ရှင်ယောဟန် 7:1-31
ရှင်ယောဟန် 7:1-31 Judson Bible (JBMLE)
ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှာ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုတော်မရှိ။ ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊- ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည် မြင်စေခြင်းငှာ ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ။- ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြုတတ်။ ဤအမှုတို့ကို သင်သည်ပြုလျှင်၊ ဤလောက၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု၊- မယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။- ယေရှုကလည်း၊ ငါ့အချိန်မရောက်သေး။ သင်တို့ဖို့ ခပ်သိမ်းသောအချိန် သင့်လျက်ရှိ၏။- လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမုန်းကြ၏။ အကြောင်းမူကား၊ ငါသည် သူတို့၏အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံ၏။- ထိုပွဲသို့ သင်တို့သွားကြလော့။- ငါမသွားသေး။ ငါ့အချိန်မပြည်စုံသေးဟု မိန့်တော်မူပြီးလျှင်၊ ဂါလိလဲပြည်မှာ နေတော်မူ၏။ ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွတော်မူ၏။- ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။- လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု၍ အုတ်အုတ်သဲသဲဖြစ်ကြ၏။ အချို့တို့က၊ သူသည် သူတော်ကောင်းဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့တို့က၊ သူတော်ကောင်းမဟုတ်၊ လူများကိုလှည့်ဖြားသည် ဟူ၍လည်းကောင်း ဆိုကြ၏။- သို့သော်လည်း ယုဒလူတို့ကိုကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ။ ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမဩဝါဒ ပေးတော်မူ၏၊- ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟု ဆိုကြ၏။- ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ဒေသနာဖြစ်၏။- ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။- ကိုယ်အလိုအလျောက် ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ မိမိကိုစေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကို ရှာသောသူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌ မုသားမရှိ။- မောရှေသည် ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစ်စုံတစ်ယောက်မျှမကျင့်။ ငါ့ကိုသတ်အံ့သောငှာ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ၏။- လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှာ အဘယ်သူရှာကြံသနည်းဟု ဆိုကြ၏။- ယေရှုကလည်း၊ ငါပြုသောအမှုတစ်ခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။- မောရှေသည် အရေဖျားလှီးခြင်းတရားကို သင်တို့အားပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရသည်ဟု မဆိုလို။ ဘိုးဘေးများမှ ဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။- မောရှေ၏တရားမပျက်စေခြင်းငှာ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်ထွက်ရာသလော။- မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း၊ ဤသူကိုသတ်အံ့သောငှာ ရှာကြသည်မဟုတ်လော။- ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။- သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကို ငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။- ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုသိကြ၏။ ငါသည် အဘယ်က ဖြစ်သည်ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုသူကို သင်တို့မသိကြ။- ငါမူကားသိ၏။ အကြောင်းမူကား၊ ထိုသူ၏အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော်၍ မိန့်တော်မူလျှင်၊- ကိုယ်တော်ကို ဖမ်းဆီးခြင်းအခွင့်ကို ရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန်မစေ့ မရောက်သေးသောကြောင့် အဘယ်သူမျှ မဖမ်းမဆီးကြ။- လူအစုအဝေးထဲ၌ ပါသောလူအများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။
ရှင်ယောဟန် 7:1-31 Common Language Bible (BCL)
ထိုနောက်သခင်ယေရှုသည်ဂါလိလဲပြည်တွင် ဒေသစာရီလှည့်လည်တော်မူ၏။ ယုဒအာဏာ ပိုင်တို့သည်ကိုယ်တော်ကိုသတ်ရန်ကြံစည်နေ ကြသဖြင့် ကိုယ်တော်သည်ယုဒပြည်တွင်ဒေသ စာရီလှည့်လည်တော်မမူလို။- ယုဒအမျိုးသားတို့၏သစ်ခက်တဲနေ့ကောက် သိမ်းပွဲတော်အခါကားနီးကပ်၍လာ၏။- သို့ဖြစ်၍ညီတော်များကကိုယ်တော်အား ``သင် ပြုသောအမှုအရာများကိုသင့်တပည့်တို့ တွေ့မြင်နိုင်ကြစေရန် ဤအရပ်မှထွက်ခွာ၍ ယုဒပြည်သို့သွားပါလော့။- မည်သူမဆိုထင်ပေါ်ကျော်ကြားလိုလျှင် အဘယ်အမှုကိုမျှလျှို့ဝှက်စွာပြုလေ့မရှိ။ သင်သည်ဤသို့အံ့သြဖွယ်အမှုအရာများ ကိုပြုမည်ဆိုပါက သင်၏အကြောင်းကိုကမ္ဘာ ကသိအောင်ပြုပါလော့'' ဟုဆိုကြ၏။- (ညီတော်များသည်ပင်လျှင်ကိုယ်တော်ကို မယုံကြည်ကြ။) သခင်ယေရှုက ``ငါ့အချိန်မကျရောက်သေး။ သင်တို့အချိန်ကားအစဉ်ကျရောက်လျက်ရှိ၏။- ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။- ထိုပွဲတော်သို့သင်တို့သွားကြကုန်။ ငါကား ငါ့အချိန်မကျရောက်သေးသဖြင့်သွား လိမ့်မည်မဟုတ်'' ဟုပြန်၍မိန့်တော်မူ၏။- ထိုသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် ဂါလိလဲပြည်တွင်ဆက်၍နေတော်မူ၏။ ထိုပွဲတော်သို့ညီတော်များထွက်သွားကြ ပြီးမှသခင်ယေရှုသည်လည်းထိုပွဲသို့ မထင်မရှားကြွတော်မူ၏။- ယုဒအာဏာပိုင်တို့သည်ထိုပွဲတော်တွင် ကိုယ်တော်ကိုရှာလျက် ``ထိုသူကားအဘယ် မှာနည်း'' ဟုမေးမြန်းကြ၏။- လူပရိသတ်သည်ကိုယ်တော်နှင့်ပတ်သက်၍ များစွာတီးတိုးပြောဆိုလျက်နေကြကုန်၏။ လူအချို့တို့က ``ဤသူသည်သူတော်ကောင်း ဖြစ်သည်'' ဟုဆိုကြ၏။ အချို့ကမူ ``သူတော် ကောင်းမဟုတ်။ လူပရိသတ်အားမှောက်မှား လမ်းလွဲစေသူဖြစ်၏'' ဟုဆိုကြ၏။- သို့ရာတွင်ယုဒအာဏာပိုင်တို့ကိုကြောက် ကြသဖြင့် ကိုယ်တော်၏အကြောင်းကိုမည်သူ မျှပွင့်လင်းစွာမပြောရဲကြ။ ပွဲတော်ကျင်းပရက်ထက်ဝက်မျှလွန်သော အခါ သခင်ယေရှုသည်ဗိမာန်တော်သို့ကြွ ၍ဟောပြောသွန်သင်လျက်နေတော်မူ၏။- ယုဒအာဏာပိုင်တို့သည်လွန်စွာအံ့သြကြ လျက် ``ဤသူသည်အဘယ်သင်တန်းကျောင်း ကိုမျှမတက်ဘူးဘဲ ဤအသိပညာများကို အဘယ်သို့ရရှိပါသနည်း'' ဟုဆိုကြ၏။ သခင်ယေရှုက ``ငါဟောပြောသွန်သင်သော တရားသည်ငါ၏တရားမဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်၏တရားဖြစ်၏။- ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။- မိမိကိုယ်ပိုင်တရားစကားကိုဟောပြောသွန် သင်သူသည် မိမိကိုယ်ပိုင်ဘုန်းအသရေကို ရှာလိမ့်မည်။ သို့သော်မိမိအားစေလွှတ်တော် မူသောအရှင်၏ဘုန်းအသရေကိုရှာသော သူမူကား ရိုးသားဖြောင့်မှန်စွာဟောပြော တတ်၏။ သူ့မှာမုသားမရှိ။- မောရှေသည်သင်တို့အားပညတ်တရားကို ပေးသည်မဟုတ်လော။ သို့သော်လည်းသင်တို့ တစ်စုံတစ်ယောက်မျှ ထိုပညတ်တရားကို မကျင့်သုံးကြ။ သင်တို့သည်ငါ့ကိုသတ်ရန် အဘယ်ကြောင့်ရှာကြံကြသနည်း'' ဟု မိန့်တော်မူ၏။ လူပရိသတ်က ``သင်သည်နတ်မိစ္ဆာပူးဝင်နေ သူဖြစ်၏။ အဘယ်သူသည်သင့်ကိုသတ်ရန် ကြိုးစားကြံစည်လျက်နေပါသနည်း'' ဟု ဆိုကြ၏။ သခင်ယေရှုက ``ဥပုသ်နေ့၌အံ့သြဖွယ်အမှု တစ်ခုကိုငါပြုသောအခါ သင်တို့အားလုံး ပင်အံ့အားသင့်သွားကြ၏။- မောရှေကသင်တို့၏ကလေးသူငယ်များအား အရေဖျားလှီးမင်္ဂလာပေးရန်ပညတ်ခဲ့၏။ သို့ ဖြစ်၍သင်တို့သည်ဥပုသ်နေ့၌ပင်လျှင် အရေ ဖျားလှီးမင်္ဂလာကိုပြုကြ၏။ (အမှန်စင်စစ် အရေဖျားလှီးမင်္ဂလာကိုစတင်စီရင်ခဲ့သူ မှာ မောရှေမဟုတ်ဘဲသင်တို့ဘိုးဘေးများ ဖြစ်ပေသည်။)- ဤသို့လျှင်မောရှေ၏ပညတ်တရားမချိုး ဖောက်ရန် သင်တို့သည်ဥပုသ်နေ့တွင်အရေဖျား လှီးမင်္ဂလာပေးလျှင် ငါသည်ဥပုသ်နေ့၌လူ တစ်ဦးတစ်ယောက်အားပကတိကျန်းမာ လာစေသောအခါ၌မူ အဘယ်ကြောင့်ငါ့ အားအမျက်ထွက်ကြသနည်း။- အပြင်အပလက္ခဏာကိုထောက်၍မစီရင် မဆုံးဖြတ်ကြနှင့်။ အမှန်တရားအတိုင်း စီရင်ဆုံးဖြတ်ကြလော့'' ဟုမိန့်တော်မူ၏။ ယေရုရှလင်မြို့သားအချို့တို့က ``ဤသူကို အာဏာပိုင်ကသတ်ရန်ရှာကြံနေကြသည် မဟုတ်ပါလော။- ကြည့်ပါ။ သူသည်အထင်အရှားဟောပြောသွန် သင်လျက်နေ၏။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အားမတားမြစ်ပါတကား။ ဤသူသည် မေရှိယအရှင်ဖြစ်ကြောင်းကိုအာဏာပိုင်တို့ ကအကယ်ပင်သိရှိကြလေသလော။ သို့ရာ တွင်ဤသူ၏ဇာတိကိုငါတို့သိကြ၏။- မေရှိယအရှင်ကြွလာတော်မူချိန်၌မူကား ထိုအရှင်၏ဇာတိကိုမည်သူမျှမသိနိုင်ရာ'' ဟုဆိုကြ၏။ ကိုယ်တော်သည်ဗိမာန်တော်ထဲတွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``သင်တို့ငါ့ကို သိကြ၏။ ငါအဘယ်ကလာသည်ကိုလည်း သိကြ၏။ သို့ရာတွင်ငါသည်ကိုယ့်အခွင့် အာဏာအရလာသည်မဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်သည်သစ္စာနှင့်ပြည့်စုံ တော်မူ၏။ ထိုအရှင်ကိုသင်တို့မသိကြ။- ငါသည်ထိုအရှင်၏ထံမှလာသောကြောင့် လည်းကောင်း၊ ထိုအရှင်သည်ငါ့ကိုစေလွှတ် တော်မူသောကြောင့်လည်းကောင်း ငါသည်ထို အရှင်ကိုသိ၏'' ဟုကြွေးကြော်တော်မူ၏။ လူတို့သည်ကိုယ်တော်အားဖမ်းဆီးရန်အခွင့် ကိုရှာကြံကြသော်လည်းအချိန်မကျသေး သဖြင့် ကိုယ်တော်အားအဘယ်သူမျှမဖမ်း မဆီးကြ။- ပရိသတ်အထဲမှလူအများပင်ကိုယ်တော်ကို သက်ဝင်ယုံကြည်လာကြပြီးလျှင် ``မေရှိယ အရှင်ကြွလာတော်မူသောအခါ ဤအရှင် ပြသည်ထက်ပိုမိုများပြားသောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူမည်လော'' ဟုဆိုကြ၏။
ရှင်ယောဟန် 7:1-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ယေရှုသည် ဂါလိလဲနယ်တွင် လှည့်လည်တော်မူ၏။ အကြောင်းမှာ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ရှာကြံနေကြသောကြောင့် ယုဒနယ်၌လှည့်လည်ရန် အလိုတော်မရှိ။ သို့ရာတွင် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ယာယီတဲစုပွဲတော်နီးကပ်လာသောအခါ ညီတော်တို့က ကိုယ်တော်အား “သင်ပြုနေသောအမှုအရာများကို သင်၏တပည့်တို့သည်လည်း မြင်ရရန် ဤအရပ်မှ ထွက်ခွာ၍ ယုဒနယ်သို့ သွားပါလော့။ မိမိကိုယ်ကိုထင်ပေါ်ကျော်စောစေလို၍ တစ်စုံတစ်ခုကို လျှို့ဝှက်စွာပြုသောသူမရှိ။ သင်သည် ဤအမှုအရာများကိုပြုသည်ဆိုလျှင် ဤလောက၌ သင့်ကိုယ်သင်ထင်ရှားစေပါ”ဟု ဆိုကြ၏။ ထိုသို့ဆိုကြခြင်းမှာ ညီတော်တို့ပင် ကိုယ်တော်ကိုမယုံကြည်ကြသောကြောင့်ဖြစ်၏။ ထို့ကြောင့် ယေရှုက ညီတော်တို့အား“ငါ့အချိန်မရောက်သေး။ သင်တို့အချိန်ကား အမြဲအဆင်သင့်ဖြစ်၏။ လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကား မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့ပြုသောအမှုများမကောင်းကြောင်းကို ထောက်ပြသောကြောင့်ဖြစ်၏။ ပွဲတော်သို့ သင်တို့တက်သွားကြလော့။ ငါ့အချိန်မပြည့်စုံသေးသဖြင့် ဤပွဲတော်သို့ ငါမသွား”ဟု မိန့်တော်မူပြီးလျှင် ဂါလိလဲနယ်တွင် နေရစ်တော်မူ၏။ သို့ရာတွင် ပွဲတော်သို့ ညီတော်တို့သွားကြပြီးနောက် ကိုယ်တော်သည်လည်း မထင်မရှား လျှို့ဝှက်စွာကြွတော်မူ၏။ ထိုပွဲတော်တွင် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုလိုက်ရှာလျက် “ထိုသူသည် အဘယ်မှာရှိသနည်း”ဟု မေးမြန်းကြ၏။ လူထုပရိသတ်တို့ထဲတွင် ကိုယ်တော်နှင့်ပတ်သက်၍ အမျိုးမျိုးတီးတိုးပြောဆိုနေကြ၏။ လူအချို့တို့က “သူသည် သူတော်ကောင်းဖြစ်သည်”ဟု ဆိုကြ၏။ အခြားသောသူတို့ကမူ “မဟုတ်ပါ။ သူသည် လူထုပရိသတ်ကိုလှည့်ဖြားနေသည်”ဟု ဆိုကြ၏။ သို့ရာတွင် ဂျူးလူမျိုးတို့ကိုကြောက်ကြသောကြောင့် မည်သူမျှ ကိုယ်တော်အကြောင်းကို ပွင့်လင်းစွာမပြောဆိုကြချေ။ ပွဲတော်ကာလ ထက်ဝက်မျှလွန်သောအခါ ယေရှုသည် ဗိမာန်တော်သို့တက်သွား၍ သွန်သင်တော်မူ၏။ ထိုအခါ ဂျူးလူမျိုးတို့သည်အံ့ဩလျက် “ဤသူသည် သင်ယူခြင်းမရှိဘဲ ကျမ်းများကို မည်သို့တတ်သနည်း”ဟု ဆိုကြ၏။ ယေရှုကလည်း“ငါ၏သွန်သင်ချက်သည် ငါကိုယ်တိုင်၏သွန်သင်ချက်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏သွန်သင်ချက်ဖြစ်၏။ မည်သူမဆို ထိုအရှင်၏အလိုတော်ကို ဆောင်ရွက်လိုသောဆန္ဒရှိလျှင် ဤသွန်သင်ချက်သည် ဘုရားသခင်ထံမှလာသလော၊ သို့မဟုတ် ငါသည် ကိုယ့်ဆန္ဒအလျောက်ဟောပြောနေသလောဆိုသည်ကို သိလိမ့်မည်။ မိမိဆန္ဒအလျောက်ဟောပြောသောသူသည် မိမိ၏ဘုန်းအသရေကိုရှာတတ်၏။ မိမိကိုစေလွှတ်သောအရှင်၏ဘုန်းအသရေကိုရှာသောသူမူကား ဖြောင့်မှန်သောသူဖြစ်ပြီး ထိုသူ၌မတရားမှုမရှိ။ မောရှေသည် သင်တို့အား ပညတ်တရားကိုပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့တွင် ထိုပညတ်တရားကို လိုက်နာကျင့်သုံးသောသူတစ်စုံတစ်ယောက်မျှမရှိ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကိုသတ်ရန် ရှာကြံနေကြသနည်း”ဟု ပြန်၍မိန့်တော်မူ၏။ လူထုပရိသတ်က “သင့်ကိုနတ်ဆိုးပူးနေ၏။ သင့်ကိုသတ်ရန် မည်သူရှာကြံနေသနည်း”ဟု ဆိုကြ၏။ ယေရှုကလည်း“အမှုတစ်ခုကို ငါပြုသောအခါ သင်တို့အားလုံးသည် အံ့ဩကြ၏။ မောရှေသည် အရေဖျားလှီးခြင်းဓလေ့ကို သင်တို့အားပေးခဲ့သောကြောင့် သင်တို့သည် ဥပုသ်နေ့၌ပင် လူကိုအရေဖျားလှီးခြင်းပေးကြ၏။ (အမှန်မှာ ဤဓလေ့သည် မောရှေထံမှမဟုတ်ဘဲ ဘိုးဘေးများထံမှလာ၏။) လူသည် မောရှေ၏ပညတ်တရားကိုမချိုးဖောက်ရန် ဥပုသ်နေ့တွင် အရေဖျားလှီးခြင်းကိုခံသည်ဆိုလျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို အကောင်းပကတိဖြစ်စေသည့်အတွက် ငါ့ကိုစိတ်ဆိုးရသလော။ အပြင်ပန်းအားဖြင့် လူကိုမစီရင်ဘဲ တရားမျှတစွာစီရင်ကြလော့”ဟု မိန့်တော်မူ၏။ ထိုအခါ ဂျေရုဆလင်မြို့သားအချို့တို့က “ဤသူသည် သူတို့သတ်ရန် ရှာကြံနေသောသူမဟုတ်လော။ ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြောနေပါလျက် သူတို့သည် မည်သည့်အရာကိုမျှ မပြောကြပါတကား။ ဤသူခရစ်တော်ဖြစ်ကြောင်းကို အကြီးအကဲတို့သည် အမှန်ပင်သိကြပြီလော။ သို့ရာတွင် ဤသူသည် အဘယ်ကလာသည်ကို ငါတို့သိကြ၏။ ခရစ်တော်ကြွလာတော်မူသောအခါ၌မူကား အဘယ်ကလာသည်ကို မည်သူမျှမသိနိုင်ရာ”ဟု ဆိုကြ၏။ ထို့ကြောင့် ယေရှုသည် ဗိမာန်တော်၌ သွန်သင်တော်မူစဉ်“သင်တို့သည် ငါ့ကိုသိ၍ ငါအဘယ်ကလာသည်ကိုလည်း သိကြ၏။ သို့ရာတွင် ငါသည် ကိုယ့်ဆန္ဒအလျောက်လာသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ဖြောင့်မှန်သောအရှင်ဖြစ်တော်မူ၏။ သင်တို့သည် ထိုအရှင်ကိုမသိကြ။ ငါမူကား သိ၏။ အကြောင်းမူကား ငါသည် ထိုအရှင်ထံမှလာ၍ ထိုအရှင်သည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ကြွေးကြော်တော်မူ၏။ ထိုအခါ လူတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန်ကြိုးစားကြသော်လည်း ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှကိုယ်တော်ကိုမဖမ်းဆီးကြချေ။ သို့ရာတွင် လူထုပရိသတ်ထဲမှအများစုသည် ကိုယ်တော်ကိုယုံကြည်လျက် “ခရစ်တော်ကြွလာသောအခါတွင် ဤသူပြုသည်ထက် ပို၍များသောနိမိတ်လက္ခဏာတို့ကို ပြုပါမည်လော”ဟု ဆိုကြ၏။