YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 6:1-15

ရှင်ယောဟန်ခရစ်ဝင် 6:1-15 MSBU

ထို့နောက် ယေရှု​သည် ဂါလိလဲ​ပင်လယ် (တိဗေရိ​ပင်လယ်) တစ်ဖက်ကမ်း​သို့ ကူး​တော်မူ​၏။ များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​တို့​အပေါ်၌ ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​များ​ကို​မြင်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။ ယေရှု​သည် တောင်​ပေါ်သို့​တက်သွား​၍ ထို​အရပ်​၌ တပည့်​တော်​တို့​နှင့်အတူ​ထိုင်​တော်မူ​၏။ ထိုအချိန်​သည် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​တည်းဟူသော ပသခါ​ပွဲတော်​နီးကပ်​သည့်​အချိန်​ဖြစ်​၏။ ယေရှု​သည် မျှော်ကြည့်​၍ မိမိ​ထံသို့ အလွန်​များစွာ​သော​လူထု​ပရိသတ်​တို့​လာ​နေ​ကြ​သည်​ကို မြင်​တော်မူ​လျှင် ဖိလိပ္ပု​အား“ဤ​သူ​တို့​စား​ရန် မုန့်​ကို အဘယ်က​ဝယ်​ကြ​မည်နည်း”​ဟု မေး​တော်မူ​၏။ ဤသည်ကား ဖိလိပ္ပု​ကို​စမ်းသပ်​လို​၍ မေး​တော်မူ​ခြင်း​သာ​ဖြစ်​ပြီး မိမိ​မည်သို့​ပြု​မည်​ကို သိ​နှင့်ပြီ​ဖြစ်​၏။ ဖိလိပ္ပု​က​လည်း “သူ​တို့​ကို တစ်​ယောက်​တစ်​ဖဲ့​စီ​ပေး​သည့်​တိုင် ဒေနာရိ​နှစ်ရာ​ဖိုး​ထိုက်​သော​မုန့်​ရှိ​လျှင်​လည်း လုံလောက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သူ ရှိမုန်​ပေတရု​၏​ညီ​အန္ဒြေ​က “ဤ​နေရာ​တွင် မုယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ပါ​သော သူငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သို့သော် ဤမျှလောက်​များပြား​သော​သူ​တို့​အတွက် ထို​မုန့်​နှင့်​ငါး​တို့​သည် မည်သို့​အကျိုးထူး​မည်နည်း”​ဟု လျှောက်​လေ​၏။ ယေရှု​က“လူ​တို့​ကို​ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ (ထို​နေရာ​၌ မြက်​ပင်​ထူထပ်​လျက်​ရှိ​၏။) သို့ဖြစ်၍ အရေအတွက်​အားဖြင့် ငါးထောင်​ခန့်​ရှိ​သော​ယောက်ျား​တို့​သည် ထိုင်​ကြ​၏။ ထိုအခါ ယေရှု​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးမှ ထိုင်​နေ​သော​သူ​တို့​အား ခွဲဝေ​ပေး​တော်မူ​၏။ ထိုနည်းတူ ငါး​ကို​လည်း သူ​တို့​အလိုရှိ​သလောက် ခွဲဝေပေး​တော်မူ​၏။ ထို​သူ​တို့​သည် ဝ​လင်​စွာ​စား​ကြ​ပြီး​သောအခါ ယေရှု​က တပည့်​တော်​တို့​အား“တစ်စုံတစ်ခု​မျှ အလဟဿ​မ​ဖြစ်​စေရန် ကြွင်းကျန်​သော​အကျိုးအပဲ့​များ​ကို ကောက်​သိမ်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း ကောက်သိမ်း​ကြ​ရာ လူ​တို့​စား​ခဲ့​သော​မုယော​မုန့်​ငါး​လုံး​မှ ကြွင်းကျန်​သည့်​အကျိုးအပဲ့​များ​ကို တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။ လူ​တို့​သည် ယေရှု​ပြု​တော်မူ​သော ထို​နိမိတ်​လက္ခဏာ​ကို​မြင်​၍ “ဤ​သူ​သည် အမှန်ပင် ဤ​လောက​သို့​ကြွလာ​ရ​မည့် ထို​ပရောဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ လူ​တို့​သည်​လာ​၍ မိမိ​ကို​အတင်း​ခေါ်ဆောင်​သွား​ပြီး မင်းမြှောက်​ရန် ကြံရွယ်​နေ​ကြ​သည်​ကို ယေရှု​သိ​တော်မူ​သဖြင့် တစ်ဖန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​ထွက်သွား​တော်မူ​၏။

​ရှင်ယောဟန်ခရစ်ဝင် 6:1-15 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။