တစ်ဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်းတို့ကို ရှေခင်မြို့၌ စည်းဝေးစေ၍၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ၏။ ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟောပြောလေသည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ်တို့၏ အဘတေရမှစ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာလ၌ မြစ်ကြီးတစ်ဖက်မှာနေ၍ အခြားတစ်ပါးသော ဘုရားတို့ကိုဝတ်ပြုကြ၏။ သင်တို့အဘအာဗြဟံကို မြစ်ကြီးတစ်ဖက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင်၍ သူ၏အမျိုးအနွယ်ကို များပြားစေလျက်၊ ဣဇာက်ကိုပေး၏။ ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကို ငါပေး၍၊ ဧသောအားလည်း စိရတောင်ကို အပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ၏။ မောရှေနှင့်အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူတို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နုတ်ဆောင်လေ၏။ ထိုသို့ သင်တို့အဘများကို အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သဖြင့်၊ သူတို့သည် ဧဒုံပင်လယ်သို့ရောက်၍၊ အဲဂုတ္တုလူတို့သည် ရထားနှင့် မြင်းစီးသူရဲပါလျက် ထိုပင်လယ်တိုင်အောင် လိုက်ကြ၏။ ထာဝရဘုရားကို အော်ဟစ်သောအခါ၊ သင်တို့နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကိုငါထား၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ၏။ အဲဂုတ္တုပြည်၌ ငါပြုသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ တော၌လည်း ကာလကြာမြင့်စွာ နေရကြ၏။ နောက်တစ်ဖန် ယော်ဒန်မြစ် အရှေ့ဘက်၌နေသော အာမောရိလူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင်၍၊ သူတို့သည်စစ်တိုက်သောအခါ သူတို့ကို သင်တို့လက်၌ငါအပ်၍ သူတို့မြေကို သင်တို့သည် သိမ်းယူကြ၏။ သူတို့ကို သင်တို့ရှေ့မှ ငါသုတ်သင်ပယ်ရှင်းလေ၏။ မောဘရှင်ဘုရင် ဇိဖော်၏သားဗာလက်သည် ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှာ၊ ဗောရ၏သားဗာလမ်ကိုခေါ်သောအခါ၊ ဗာလမ်၏စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ်ကောင်းချီးပေး၍ သူ့လက်မှ သင်တို့ကို ငါကယ်လွှတ်လေ၏။ တစ်ဖန် သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကိုစစ်တိုက်၍ သူတို့ကို သင်တို့လက်၌ ငါအပ်လေ၏။ သင်တို့၌ ဓားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင်တို့ရှေ့မှ ငါနှင်ထုတ်လေ၏။ သင်တို့မလုပ်သောမြေ၊ မတည်သောမြို့တို့ကို ငါပေး၍ သင်တို့သည် နေရကြ၏။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို စားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။ ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီးတစ်ဖက်၌လည်းကောင်း၊ အဲဂုတ္တုပြည်၌လည်းကောင်း၊ ဘိုးဘေးတို့ဝတ်ပြုသော ဘုရားများကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။ သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်းဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတစ်ဖက်၌ ဘိုးဘေးတို့ဝတ်ပြုသောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊
ယောရှု 24 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောရှု 24:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ