီးနောက် သင်တို့ကို ထုတ်ဆောင်ခဲ့၏။ ငါသည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်၍ ပင်လယ်နီသို့ ရောက်သောအခါ အီဂျစ်လူမျိုးတို့သည် စစ်ရထား၊ မြင်းစီးသူရဲတို့ဖြင့် ထိုပင်လယ်တိုင်အောင် သင်တို့ဘိုးဘေးတို့နောက်သို့လိုက်ကြ၏။ ထိုအခါ သူတို့သည် ထာဝရဘုရားထံအော်ဟစ်တောင်းလျှောက်ကြသဖြင့် ငါသည် သင်တို့နှင့်အီဂျစ်လူမျိုးတို့ကြား၌ အမှောင်ထု ခြားစေ၏။ အီဂျစ်လူမျိုးတို့ကို ပင်လယ်ရေလွှမ်းမိုးသွားစေ၏။ အီဂျစ်လူမျိုးတို့အား ငါ ဒဏ်ခတ်ခဲ့သည်ကို သင်တို့ကိုယ်တိုင်မျက်စိဖြင့်မြင်ခဲ့ကြ၏။ ထို့နောက်မှ သင်တို့သည် တောကန္တာရ၌ ကာလကြာမြင့်စွာနေထိုင်ကြရ၏။ ငါသည် သင်တို့ကို ဂျော်ဒန်မြစ်အရှေ့ဘက်၌နေထိုင်သော အာမောရိလူမျိုးတို့၏ပြည်သို့ ပို့ဆောင်၏။ ထိုသူတို့သည် သင်တို့ကိုတိုက်ခိုက်ကြသော်လည်း ငါသည် သူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်တို့သည် သူတို့၏ပြည်ကို အပိုင်ရကြ၏။ ငါသည် သူတို့ကို သင်တို့၏ရှေ့မှာပင် ဖျက်ဆီးခဲ့၏။ ထို့နောက် ဇိဖော်၏သား၊ မောဘဘုရင်ဗာလက်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို ထ၍တိုက်ခိုက်၏။ သူသည် ဗောရ၏သားဗာလမ်ကို လူလွှတ်ခေါ်၍ သင်တို့အား ကျိန်ဆဲစေ၏။ သို့ရာတွင် ငါသည် ဗာလမ်၏စကားကိုနားမထောင်။ သို့ဖြစ်၍ သူသည် သင်တို့ကို မကျိန်ဆဲဘဲ အကြိမ်ကြိမ်ကောင်းချီးပေးရ၏။ ငါသည် သင်တို့ကို သူ၏လက်မှကယ်နုတ်ခဲ့၏။ သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂျေရိခေါမြို့သို့ရောက်သောအခါ ဂျေရိခေါမြို့သားတို့အပါအဝင် အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ကြ၏။ ထိုသူတို့ကိုလည်း သင်တို့လက်သို့ ငါအပ်၏။ သင်တို့၏ဓားအားဖြင့်မဟုတ်၊ လေးအားဖြင့်လည်းမဟုတ်။ ငါသည် ပျားတူများကို သင်တို့ရှေ့မှ စေလွှတ်၍ အာမောရိလူမျိုးတို့ရှင်ဘုရင်နှစ်ပါးကို သင်တို့ရှေ့မှနှင်ထုတ်၏။ ငါသည် သင်တို့မထွန်ယက်သောမြေ၊ သင်တို့မတည်ဆောက်သောမြို့များကို သင်တို့အားပေးသဖြင့် သင်တို့သည် ထိုမြို့တို့တွင် နေထိုင်ရကြ၏။ သင်တို့မစိုက်ပျိုးသောစပျစ်ခြံများ၊ သံလွင်ခြံများမှ အသီးကိုလည်းစားရကြ၏’ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ ယခု ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလျက် ရိုးသားဖြူစင်စွာ၊ သစ္စာရှိစွာ ဝတ်ပြုကြလော့။ ယူဖရေးတီးမြစ်တစ်ဖက်၌လည်းကောင်း၊ အီဂျစ်ပြည်၌လည်းကောင်း သင်တို့ဘိုးဘေးတို့ဝတ်ပြုခဲ့သောဘုရားများကိုဖယ်ရှား၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။ ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။