YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 7:1-31

ရှင်ယောဟန်ခရစ်ဝင် 7:1-31 MSBU

ထို့နောက် ယေရှု​သည် ဂါလိလဲ​နယ်​တွင် လှည့်လည်​တော်မူ​၏။ အကြောင်းမှာ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သောကြောင့် ယုဒ​နယ်​၌​လှည့်လည်​ရန် အလို​တော်​မ​ရှိ။ သို့ရာတွင် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​တည်းဟူသော ယာယီ​တဲစု​ပွဲတော်​နီးကပ်​လာ​သောအခါ ညီ​တော်​တို့​က ကိုယ်တော်​အား “သင်​ပြု​နေ​သော​အမှုအရာ​များ​ကို သင်​၏​တပည့်​တို့​သည်​လည်း မြင်​ရ​ရန် ဤ​အရပ်​မှ ထွက်ခွာ​၍ ယုဒ​နယ်​သို့ သွား​ပါ​လော့။ မိမိကိုယ်ကို​ထင်ပေါ်​ကျော်စော​စေ​လို​၍ တစ်စုံတစ်ခု​ကို လျှို့ဝှက်​စွာ​ပြု​သော​သူ​မ​ရှိ။ သင်​သည် ဤ​အမှုအရာ​များ​ကို​ပြု​သည်​ဆို​လျှင် ဤ​လောက​၌ သင့်ကိုယ်သင်​ထင်ရှား​စေ​ပါ”​ဟု ဆို​ကြ​၏။ ထိုသို့​ဆို​ကြ​ခြင်း​မှာ ညီ​တော်​တို့​ပင် ကိုယ်တော်​ကို​မ​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။ ထို့ကြောင့် ယေရှု​က ညီ​တော်​တို့​အား“ငါ့​အချိန်​မ​ရောက်​သေး။ သင်​တို့​အချိန်​ကား အမြဲ​အဆင်သင့်​ဖြစ်​၏။ လောကီသား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူကား မုန်း​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​သည် သူ​တို့​ပြု​သော​အမှု​များ​မကောင်း​ကြောင်း​ကို ထောက်ပြ​သောကြောင့်​ဖြစ်​၏။ ပွဲတော်​သို့ သင်​တို့​တက်​သွား​ကြ​လော့။ ငါ့​အချိန်​မ​ပြည့်စုံ​သေး​သဖြင့် ဤ​ပွဲတော်​သို့ ငါ​မ​သွား”​ဟု မိန့်​တော်မူ​ပြီးလျှင် ဂါလိလဲ​နယ်​တွင် နေရစ်​တော်မူ​၏။ သို့ရာတွင် ပွဲတော်​သို့ ညီ​တော်​တို့​သွား​ကြ​ပြီးနောက် ကိုယ်တော်​သည်​လည်း မထင်မရှား လျှို့ဝှက်​စွာ​ကြွ​တော်မူ​၏။ ထို​ပွဲတော်​တွင် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​လိုက်ရှာ​လျက် “ထို​သူ​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေးမြန်း​ကြ​၏။ လူထု​ပရိသတ်​တို့​ထဲတွင် ကိုယ်တော်​နှင့်​ပတ်သက်၍ အမျိုးမျိုး​တီးတိုး​ပြောဆို​နေ​ကြ​၏။ လူ​အချို့​တို့​က “သူ​သည် သူတော်ကောင်း​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က​မူ “မ​ဟုတ်​ပါ။ သူ​သည် လူထု​ပရိသတ်​ကို​လှည့်ဖြား​နေ​သည်”​ဟု ဆို​ကြ​၏။ သို့ရာတွင် ဂျူး​လူမျိုး​တို့​ကို​ကြောက်​ကြ​သောကြောင့် မည်သူမျှ ကိုယ်တော်​အကြောင်း​ကို ပွင့်လင်း​စွာ​မ​ပြောဆို​ကြ​ချေ။ ပွဲတော်​ကာလ ထက်ဝက်​မျှ​လွန်​သောအခါ ယေရှု​သည် ဗိမာန်​တော်​သို့​တက်​သွား​၍ သွန်သင်​တော်မူ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​သည်​အံ့ဩ​လျက် “ဤ​သူ​သည် သင်ယူ​ခြင်း​မ​ရှိ​ဘဲ ကျမ်း​များ​ကို မည်သို့​တတ်​သနည်း”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“ငါ​၏​သွန်သင်​ချက်​သည် ငါ​ကိုယ်တိုင်​၏​သွန်သင်ချက်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​သွန်သင်ချက်​ဖြစ်​၏။ မည်သူမဆို ထို​အရှင်​၏​အလို​တော်​ကို ဆောင်ရွက်​လို​သော​ဆန္ဒ​ရှိ​လျှင် ဤ​သွန်သင်​ချက်​သည် ဘုရားသခင်​ထံမှ​လာ​သလော​၊ သို့မဟုတ် ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​ဟောပြော​နေ​သလော​ဆို​သည်​ကို သိ​လိမ့်မည်။ မိမိ​ဆန္ဒ​အလျောက်​ဟောပြော​သော​သူ​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ရှာ​တတ်​၏။ မိမိ​ကို​စေလွှတ်​သော​အရှင်​၏​ဘုန်း​အသရေ​ကို​ရှာ​သော​သူ​မူကား ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ထို​သူ​၌​မတရားမှု​မ​ရှိ။ မောရှေ​သည် သင်​တို့​အား ပညတ်​တရား​ကို​ပေး​ခဲ့​သည်​မ​ဟုတ်​လော။ သို့သော် သင်​တို့​တွင် ထို​ပညတ်​တရား​ကို လိုက်နာ​ကျင့်သုံး​သော​သူ​တစ်စုံ​တစ်ယောက်​မျှ​မ​ရှိ။ သင်​တို့​သည် အဘယ်ကြောင့် ငါ့​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သနည်း”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ လူထု​ပရိသတ်​က “သင့်​ကို​နတ်ဆိုး​ပူး​နေ​၏။ သင့်​ကို​သတ်​ရန် မည်သူ​ရှာကြံ​နေ​သနည်း”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“အမှု​တစ်​ခု​ကို ငါ​ပြု​သောအခါ သင်​တို့​အားလုံး​သည် အံ့ဩ​ကြ​၏။ မောရှေ​သည် အရေဖျား​လှီး​ခြင်း​ဓလေ့​ကို သင်​တို့​အား​ပေး​ခဲ့​သောကြောင့် သင်​တို့​သည် ဥပုသ်နေ့​၌​ပင် လူ​ကို​အရေဖျား​လှီး​ခြင်း​ပေး​ကြ​၏။ (အမှန်မှာ ဤ​ဓလေ့​သည် မောရှေ​ထံမှ​မ​ဟုတ်​ဘဲ ဘိုးဘေး​များ​ထံမှ​လာ​၏။) လူ​သည် မောရှေ​၏​ပညတ်​တရား​ကို​မ​ချိုးဖောက်​ရန် ဥပုသ်နေ့​တွင် အရေဖျား​လှီး​ခြင်း​ကို​ခံ​သည်​ဆိုလျှင် ငါ​သည် ဥပုသ်နေ့​၌ လူ​တစ်ကိုယ်လုံး​ကို အကောင်း​ပကတိ​ဖြစ်​စေ​သည့်​အတွက် ငါ့​ကို​စိတ်ဆိုး​ရ​သလော။ အပြင်ပန်း​အားဖြင့် လူ​ကို​မ​စီရင်​ဘဲ တရားမျှတ​စွာ​စီရင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဂျေရုဆလင်​မြို့သား​အချို့​တို့​က “ဤ​သူ​သည် သူ​တို့​သတ်​ရန် ရှာကြံ​နေ​သော​သူ​မ​ဟုတ်​လော။ ကြည့်​ပါ။ သူ​သည် ထင်ရှား​စွာ​ဟောပြော​နေ​ပါ​လျက် သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ မ​ပြော​ကြ​ပါ​တကား။ ဤ​သူ​ခရစ်တော်​ဖြစ်​ကြောင်း​ကို အကြီးအကဲ​တို့​သည် အမှန်ပင်​သိ​ကြ​ပြီ​လော။ သို့ရာတွင် ဤ​သူ​သည် အဘယ်က​လာ​သည်​ကို ငါ​တို့​သိ​ကြ​၏။ ခရစ်တော်​ကြွလာ​တော်မူ​သောအခါ​၌​မူကား အဘယ်က​လာ​သည်​ကို မည်သူမျှ​မ​သိ​နိုင်​ရာ”​ဟု ဆို​ကြ​၏။ ထို့ကြောင့် ယေရှု​သည် ဗိမာန်​တော်​၌ သွန်သင်​တော်မူ​စဉ်“သင်​တို့​သည် ငါ့​ကို​သိ​၍ ငါ​အဘယ်က​လာ​သည်​ကို​လည်း သိ​ကြ​၏။ သို့ရာတွင် ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​လာ​သည်​မ​ဟုတ်။ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​သည် ဖြောင့်မှန်​သော​အရှင်​ဖြစ်​တော်မူ​၏။ သင်​တို့​သည် ထို​အရှင်​ကို​မ​သိ​ကြ။ ငါ​မူကား သိ​၏။ အကြောင်းမူကား ငါ​သည် ထို​အရှင်​ထံမှ​လာ​၍ ထို​အရှင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏”​ဟု ကြွေးကြော်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန်​ကြိုးစား​ကြ​သော်လည်း ကိုယ်တော်​၏​အချိန်​မ​ရောက်​သေး​သောကြောင့် မည်သူမျှ​ကိုယ်တော်​ကို​မ​ဖမ်းဆီး​ကြ​ချေ။ သို့ရာတွင် လူထု​ပရိသတ်​ထဲမှ​အများစု​သည် ကိုယ်တော်​ကို​ယုံကြည်​လျက် “ခရစ်တော်​ကြွလာ​သောအခါ​တွင် ဤ​သူ​ပြု​သည်​ထက် ပို၍​များ​သော​နိမိတ်​လက္ခဏာ​တို့​ကို ပြု​ပါ​မည်​လော”​ဟု ဆို​ကြ​၏။