ရှင်ယောဟန် 19:1-42
ရှင်ယောဟန် 19:1-42 Judson Bible (JBMLE)
ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ၊- စစ်သူရဲတို့သည် ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌တင်၍၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေပြီးလျှင်၊- ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။- ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ၊ သူ့ကို သင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟု ဆို၏။- ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံတို့ကို ဝတ်လျက် ပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟု ဆို၏။- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လုလင်များတို့က၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့သည် သူ့ကိုယူ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ။ ငါသည် သူ၌အပြစ်ကို မတွေ့ဟုဆိုလျှင်၊- ယုဒလူတို့က၊ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ၏။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို့ ဝင်ပြန်၍၊- ယေရှုအား၊ သင်သည် အဘယ်ကဖြစ်သနည်းဟုမေးလျှင်၊ တစ်ခွန်းကိုမျှ ပြန်တော်မမူ၊- ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကိုလည်းကောင်း၊ လွှတ်ပိုင်သည်ကိုလည်းကောင်း၊ သင်မသိလောဟုဆိုသော်၊- အထက်အရပ်မှ အခွင့်ကိုမရလျှင် မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီးလက်သို့ အပ်နှံသောသူသည် သာ၍ ကြီးသောအပြစ်ရှိသည်ဟု မိန့်တော်မူ၏။- ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှာ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။- ထိုနေ့အချိန်ကား၊ ပသခါအဖိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊- ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရာဟိတ်အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ၏။- ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ထိုသူတို့လက်သို့ အပ်သဖြင့်၊ သူတို့သည် ကိုယ်တော်ကိုယူ၍ ထုတ်သွားကြ၏။ ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက်တော်မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။- ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသတည်း။- ပိလတ်မင်းသည်လည်း ကမ္ပည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင်၊ နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း။- ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဖတ်ကြ၏။- ထိုကြောင့် ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်းထံသို့ဝင်၍၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည်ယုဒရှင်ဘုရင်ဖြစ်သည်ဟု သူဆိုကြောင်းကို ရေးတော်မူပါဟု လျှောက်ကြလျှင်၊- ပိလတ်မင်းက၊ ငါရေးပြီးသောအရာကို ငါရေးပြီဟု ပြန်ဆို၏။ စစ်သူရဲတို့သည် ယေရှုကို လက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တစ်ယောက်တစ်ပိုင်းစီ ယူကြလေ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်းတိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်၊- ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကို ပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။ ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ၏။- ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍လည်းကောင်း၊- တပည့်တော်အားလည်း၊ သင်၏အမိကို ကြည့်ပါဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။ ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။- ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။- ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။ ထိုနေ့သည် အဖိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှာ ပိလတ်မင်းထံသို့ဝင်ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။- ထိုအခါစစ်သူရဲတို့သည် သွား၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူနှစ်ယောက်တို့၏ ခြေကိုချိုးလေ၏။- ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကိုမြင်လျှင် ခြေကိုမချိုးဘဲ၊- စစ်သူရဲတစ်ယောက်သည် နံဘေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့် ရေသည် ချက်ချင်းထွက်လာ၏။- ထိုအကြောင်းအရာကိုမြင်သောသူသည် သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည် ယုံကြည်မည်အကြောင်း၊ သူပြောသောစကားမှန်သည်ကို သူသိ၏။- ထိုအကြောင်းအရာကား၊ သူ၏အရိုးကို မချိုးရဟု ကျမ်းစာလာချက် ပြည့်စုံမည်အကြောင်းတည်း။- တစ်ဖန် ကျမ်းစာလာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်ဟု လာ၏။ ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။- အထက်က ညအခါ ယေရှုထံသို့လာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန်ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပေါင်းကို ဆောင်လျက်လာ၏။- ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။- လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။- ယုဒလူတို့၏ အဖိတ်နေ့ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌ အလောင်းတော်ကိုထားကြ၏။
ရှင်ယောဟန် 19:1-42 Common Language Bible (BCL)
ထိုနောက်ပိလတ်မင်းသည်သခင်ယေရှုကို ခေါ်သွားစေပြီးလျှင်ကြိမ်ဒဏ်ခတ်စေ၏။- စစ်သားများသည်ဆူးခက်ဖြင့်ရက်သောဦးရစ် သရဖူကိုပြုလုပ်၍ ဦးခေါင်းတော်ကိုဆောင်း ပေးကြ၏။ ထိုနောက်နီမောင်းသောဝတ်လုံကို ကိုယ်တော်အားဝတ်ပေးပြီးလျှင်၊- အထံတော်သို့ချဉ်းကပ်၍ ``ယုဒရှင်ဘုရင်၊ သက်တော်ရှည်ပါစေသော'' ဟုဆို၍ပါးတော် ကိုရိုက်ကြ၏။ ပိလတ်မင်းသည်အပြင်သို့တစ်ဖန်ထွက်ပြီး လျှင်ပရိသတ်တို့အား ``ထိုသူကိုသေဒဏ်ပေး နိုင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့ ကြောင်း သင်တို့သိရှိကြစေရန်သူ့အားသင် တို့ထံသို့ငါထုတ်ခဲ့မည်'' ဟုဆို၏။- သခင်ယေရှုသည်လည်းဆူးဦးရစ်သရဖူကို ဆောင်းလျက်နီမောင်းသောဝတ်လုံကိုဝတ်ဆင် ကာ အပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်း က ``ကြည့်ကြလော့၊ ဤသူပင်ဖြစ်သည်'' ဟု ဆို၏။ ယဇ်ပုရောဟိတ်ကြီးများနှင့်အစောင့်တပ်သား များသည်ကိုယ်တော်ကိုမြင်သောအခါ ``သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ။ သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့ပင်သူ့ကိုခေါ်ဆောင် ပြီးလျှင်လက်ဝါးကပ်တိုင်တွင်တင်၍သတ် ကြလော့။ သူ့ကိုသေဒဏ်ပေးရန်အကြောင်း တစ်စုံတစ်ရာမျှငါမတွေ့'' ဟုဆို၏။- လူထုက ``ထိုသူသည်မိမိကိုယ်ကိုဘုရား သခင်၏သားတော်ဟုဆိုသောကြောင့် သေဒဏ် ခံထိုက်ကြောင်း အကျွန်ုပ်တို့တရားဥပဒေ ကဆိုပါသည်'' ဟုပြန်၍ဖြေကြား၏။ ထိုသူတို့၏စကားကိုကြားလျှင်ပိလတ် မင်းသည်ပို၍ပင်ကြောက်လန့်လာ၏။- သို့ဖြစ်၍အိမ်တော်ထဲသို့ပြန်ဝင်ပြီးနောက် သခင်ယေရှုအား ``သင်သည်အဘယ်မှလာ သနည်း'' ဟုမေး၏။ သို့ရာတွင်သခင်ယေရှုသည်မည်သို့မျှ ဖြေကြားတော်မမူ။- ပိလတ်မင်းက ``သင်သည်ငါနှင့်စကားပြော ရန်ငြင်းဆန်နေပါသလော။ ငါသည်သင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်သည်ကိုလည်း ကောင်း၊ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပိုင် သည်ကိုလည်းကောင်းသင်မသိပါသလော'' ဟုမေး၏။ သခင်ယေရှုက ``မင်းကြီးအားဘုရားသခင် အပ်နှင်း၍သာဤသို့သောအခွင့်အာဏာကို ခံယူရရှိသည်။ ထို့ကြောင့်အကျွန်ုပ်အားမင်း ကြီး၏လက်သို့အပ်နှံသူသည်ပို၍အပြစ် ကြီး၏'' ဟုမိန့်တော်မူ၏။- ဤသို့မိန့်တော်မူသောကြောင့်ပိလတ်မင်းသည် ကိုယ်တော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နည်းလမ်းရှာကြံလေတော့၏။ သို့ရာတွင်လူ ထုက ``ထိုသူအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ပါမူအရှင်မင်းကြီးသည်ဧကရာဇ်မင်း၏ အဆွေတော်မဟုတ်တော့ပြီ။ မည်သူမဆို မိမိကိုယ်ကိုရှင်ဘုရင်ဟုဆိုသူသည် ဧကရာဇ်မင်းကိုပုန်ကန်သူဖြစ်ပါ၏'' ဟု ဟစ်အော်ကြ၏။ ဤစကားကိုကြားသောအခါပိလတ်မင်း သည်သခင်ယေရှုကိုအပြင်သို့ထုတ်ဆောင် ခဲ့ပြီးလျှင် ကျောက်ပြားစင်္ကြံပေါ်ရှိတရား ခွင်တွင်ထိုင်လေ၏။ (ထိုစင်္ကြံကိုဟေဗြဲ ဘာသာဖြင့်ဂဗ္ဗသဟုခေါ်၏။)- ထိုအချိန်ကားပသခါပွဲအကြိုနေ့၊ မွန်းတည့် ခါနီးဖြစ်သတည်း။ ပိလတ်မင်းက ``ကြည့် ကြလော့၊ ဤမှာသင်တို့၏ရှင်ဘုရင်တည်း'' ဟုယုဒအမျိုးသားတို့အားဆို၏။ ထိုသူတို့က ``သူ့ကိုသတ်ပါ၊ သူ့ကိုသတ်ပါ။ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ပြန်၍ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေလို သလော'' ဟုမေး၏။ ယဇ်ပုရောဟိတ်ကြီးများက ``အကျွန်ုပ်တို့ မှာဧကရာဇ်မင်းမှတစ်ပါးအခြားရှင် ဘုရင်မရှိပါ'' ဟုပြန်ပြောကြ၏။ ထိုအခါပိလတ်မင်းသည်ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန် ထိုသူ တို့လက်သို့အပ်လိုက်လေ၏။ သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုခေါ်ဆောင် သွားကြ၏။- ကိုယ်တော်သည်ဦးခေါင်းခွံဟုနာမည်တွင်သော အရပ်သို့မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်း လျက်ကြွတော်မူ၏။ (ထိုအရပ်ကိုဟေဗြဲ ဘာသာအားဖြင့် ``ဂေါလဂေါသ'' ဟုခေါ် သတည်း။)- ထိုအရပ်မှာကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြ၏။ ကိုယ်တော်နှင့်အတူအခြား သူနှစ်ယောက်ကိုလည်းကိုယ်တော်၏လက်ယာ ဘက်တွင်တစ်ယောက် လက်ဝဲဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ကြ၏။ ကိုယ်တော်ကိုမူကားအလယ်တွင်ထား သတည်း။- ပိလတ်မင်းသည်ကမ္ပည်းလိပ်စာရေး၍ကိုယ်တော် ၏လက်ဝါးကပ်တိုင်ပေါ်မှာကပ်ထားစေ၏။ ထို ကမ္ပည်းလိပ်စာကား ``ယုဒဘုရင်၊ နာဇရက်မြို့ သားယေရှု'' ဟူ၍ဖြစ်သတည်း။- သခင်ယေရှုကိုလက်ဝါးကပ်တိုင်တွင်တင် ၍သတ်သည့်အရပ်မှာမြို့နှင့်နီးကပ်သဖြင့် လူအများပင်ထိုကမ္ပည်းလိပ်စာကိုဖတ် ကြည့်ကြ၏။ ကမ္ပည်းလိပ်စာကိုယုဒဘာသာ၊ လက်တင်ဘာသာနှင့်ဂရိဘာသာတို့ဖြင့် ရေးသားထားသည်။- ယဇ်ပုရောဟိတ်ကြီးများက ``ယုဒဘုရင် ဟူ၍ရေးတော်မမူပါနှင့်။ `ဤသူကငါ သည်ယုဒရှင်ဘုရင်ဖြစ်သည်ဟုဆိုသည်' ဟူ၍သာရေးတော်မူပါ'' ဟုပိလတ်မင်း အားလျှောက်ထားကြ၏။ ပိလတ်မင်းက ``ငါရေးပြီးသည့်အတိုင်း အတည်ဖြစ်စေရမည်'' ဟုပြန်ပြော၏။ စစ်သားတို့သည်သခင်ယေရှုကိုလက်ဝါးကပ် တိုင်တွင်တင်ကြပြီးသောအခါ ကိုယ်တော်၏ အဝတ်တော်တို့ကိုလေးပိုင်းပိုင်း၍တစ်ယောက် တစ်ပိုင်းစီယူကြ၏။ သူတို့သည်အထဲခံ အင်္ကျီကိုလည်းယူကြ၏။ သို့ရာတွင်ထိုအင်္ကျီ မှာချုပ်ရိုးမဲ့ရက်လုပ်ထားသည်ဖြစ်၍၊- စစ်သားများက ``ဤအင်္ကျီကိုမဆုတ်ကြ နှင့်။ မဲချ၍ယူကြကုန်အံ့'' ဟုအချင်း အချင်းပြောဆိုကြ၏။ ဤစစ်သားများ ပြုမူကြခြင်းမှာကျမ်းစာတော်တွင် ``ထိုသူတို့သည်ငါ၏အဝတ်များကိုခွဲဝေ ယူကြ၏။ ငါ၏အင်္ကျီကိုမဲချယူကြ၏'' ဟုပါရှိသည့်အတိုင်းဖြစ်ပျက်စေရန်ပင်တည်း။- ထိုအခါကိုယ်တော်၏မယ်တော်နှင့်မယ်တော် ၏ညီမသည်လည်းကောင်း၊ ကလောဖ၏ဇနီး ဖြစ်သူမာရိနှင့်မာဂဒလမြို့သူမာရိ သည်လည်းကောင်း သခင်ယေရှု၏လက်ဝါး ကပ်တိုင်အနီးတွင်ရပ်လျက်နေကြ၏။- သခင်ယေရှုသည်မယ်တော်နှင့်မယ်တော်၏ အနီးတွင်ကိုယ်တော်ချစ်တော်မူသောတပည့် တော်ရပ်လျက်နေသည်ကိုတွေ့မြင်တော်မူ၏။ သို့ဖြစ်၍ကိုယ်တော်က ``မယ်တော်၊ ဤမှာ မယ်တော်၏သား'' ဟုမြွက်ဆိုတော်မူ၏။ ထိုနောက်တပည့်တော်အား ``ဤမှာသင်၏ အမိ'' ဟုမိန့်မြွက်တော်မူ၏။ ထိုအခါမှ စ၍ထိုတပည့်တော်သည်မယ်တော်အား မိမိ၏အိမ်တွင်ပြုစုစောင့်ရှောက်ထားလေ သည်။ ထိုအချိန်၌အမှုခပ်သိမ်းပြီးစီးပြီဖြစ် ကြောင်းကိုသခင်ယေရှုသိတော်မူသဖြင့် ကျမ်းစာတော်လာသည်အတိုင်းဖြစ်ပျက် စေရန်ကိုယ်တော်က ``ငါရေငတ်သည်'' ဟု မိန့်တော်မူ၏။ ထိုနေရာတွင်ပုန်းရည်အပြည့်ထည့်ထား သောအိုးတစ်လုံးရှိ၏။ ထိုသူတို့သည်ရေ မြှုပ်တစ်ခုကိုပုန်းရည်တွင်နှစ်၍ဟုဿုပ်ပင် အကိုင်းအဖျား၌တပ်ပြီးလျှင်ကိုယ်တော် ၏ခံတွင်းတော်သို့ကမ်းပေးကြ၏။- သခင်ယေရှုသည်ထိုပုန်းရည်ကိုသောက်တော် မူပြီးမှ ``အမှုပြီးပြီ'' ဟုမိန့်တော်မူကာ ဦးခေါင်းတော်ကိုငိုက်လျက်အသက်ချုပ် တော်မူ၏။ ယုဒအာဏာပိုင်တို့သည်လက်ဝါးကပ်တိုင် တွင်တင်ထားသူများ၏ခြေတို့ကိုချိုး၍ အလောင်းများကိုယူဆောင်သွားခွင့်ပြုရန် ပိလတ်မင်းအားတောင်းလျှောက်ကြ၏။ သူတို့ ဤသို့တောင်းလျှောက်ကြရခြင်းမှာထိုနေ့ သည်အဖိတ်နေ့ဖြစ်၍ဥပုသ်နေ့၌ အလောင်း များကိုလက်ဝါးကပ်တိုင်တွင်မရှိစေလို သောကြောင့်လည်းကောင်း၊ ထိုဥပုသ်နေ့သည် လည်းနေ့ထူးနေ့မြတ်ဖြစ်သောကြောင့် လည်းကောင်းဖြစ်ပေသည်။- ထို့ကြောင့်စစ်သားများသည်လာ၍သခင်ယေရှု နှင့်အတူလက်ဝါးကပ်တိုင်တွင်အတင်ခံရသော ပထမလူ၏ခြေများကိုချိုးပြီးလျှင် အခြား တစ်ယောက်၏ခြေများကိုလည်းချိုးကြ၏။- ကိုယ်တော်ထံသို့ရောက်ကြသောအခါအသက် ချုပ်တော်မူပြီးကြောင်းကိုတွေ့ရှိသဖြင့် ခြေ တော်တို့ကိုမချိုးကြတော့ချေ။- သို့ရာတွင်စစ်သားတစ်ယောက်သည်ကိုယ်တော် ၏နံတော်ကိုလှံဖြင့်ထိုးလိုက်ရာချက်ချင်း ပင်သွေးနှင့်ရေထွက်လာ၏။- (ဤအဖြစ်အပျက်ကိုသင်တို့သည်လည်းယုံ ကြည်ကြစေရန်မျက်မြင်သက်သေတစ်ဦး ကဖော်ပြပါ၏။ ထိုသူ၏ဖော်ပြချက်သည် မှန်ကန်ပါ၏။ ထိုသူကိုယ်တိုင်ပင်မိမိစကား မှန်ကန်ကြောင်းကိုသိပါ၏။)- ဤသို့ဖြစ်ပျက်ရခြင်းမှာ ``သူ၏အရိုးတစ် ချောင်းမျှမကျိုးစေရ'' ဟုကျမ်းစာတော် တွင်ပါရှိသည့်အတိုင်းပင်တည်း။- အခြားကျမ်းစာတစ်ပုဒ်တွင်လည်း ``ထိုသူ တို့သည်မိမိလှံဖြင့်ထိုးဖောက်သောသူကို ရှုကြည့်ကြရလိမ့်မည်'' ဟုပါရှိသေး၏။ ထိုနောက်အရိမဿဲမြို့သားယောသပ်သည် သခင်ယေရှု၏အလောင်းတော်ကိုယူခွင့်ပြု ရန်ပိလတ်မင်းအားတောင်းလျှောက်၏။ (ယောသပ် ကားယုဒအာဏာပိုင်တို့ကိုကြောက်သဖြင့် မထင်မရှားသခင်ယေရှု၏တပည့်တော်ဖြစ် သတည်း။) ပိလတ်မင်းခွင့်ပြုတော်မူသဖြင့် ယောသပ်သည်အလောင်းတော်ကိုလာယူ၏။- ယခင်သခင်ယေရှုကိုညအခါလာရောက် တွေ့ဆုံသူနိကောဒင်သည်လည်း မုရန်နှင့် အကျော်ရောနှောသောဆီမွှေးနံ့သာပေါင်း အချိန်နှစ်ဆယ့်ငါးပိဿာခန့်ကိုယူ၍ ယော သပ်နှင့်အတူလိုက်သွား၏။- သူတို့သည်သခင်ယေရှု၏အလောင်းတော်ကို ယူ၍ယုဒအမျိုးသားတို့၏သင်္ဂြိုဟ်ခြင်းဆိုင် ရာဋ္ဌလေ့ထုံးစံအတိုင်း နံ့သာပေါင်းနှင့်အတူ ပိတ်ဖြင့်ရစ်ပတ်ကြ၏။- ကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ် သည့်အရပ်၌ဥယျာဉ်တစ်ခုရှိ၏။ ထိုဥယျာဉ် တွင်မည်သူကိုမျှမသင်္ဂြိုဟ်ဘူးသေးသည့် သင်္ချိုင်းဂူတစ်ခုရှိ၏။- ထိုနေ့သည်ယုဒအမျိုးသားတို့၏အဖိတ် နေ့ဖြစ်သောကြောင့် အလောင်းတော်ကိုအနီး တွင်ရှိသည့်ထိုဂူ၌ပင်သင်္ဂြိုဟ်ကြ၏။
ရှင်ယောဟန် 19:1-42 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ ပိလတ်မင်းသည် ယေရှုကိုထုတ်ဆောင်၍ ဒဏ်ခတ်ရိုက်နှက်စေ၏။ စစ်သားတို့သည်လည်း ဆူးပင်ကို သရဖူအဖြစ်ရစ်ခွေပြီး ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆောင်းစေ၍ ခရမ်းရောင်ဝတ်ရုံကို ဝတ်စေပြီးလျှင် ကိုယ်တော်ထံသို့ချဉ်းကပ်လျက် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ဆိုပြီး ကိုယ်တော်ကိုရိုက်ပုတ်ကြ၏။ ပိလတ်မင်းသည် နောက်တစ်ဖန် အပြင်သို့ထွက်လာ၍ “နားထောင်ကြလော့။ ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့ကြောင်း သင်တို့သိမြင်ရန် သူ့ကို သင်တို့ရှိရာသို့ခေါ်ဆောင်လာမည်”ဟု ဆို၏။ ထိုအခါ ယေရှုသည် ဆူးသရဖူနှင့်ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်လျက် အပြင်သို့ထွက်လာ၏။ ပိလတ်မင်းကလည်း “ကြည့်ပါ။ ဤသူပင်တည်း”ဟု ဆို၏။ ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့် အစောင့်တပ်သားတို့သည် ကိုယ်တော်ကိုမြင်သောအခါ “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ၊ လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “ငါသည် ဤသူ၌ မည်သည့်ပြစ်မှုကိုမျှ မတွေ့သောကြောင့် သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြလော့”ဟု ဆိုလေ၏။ ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ ပညတ်တရားရှိပါ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်သည်ဟုကြေညာသောကြောင့် ထိုပညတ်တရားအရ သေထိုက်ပါ၏”ဟု ပြန်လျှောက်ကြ၏။ ပိလတ်မင်းသည် ထိုစကားကိုကြားရသောအခါ ပို၍ကြောက်လာသဖြင့် ရုံးတော်ထဲသို့ပြန်ဝင်ကာ ယေရှုအား “သင်သည် မည်သည့်အရပ်မှလာသနည်း”ဟု မေးလေ၏။ သို့သော် ယေရှုသည် တစ်ခွန်းမျှ ဖြေကြားတော်မမူ။ သို့ဖြစ်၍ ပိလတ်မင်းက “သင်သည် ငါ့ကိုစကားမပြောဘဲနေသလော။ ငါ၌ သင့်ကို လွှတ်ပေးနိုင်သောအခွင့်အာဏာရှိ၍ လက်ဝါးကပ်တိုင်ပေါ်၌တင်နိုင်သော အခွင့်အာဏာလည်းရှိသည်ကို သင်မသိသလော”ဟု ဆို၏။ ယေရှုက“အထက်အရပ်မှပေးအပ်တော်မမူလျှင် သင်သည် ငါ့အပေါ် မည်သည့်အခွင့်အာဏာမျှမရှိ။ ထို့ကြောင့် ငါ့ကို သင့်လက်သို့အပ်နှံသောသူ၌ ပို၍ကြီးလေးသောအပြစ်ရှိ၏”ဟု ပြန်၍မိန့်တော်မူ၏။ ထိုအခါမှစ၍ ပိလတ်မင်းသည် ယေရှုကိုလွှတ်ပေးရန် ကြိုးစားရှာကြံ၏။ သို့ရာတွင် ဂျူးလူမျိုးတို့က “အရှင်သည် ထိုသူကိုလွှတ်ပေးလျှင် ဆီဇာဧကရာဇ်၏ဘက်တော်သားမဟုတ်ပါ။ မိမိကိုယ်ကိုဘုရင်ဖြစ်သည်ဟု ကြေညာသောသူအားလုံးသည် ဆီဇာဧကရာဇ်ကိုဆန့်ကျင်ပြောဆိုသောသူဖြစ်ပါသည်”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းသည် ထိုစကားတို့ကိုကြားသောအခါ ယေရှုကို အပြင်သို့ခေါ်ဆောင်လာ၍ ဟေဗြဲဘာသာစကားအားဖြင့် ဂဗ္ဗသအမည်ရှိသည့် ကျောက်ခင်းစင်္ကြံဟုခေါ်ဝေါ်သောနေရာမှ တရားပလ္လင်ပေါ်တွင် ထိုင်လေ၏။ ထိုနေ့သည် ပသခါပွဲတော်အတွက် ပြင်ဆင်ရာနေ့ဖြစ်၏။ အချိန်ကား မွန်းတည့်ချိန်ခန့်ရှိ၏။ ပိလတ်မင်းသည် ဂျူးလူမျိုးတို့အား “ကြည့်ပါ။ သင်တို့၏ဘုရင်ပေတည်း”ဟု ဆိုလေ၏။ ထိုအခါ သူတို့က “သုတ်သင်လိုက်ပါ၊ သုတ်သင်လိုက်ပါ၊ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “သင်တို့၏ဘုရင်ကို လက်ဝါးကပ်တိုင်ပေါ်၌ ငါတင်ရမည်လော”ဟု မေးလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတို့က “အကျွန်ုပ်တို့တွင် ဆီဇာဧကရာဇ်မှလွဲ၍ အခြားဘုရင်မရှိပါ”ဟု ပြန်လျှောက်ကြ၏။ ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်စေရန် သူတို့လက်သို့အပ်လိုက်သဖြင့် သူတို့သည် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။ ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းလျက် ဦးခေါင်းခွံအရပ်ဟုခေါ်သောနေရာသို့ ထွက်သွားတော်မူ၏။ (ထိုအရပ်ကို ဟေဗြဲဘာသာစကားအားဖြင့် ဂေါလဂေါသဟုခေါ်သည်။) သူတို့သည် ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ဦးတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။ ယေရှုကိုအလယ်၌ထား၍ ထိုသူနှစ်ဦးတို့ကို ကိုယ်တော်၏တစ်ဖက်တစ်ချက်စီ၌ထားကြ၏။ ပိလတ်မင်းသည် ကမ္ပည်းကိုလည်း ရေးထိုး၍ လက်ဝါးကပ်တိုင်ပေါ်မှာတပ်ထား၏။ ထိုကမ္ပည်းတွင် “ဂျူးလူမျိုးတို့၏ဘုရင်၊ နာဇရက်မြို့သားယေရှု”ဟု ရေးထား၏။ ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြသောအရပ်သည် မြို့နှင့်နီးသည့်အပြင် ထိုကမ္ပည်းကို ဟေဗြဲဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးထားသည်ဖြစ်၍ များစွာသောဂျူးလူမျိုးတို့သည် ၎င်းကိုဖတ်ကြ၏။ ထို့ကြောင့် ဂျူးလူမျိုးတို့၏ယဇ်ပုရောဟိတ်အကြီးအကဲများက “ဂျူးလူမျိုးတို့၏ဘုရင်ဟု မရေးဘဲ ဤသူက ငါသည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်သည်ဟုဆိုခဲ့၏ဟူ၍ ရေးပေးပါ”ဟု ပိလတ်မင်းအား လျှောက်ထားကြ၏။ ပိလတ်မင်းကလည်း “ငါရေးပြီးသည့်အတိုင်း ငါရေးပြီ”ဟု ပြန်ပြောလေ၏။ စစ်သားတို့သည် ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီးသောအခါ ကိုယ်တော်၏ဝတ်ရုံတော်ကို လေးပိုင်းပိုင်း၍ တစ်ယောက်တစ်ပိုင်းစီယူကြ၏။ အတွင်းအဝတ်တော်ကိုလည်းယူကြရာ ၎င်းသည် ချုပ်ရိုးမရှိဘဲ အထက်စွန်းမှ တစ်ထည်လုံးကို တစ်ဆက်တည်းရက်ထားသည့် အဝတ်ဖြစ်သောကြောင့် “ဤအဝတ်ကိုမဆုတ်ဘဲ မည်သူရမည်ကို မဲချကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။ စစ်သားတို့ ဤသို့ပြုကြခြင်းမှာ “သူတို့သည် အကျွန်ုပ်၏ဝတ်ရုံကို အချင်းချင်းခွဲဝေကြ၍ အကျွန်ုပ်၏အဝတ်အတွက် မဲချကြ၏”ဟု ကျမ်းစာ၌ဆိုထားသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ ယေရှု၏လက်ဝါးကပ်တိုင်တော်အနီး၌ကား ယေရှု၏မယ်တော်၊ မယ်တော်၏ညီမ၊ ကလောဖ၏ဇနီး မာရိနှင့် မာဂဒလမြို့သူမာရိတို့သည် ရပ်နေကြ၏။ ယေရှုသည် အနီး၌ရပ်နေသည့် ချစ်တော်မူသောတပည့်တော်နှင့် မယ်တော်ကို မြင်တော်မူလျှင် မယ်တော်အား“အသင်အမျိုးသမီး၊ ကြည့်လော့။ သင်၏သားပေတည်း”ဟု မိန့်တော်မူ၏။ ထို့နောက် ထိုတပည့်တော်အား“ကြည့်လော့။ သင်၏အမိပေတည်း”ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ခေါ်ထားလေ၏။ ထို့နောက် ယေရှုသည် အမှုအလုံးစုံပြီးစီးပြီဖြစ်ကြောင်း သိတော်မူ၍ ကျမ်းစာကိုပြည့်စုံစေရန်“ငါရေငတ်သည်”ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ဝိုင်ချဉ်အပြည့်ရှိသော အိုးတစ်လုံးကိုထားရှိသည်ဖြစ်၍ လူတို့သည် ဝိုင်ချဉ်ဝနေသောရေမြှုပ်ကို ဟုဿုပ်ရိုးတံအဖျား၌တပ်လျက် နှုတ်ခမ်းတော်နားသို့ကပ်ပေးကြ၏။ ထိုသို့ ဝိုင်ချဉ်ကိုခံယူပြီးသောအခါ ယေရှုသည်“အမှုပြီးပြီ”ဟု မိန့်တော်မူလျက် ဦးခေါင်းတော်ငိုက်စိုက်ကျကာ အသက်ကိုစွန့်တော်မူ၏။ ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်ပြီး နောက်တစ်နေ့သည် ကြီးမြတ်သောဥပုသ်နေ့ဖြစ်သောကြောင့် ဂျူးလူမျိုးတို့သည် ထိုဥပုသ်နေ့တွင် လက်ဝါးကပ်တိုင်ပေါ်မှာ အလောင်းများမရှိစေလိုသဖြင့် လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသောသူများ၏ခြေတို့ကိုချိုးပြီး အလောင်းများကိုယူသွားခွင့်ပေးရန် ပိလတ်မင်းထံ တောင်းဆိုကြ၏။ ထို့ကြောင့် စစ်သားတို့သည်လာ၍ ယေရှုနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသူ ပထမတစ်ဦး၏ခြေနှင့် နောက်တစ်ဦး၏ခြေတို့ကို ချိုးကြ၏။ သို့သော် ယေရှုထံသို့ရောက်၍ ကိုယ်တော်သေဆုံးပြီဖြစ်ကြောင်း တွေ့မြင်သောအခါ ခြေတော်ကိုမချိုးဘဲ စစ်သားတစ်ဦးက နံဘေးတော်ကို လှံနှင့်ထိုးလေ၏။ ထိုအခါ သွေးနှင့်ရေသည် ချက်ချင်းထွက်လာ၏။ ဤအခြင်းအရာကိုမြင်သောသူသည် သက်သေခံခဲ့၍ သူ၏သက်သေခံချက်သည်မှန်ကန်၏။ သင်တို့သည်လည်း ယုံကြည်ကြရန် သူသည် မှန်ကန်စွာပြောဆိုနေကြောင်း သူကိုယ်တိုင်သိ၏။ ဤသို့ဖြစ်ပျက်ခဲ့သည်မှာ “သူ၏အရိုးတစ်ချောင်းမျှ ချိုးဖဲ့ခြင်းမခံရ”ဟူသောကျမ်းချက်ကို ပြည့်စုံစေရန်ဖြစ်၏။ တစ်ဖန် အခြားသောကျမ်းချက်၌ “သူတို့သည် မိမိတို့ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်”ဟု ဆိုထား၏။ ထိုသို့ဖြစ်ပြီးသည့်နောက် ဂျူးလူမျိုးတို့ကိုကြောက်သောကြောင့် လျှို့ဝှက်စွာ ယေရှု၏တပည့်တော်ဖြစ်နေသော အရိမသဲမြို့သား ယောသပ်ဆိုသူသည် ယေရှု၏အလောင်းတော်ကို ယူသွားခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆိုလေ၏။ ပိလတ်မင်းသည်လည်း ခွင့်ပြုလိုက်သဖြင့် သူသည်လာ၍ အလောင်းတော်ကို ယူသွားလေ၏။ ယခင်က ယေရှုထံသို့ ညအချိန်လာဖူးသော နိကောဒင်သည်လည်း မုရန်နှင့်အကျော်ရောနှောထားသောနံ့သာ ပိဿာနှစ်ဆယ်ခန့်ကို ယူဆောင်၍လာလေ၏။ ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍ ဂျူးလူမျိုးတို့၏သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးစံအတိုင်း အလောင်းတော်ကို အမွှေးနံ့သာနှင့်အတူ ပိတ်ထည်များဖြင့်ပတ်စည်းကြ၏။ လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံတော်မူသောအရပ်တွင် ဥယျာဉ်တစ်ခုရှိ၍ ထိုဥယျာဉ်၌ မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော သင်္ချိုင်းဂူသစ်တစ်ခုရှိ၏။ ထိုနေ့သည် ဂျူးလူမျိုးတို့၏ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီးတွင်ရှိသောကြောင့် ယေရှုကို ထိုဂူ၌သင်္ဂြိုဟ်ကြ၏။