YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 6:1-15

ရှင်ယောဟန် 6:1-15 Judson Bible (JBMLE)

ထို​နောက်​မှ ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​တည်း​ဟူ​သော ဂါ​လိ​လဲ​အိုင်​ကို ကူး​တော်​မူ၏။- အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။- ယေ​ရှု​သည်​တောင်​ပေါ်​သို့ တက်​ကြွ၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ ထိုင်​တော်​မူ၏။- ထို​အ​ခါ ယု​ဒ​လူ​တို့၏​ပ​သ​ခါ​ပွဲ​ခံ​ချိန် ရောက်​လု​နီး​သ​တည်း။ ယေ​ရှု​သည် မျှော်​ကြည့်၍ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ ဖိ​လိ​ပ္ပု​အား၊ ဤ​သူ​တို့​စား​စ​ရာ​မုန့်​ကို အ​ဘယ်​မှာ ဝယ်​မည်​နည်း​ဟု မေး​တော်​မူ၏။- ထို​သို့​မေး​တော်​မူ​သော်၊ မိ​မိ​အ​ဘယ်​သို့ ပြု​မည်​ကို​သိ​တော်​မူ​လျက်​ပင် ဖိ​လိ​ပ္ပု​ကို​စုံ​စမ်း​ခြင်း​ငှာ​သာ မေး​တော်​မူ၏။- ဖိ​လိ​ပ္ပု​က​လည်း၊ ဤ​သူ​တို့​သည် မုန့်​တစ်​ဖဲ့​စီ​စေ့​အောင် ဒေ​နာ​ရိ​အ​ပြား​နှစ်​ရာ​အ​ဖိုး​ထိုက်​သော​မုန့် မ​လောက်​ပါ​ဟု လျှောက်၏။- ရှိ​မုန်​ပေ​တ​ရု၏​ညီ အ​န္ဒြေ​အ​မည်​ရှိ​သော တ​ပည့်​တော်​က၊- မု​ယော​မုန့်​ငါး​လုံး​နှင့် ငါး​က​လေး​နှစ်​ကောင်​ပါ​သော သူ​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သို့​သော်​လည်း ဤ​မျှ​လောက် များ​စွာ​သော​သူ​တို့​သည် ရှိ​ကြ​သည်​ဖြစ်၍၊ ထို​မုန့်​နှင့် ငါး​နှစ်​ကောင်​တို့​ကို အ​ဘယ်​ပြော​စ​ရာ​ရှိ​ပါ​သ​နည်း ဟု​လျှောက်၏။- ယေ​ရှု​က​လည်း၊ လူ​များ​တို့​ကို လျောင်း​ကြ​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ရပ်၌ မြက်​ပင်​ထူ​ပြော​လျက်​ရှိ​သည် ဖြစ်၍၊ အ​ရေ​အ​တွက်​အား​ဖြင့် ငါး​ထောင်​မျှ​လောက်​သော​လူ​တို့​သည် လျောင်း​ကြ၏။- ယေ​ရှု​သည်​မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ တ​ပည့်​တော်​တို့​အား ဝေ​ငှ​တော်​မူ၍၊ တ​ပည့်​တော်​တို့​သည် လျောင်း​သော​သူ​တို့​အား ဝေ​ငှ​ပြန်၏။ ထို​နည်း​တူ ငါး​နှစ်​ကောင်​ကို လူ​များ​လို​ချင်​သ​မျှ ဝေ​ငှ​ကြ၏။- ထို​သူ​တို့​သည်​ဝ​ကြ​ပြီး​မှ ကိုယ်​တော်​က၊ ဘာ​မျှ မ​ပျောက်​စေ​ခြင်း​ငှာ ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ဖြစ်၍၊- စား​သော​သူ​တို့၌ ကျန်​ကြွင်း​သော မု​ယော​မုန့်​ငါး​လုံး၏ အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။- ထို​သို့​ယေ​ရှု​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ထို​လူ​များ​တို့​သည်​မြင်​လျှင်၊ ဤ​သူ​ကား ဤ​လော​က​သို့ ကြွ​လာ​ရ​သော ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။- ထို​သူ​တို့​သည် ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ​လာ၍ အ​နိုင်​အ​ထက်​ပြု​ကြ​မည်​အ​ကြောင်း​ကို ယေ​ရှု​သည်​သိ​တော်​မူ​လျှင်၊ တောင်​ပေါ်​သို့ တစ်​ယောက်​တည်း​ကြွ​တော်​မူ​ပြန်၏။

ရှင်ယောဟန် 6:1-15 Common Language Bible (BCL)

ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​အိုင် (တိ​ဗေ​ရိ​အိုင်​ဟု​လည်း​ခေါ်​သည်) ကို​ကူး​တော်​မူ​၏။- သူ​နာ​များ​အား​ရော​ဂါ​ပျောက်​ကင်း​စေ​တော် မူ​သည်​ကို​တွေ့​မြင်​ခဲ့​ကြ​သ​ဖြင့် လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​တောင်​ပေါ်​သို့​တက်​တော်​မူ​၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​၏။- ယု​ဒ​အ​မျိုး​သား​တို့​၏​ပွဲ​တော်​ဖြစ်​သော ပ​သ​ခါ​ပွဲ​ကျ​ရောက်​ရန်​အ​ခါ​ကား​နီး ပေ​ပြီ။- သ​ခင်​ယေ​ရှု​သည်​မျှော်​ကြည့်​လိုက်​သော​အ​ခါ မိ​မိ​ထံ​သို့​လူ​ပ​ရိ​သတ်​ကြီး​လာ​လျက်​နေ သည်​ကို​မြင်​တော်​မူ​၍ ``ဤ​သူ​တို့​စား​ရန် အ​စား​အ​စာ​ကို​အ​ဘယ်​မှာ​ဝယ်​နိုင်​သ​နည်း'' ဟု​ဖိ​လိပ္ပု​အား​မေး​တော်​မူ​၏။- (ဤ​သို့​မေး​တော်​မူ​ခြင်း​မှာ​ဖိ​လိပ္ပု​ကို​အ​ကဲ ခပ်​လို​၍​ဖြစ်​၏။ ကိုယ်​တော်​ကား​မိ​မိ​အ​ဘယ် သို့​ပြု​မည်​ကို​သိ​ရှိ​ပြီး​ဖြစ်​ပေ​သည်။) ဖိ​လိပ္ပု​က ``လူ​တစ်​ယောက်​ကို​အ​စား​အ​စာ အ​နည်း​ငယ်​စီ​ကျွေး​ရန်​ပင်​လျှင် ငွေ​ဒေ​နာ​ရိ နှစ်​ရာ​ဖိုး​နှင့်​လုံ​လောက်​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​၏။- ရှိ​မုန်​ပေ​တ​ရု​၏​ညီ၊ တ​ပည့်​တော်​တစ်​ဦး​ဖြစ် သူ​အန္ဒြေ​က​ကိုယ်​တော်​အား၊- ``ဤ​မှာ​သူ​ငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သူ့​ထံ တွင်​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ ပါ​၏။ သို့​ရာ​တွင်​ဤ​မျှ​ကြီး​မား​သော​လူ ပ​ရိ​သတ်​အား ထို​မုန့်​နှင့်​ငါး​ကို​အ​ဘယ် သို့​လျှင်​လောက်​င​အောင်​ကျွေး​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။ ကိုယ်​တော်​က ``လူ​တို့​အား​ထိုင်​စေ​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ (ထို​အ​ရပ်​တွင်​မြက်​ထူ​ထပ်​သ​ဖြင့်) ငါး​ထောင်​မျှ​သော​လူ​တို့​သည်​မြက်​ပေါ်​တွင် ထိုင်​ကြ​၏။- ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​ပြီး​လျှင် ထိုင်​နေ​သော​သူ​တို့​အား​ဝေ​ငှ​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပြု​တော် မူ​၏။ လူ​တို့​သည်​ဝ​အောင်​စား​ကြ​ရ​၏။- ထို​သူ​တို့​စား​၍​ဝ​ကြ​သော​အ​ခါ​ကိုယ်​တော် က ``စား​ကြွင်း​စား​ကျန်​များ​ကို​မ​လေ​မ​လွင့် ရ​အောင်​သိမ်း​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကောက်​သိမ်း ကြ​ရာ​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင် မှ စား​ကြွင်း​စား​ကျန်​အ​စ​အ​န​များ​တောင်း တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။ ဤ​သို့​ကိုယ်​တော်​ပြ​တော်​မူ​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​ကို​မြင်​ကြ​ရ​သော​သူ​တို့​က ``ဤ​သူ​ကား​လော​က​သို့​ကြွ​လာ​တော်​မူ​မည် ဟု​ဆို​သော​ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​၏'' ဟု ဆို​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။

ရှင်ယောဟန် 6:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယေရှု​သည် ဂါလိလဲ​ပင်လယ် (တိဗေရိ​ပင်လယ်) တစ်ဖက်ကမ်း​သို့ ကူး​တော်မူ​၏။ များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​တို့​အပေါ်၌ ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​များ​ကို​မြင်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။ ယေရှု​သည် တောင်​ပေါ်သို့​တက်သွား​၍ ထို​အရပ်​၌ တပည့်​တော်​တို့​နှင့်အတူ​ထိုင်​တော်မူ​၏။ ထိုအချိန်​သည် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​တည်းဟူသော ပသခါ​ပွဲတော်​နီးကပ်​သည့်​အချိန်​ဖြစ်​၏။ ယေရှု​သည် မျှော်ကြည့်​၍ မိမိ​ထံသို့ အလွန်​များစွာ​သော​လူထု​ပရိသတ်​တို့​လာ​နေ​ကြ​သည်​ကို မြင်​တော်မူ​လျှင် ဖိလိပ္ပု​အား“ဤ​သူ​တို့​စား​ရန် မုန့်​ကို အဘယ်က​ဝယ်​ကြ​မည်နည်း”​ဟု မေး​တော်မူ​၏။ ဤသည်ကား ဖိလိပ္ပု​ကို​စမ်းသပ်​လို​၍ မေး​တော်မူ​ခြင်း​သာ​ဖြစ်​ပြီး မိမိ​မည်သို့​ပြု​မည်​ကို သိ​နှင့်ပြီ​ဖြစ်​၏။ ဖိလိပ္ပု​က​လည်း “သူ​တို့​ကို တစ်​ယောက်​တစ်​ဖဲ့​စီ​ပေး​သည့်​တိုင် ဒေနာရိ​နှစ်ရာ​ဖိုး​ထိုက်​သော​မုန့်​ရှိ​လျှင်​လည်း လုံလောက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သူ ရှိမုန်​ပေတရု​၏​ညီ​အန္ဒြေ​က “ဤ​နေရာ​တွင် မုယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ပါ​သော သူငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သို့သော် ဤမျှလောက်​များပြား​သော​သူ​တို့​အတွက် ထို​မုန့်​နှင့်​ငါး​တို့​သည် မည်သို့​အကျိုးထူး​မည်နည်း”​ဟု လျှောက်​လေ​၏။ ယေရှု​က“လူ​တို့​ကို​ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ (ထို​နေရာ​၌ မြက်​ပင်​ထူထပ်​လျက်​ရှိ​၏။) သို့ဖြစ်၍ အရေအတွက်​အားဖြင့် ငါးထောင်​ခန့်​ရှိ​သော​ယောက်ျား​တို့​သည် ထိုင်​ကြ​၏။ ထိုအခါ ယေရှု​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးမှ ထိုင်​နေ​သော​သူ​တို့​အား ခွဲဝေ​ပေး​တော်မူ​၏။ ထိုနည်းတူ ငါး​ကို​လည်း သူ​တို့​အလိုရှိ​သလောက် ခွဲဝေပေး​တော်မူ​၏။ ထို​သူ​တို့​သည် ဝ​လင်​စွာ​စား​ကြ​ပြီး​သောအခါ ယေရှု​က တပည့်​တော်​တို့​အား“တစ်စုံတစ်ခု​မျှ အလဟဿ​မ​ဖြစ်​စေရန် ကြွင်းကျန်​သော​အကျိုးအပဲ့​များ​ကို ကောက်​သိမ်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း ကောက်သိမ်း​ကြ​ရာ လူ​တို့​စား​ခဲ့​သော​မုယော​မုန့်​ငါး​လုံး​မှ ကြွင်းကျန်​သည့်​အကျိုးအပဲ့​များ​ကို တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။ လူ​တို့​သည် ယေရှု​ပြု​တော်မူ​သော ထို​နိမိတ်​လက္ခဏာ​ကို​မြင်​၍ “ဤ​သူ​သည် အမှန်ပင် ဤ​လောက​သို့​ကြွလာ​ရ​မည့် ထို​ပရောဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ လူ​တို့​သည်​လာ​၍ မိမိ​ကို​အတင်း​ခေါ်ဆောင်​သွား​ပြီး မင်းမြှောက်​ရန် ကြံရွယ်​နေ​ကြ​သည်​ကို ယေရှု​သိ​တော်မူ​သဖြင့် တစ်ဖန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​ထွက်သွား​တော်မူ​၏။