ရှင်ယောဟန် 18:1-27
ရှင်ယောဟန် 18:1-27 Judson Bible (JBMLE)
ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။- ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊- စစ်သူရဲတစ်တပ်ကိုလည်းကောင်း၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သော မင်းလုလင်တို့ကိုလည်းကောင်း ခေါ်ခဲ့၍၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက်လာကြ၏။- ယေရှုသည် ကိုယ်၌ဖြစ်လတ္တံ့သမျှသော အမှုအရာတို့ကို သိတော်မူလျက်၊ လာသောသူတို့ဆီသို့ သွား၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ၏။- နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။- ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။- အဘယ်သူကိုရှာကြသနည်းဟု တစ်ဖန်မေးတော်မူလျှင်၊ နာဇရက်မြို့သားယေရှုကို ရှာကြသည်ဟု ထိုသူတို့သည် ဆိုကြ၏။- ယေရှုကလည်း၊ ငါသည်ထိုသူဖြစ်၏ဟု ငါပြောပြီ။ သို့ဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေစေဟု မိန့်တော်မူ၏။- ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်စီးခြင်းသို့ မရောက်ပါဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှာ ဤသို့မိန့်တော်မူ၏။ ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသောဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏အမည်ကား မာလခုဖြစ်သတည်း။- ယေရှုကလည်း ဓားကို အိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။- ထိုအခါတပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်းထံသို့ ရှေ့ဦးစွာ ယူသွားကြ၏။- အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမ ဖြစ်သတည်း။- ထိုကယာဖကား၊ လူတစ်ယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူတို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။ ရှိမုန်ပေတရုနှင့် အခြားသော တပည့်တော်တစ်ယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးထဲသို့ ဝင်လေ၏။- ပေတရုမူကားပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့် အကျွမ်းဝင်သော တပည့်တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။- တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။- ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။ ထိုအခါ ယဇ်ပုရာဟိတ်မင်းသည် တပည့်တော်တို့ကိုလည်းကောင်း၊ ဒေသနာတော်ကိုလည်းကောင်း အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။- ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာ တရားဇရပ်၌လည်းကောင်း၊ ဗိမာန်တော်၌လည်ကောင်း၊ အစဉ်မပြတ် ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။- အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ၏ဟု မိန့်တော်မူ၏။- ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ရပ်နေသော မင်းလုလင်တစ်ယောက်က၊ သင်သည် ယဇ်ပုရောဟိတ်မင်းကို ဤသို့ပြန်ပြောရာသလောဟု ဆိုလျက် ယေရှုကိုရိုက်လေ၏။- ယေရှုကလည်း၊ ငါ့စကားမမှန်လျှင် မမှန်ကြောင်းကိုပြပါ။ မှန်လျှင် ငါ့ကို အဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။- အန္နတ်မင်းသည် ကိုယ်တော်ကိုချည်နှောင်လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ။ ရှိမုန်ပေတရုသည် ရပ်၍ မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့အဝင် ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။- ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့် ပေါက်ဖော်တော်သော ယဇ်ပုရာဟိတ်မင်း၏ ကျွန်တစ်ယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟု ဆိုလျှင်၊- ပေတရုသည် တစ်ဖန် ငြင်းပြန်လေ၏၊ ထိုခဏချင်းတွင် ကြက်တွန်၏။
ရှင်ယောဟန် 18:1-27 Common Language Bible (BCL)
ဤသို့ဆုတောင်းတော်မူပြီးနောက်ကိုယ်တော် သည်တပည့်တော်တို့နှင့်အတူကြွတော်မူ၍ ကေဒြုန်ချောင်းကိုကူးတော်မူ၏။ ထိုအရပ် တွင်ဥယျာဉ်တစ်ခုရှိ၏။ သခင်ယေရှုနှင့် တပည့်တော်တို့သည် ထိုဥယျာဉ်ထဲသို့ဝင် ကြ၏။- ထိုနေရာသို့သခင်ယေရှုနှင့်တပည့်တော်တို့ သည်မကြာခဏသွားလေ့ရှိသဖြင့် သစ္စာဖောက် ယုဒသည်ထိုဥယျာဉ်ကိုသိ၏။- သို့ဖြစ်၍သူသည်ရောမစစ်တပ်ခွဲတစ်တပ်ကို လည်းကောင်း၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲ များ၏အစောင့်တပ်သားများကိုလည်းကောင်း ခေါ်လာခဲ့၏။ သူတို့သည်မီးအိမ်များ၊ မီးတုတ် များနှင့်လက်နက်များကိုကိုင်ဆောင်လာကြ၏။- သခင်ယေရှုသည်မိမိကြုံတွေ့ရမည့်အမှု အရာအလုံးစုံတို့ကိုသိတော်မူပြီးဖြစ်သည် အလျောက် ထိုသူတို့၏ထံသို့ကြွတော်မူလျက် ``သင်တို့မည်သူ့ကိုရှာကြသနည်း'' ဟုမေး တော်မူ၏။ ထိုသူတို့က ``နာဇရက်မြို့သားယေရှုကိုရှာ ပါသည်'' ဟုဆိုကြ၏။ ကိုယ်တော်က ``ငါသည်ထိုသူပင်ဖြစ်၏'' ဟုမိန့် တော်မူ၏။ ကိုယ်တော်အားရန်သူ့လက်သို့အပ်မည့်သူယုဒ သည်လည်းထိုသူတို့နှင့်အတူရပ်လျက်နေ၏။- ``ငါသည်ထိုသူပင်ဖြစ်၏'' ဟုသခင်ယေရှု မိန့်တော်မူသောအခါသူတို့သည်နောက်သို့ ဆုတ်ကာမြေပေါ်တွင်လဲကြ၏။- သို့ဖြစ်၍သခင်ယေရှုက ``သင်တို့မည်သူ့ ကိုရှာသနည်း'' ဟုတစ်ဖန်မေးတော်မူပြန်၏။ သူတို့ကလည်း ``နာဇရက်မြို့သားယေရှု ကိုရှာပါသည်'' ဟုဆိုကြပြန်၏။ သခင်ယေရှုက ``ထိုသူသည်ငါပင်ဖြစ်သည် ဟုသင်တို့အားငါပြောခဲ့ပြီ။ ငါသည်သင်တို့ ရှာသောသူဖြစ်လျှင်ဤသူတို့သွားပါလေ စေ'' ဟုမိန့်တော်မူ၏။- (ဤသို့မိန့်တော်မူခြင်းမှာ ``ကိုယ်တော်ပေးအပ် တော်မူသောသူတစ်စုံတစ်ယောက်မျှဆုံးပါး ပျက်စီးမှုမရှိပါ'' ဟုယခင်ကကိုယ်တော် မြွက်ဆိုခဲ့သည့်အတိုင်းဖြစ်ပျက်လာစေရန် ပင်တည်း။) ရှိမုန်ပေတရုမှာဋ္ဌားတစ်လက်ပါလာ၏။ သူ သည်ဋ္ဌားကိုဆွဲထုတ်၍ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကိုခုတ်လိုက်ရာထိုကျွန်လက် ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏နာမည် ကားမာလခုဖြစ်သတည်း။- သခင်ယေရှုက ``ဋ္ဌားကိုဋ္ဌားအိမ်တွင်ပြန်သွင်း ထားလော့။ ခမည်းတော်ငါ့အားခံစေတော်မူ သည့်ဒုက္ခဝေဒနာကိုငါမခံသင့်သလော'' ဟု ပေတရုအားမိန့်တော်မူ၏။ ထိုနောက်ရောမတပ်သားများနှင့်ယုဒအမျိုး သားအစောင့်တပ်သားများသည်ကိုယ်တော်ကို ဖမ်းဆီးချည်နှောင်ပြီးလျှင်အန္နတ်မင်းထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။- အန္နတ်မင်းကားထိုနှစ်တွင်ယဇ်ပုရောဟိတ် မင်းဖြစ်သောကယာဖ၏ယောက္ခမဖြစ်၏။- ကယာဖကား ``လူအပေါင်းတို့အတွက်လူ တစ်ဦးတစ်ယောက်သေရသည်ကပို၍ကောင်း ၏'' ဟုယုဒအာဏာပိုင်တို့အားအကြံပေး ခဲ့သူဖြစ်သတည်း။ ရှိမုန်ပေတရုနှင့်အခြားတပည့်တော်တစ်ဦး သည်သခင်ယေရှု၏နောက်တော်ကလိုက်သွား ကြ၏။ အခြားတပည့်တော်သည်ယဇ်ပုရော ဟိတ်မင်း၏အသိဖြစ်၍ သခင်ယေရှုနှင့် အတူယဇ်ပုရောဟိတ်မင်း၏အိမ်တော်ဝင်း အတွင်းသို့လိုက်သွားခွင့်ရပေသည်။- ပေတရုကားဝင်းတံခါးအပြင်တွင်နေရစ်၏။ ယဇ်ပုရောဟိတ်မင်းသိသူတပည့်တော်သည် ဝင်းပြင်သို့ထွက်လာပြီးနောက် တံခါးစောင့် သူမအားအခွင့်တောင်းကာပေတရုကို ဝင်းထဲသို့သွင်းလေ၏။- တံခါးစောင့်သူငယ်မက ``သင်သည်ထိုသူ၏ တပည့်တစ်ဦးမဟုတ်ပါလော'' ဟုမေးလျှင်၊ ပေတရုက ``ငါမဟုတ်'' ဟုဆို၏။ ထိုအခါယဇ်ပုရောဟိတ်ကြီးများ၏အစောင့် တပ်သားများနှင့်အစေခံများသည်ချမ်းသဖြင့် မီးသွေးမီးလင်းဖိုပတ်လည်တွင်ရပ်၍မီးလှုံ လျက်နေကြ၏။ ပေတရုသည်လည်းထိုသူ တို့နှင့်အတူရပ်၍မီးလှုံနေ၏။ ယဇ်ပုရောဟိတ်မင်းသည်ကိုယ်တော်အားတပည့် တော်တို့၏အကြောင်းကိုလည်းကောင်း၊ ကိုယ်တော် ဟောပြောတော်မူသောတရားတော်အကြောင်း ကိုလည်းကောင်းစစ်ဆေးမေးမြန်း၏။- သခင်ယေရှုက ``ငါသည်လူအပေါင်းတို့ရှေ့ တွင်အစဉ်ပင်ပွင့်လင်းစွာဟောပြောသွန်သင် ခဲ့၏။ ယုဒအမျိုးသားအပေါင်းတို့စုဝေးရာ ဖြစ်သောတရားဇရပ်များနှင့်ဗိမာန်တော်တွင် ငါဟောပြောသွန်သင်ခဲ့၏။ အဘယ်အခါ၌ မျှလျှို့ဝှက်စွာမဟောပြောခဲ့။- သို့ဖြစ်၍အဘယ်ကြောင့်ငါ့ကိုစစ်ဆေးမေး မြန်းသနည်း။ ငါဟောပြောသွန်သင်သည်ကို ကြားနာကြရသူတို့အားမေးမြန်းလော့။ သူတို့အားငါမည်သို့ဟောပြောသည်ကို မေးမြန်းလော့။ ငါဟောပြောသည့်အရာတို့ ကိုသူတို့သိကြ၏'' ဟုမိန့်တော်မူ၏။ ဤသို့မိန့်တော်မူလျှင်အစောင့်တပ်သားတစ် ယောက်သည် ``ယဇ်ပုရောဟိတ်မင်းအားသင်သည် ဤသို့မဖွယ်မရာပြောဆိုသင့်သလော'' ဟု ဆို၍ကိုယ်တော်၏ပါးကိုရိုက်လေ၏။ သခင်ယေရှုက ``ငါ၏စကားမမှန်လျှင်မမှန် ကြောင်းကိုထောက်ပြပါ။ မှန်လျှင်မူကားအဘယ် ကြောင့်ငါ့ကိုရိုက်ပုတ်သနည်း'' ဟုမိန့်တော်မူ၏။ ထို့နောက်အန္နတ်မင်းသည်ကိုယ်တော်ကိုချည်နှောင် လျက်ယဇ်ပုရောဟိတ်မင်းကယာဖ၏ထံသို့ ပို့စေ၏။ ရှိမုန်ပေတရုသည်ရပ်လျက်မီးလှုံနေ၏။ လူ အချို့က ``သင်သည်လည်းထိုသူ၏တပည့် မဟုတ်ပါလော'' ဟုမေးကြ၏။ ပေတရုက ``ငါမဟုတ်'' ဟုငြင်းဆို၏။ ယဇ်ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်က ``သင့် အားထိုသူနှင့်အတူဥယျာဉ်ထဲတွင်ငါတွေ့ မြင်ခဲ့သည်မဟုတ်ပါလော'' ဟုဆို၏။ ထိုကျွန် ကားပေတရုဋ္ဌားနှင့်ခုတ်၍နားရွက်ပြတ်သွား သူနှင့်ဆွေမျိုးတော်စပ်သူတည်း။ ပေတရုက ``ငါမဟုတ်'' ဟုတစ်ဖန်ငြင်း ဆို၏။ ထိုခဏချင်းတွင်ကြက်တွန်လေ၏။
ရှင်ယောဟန် 18:1-27 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုသည် ထိုသို့မြွက်ဆိုတော်မူပြီးနောက် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ ထွက်သွားတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ထိုဥယျာဉ်ထဲသို့ဝင်တော်မူ၏။ ယေရှုသည် ထိုအရပ်တွင် တပည့်တော်တို့နှင့် မကြာခဏစုဝေးလေ့ရှိသောကြောင့် ကိုယ်တော်ကိုအပ်နှံမည့်သူ ယုဒသည်လည်း ထိုအရပ်ကိုသိထား၏။ သို့ဖြစ်၍ ယုဒသည် တပ်ဖွဲ့တစ်ဖွဲ့ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ဖာရိရှဲများက စေလွှတ်လိုက်သောအစောင့်တပ်သားတို့ကိုလည်းကောင်း ခေါ်ဆောင်၍ ထိုအရပ်သို့ရောက်လာ၏။ ထိုသူတို့သည် မီးအိမ်၊ မီးရှူးနှင့် လက်နက်များကိုကိုင်ဆောင်ထားကြ၏။ ယေရှုသည် မိမိ၌ဖြစ်လာမည့်အရာအလုံးစုံတို့ကို သိနှင့်တော်မူသောကြောင့် ထွက်လာ၍“မည်သူ့ကိုရှာကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုကိုရှာသည်”ဟု ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း“ငါဖြစ်သည်”ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသူ ယုဒသည်လည်း ထိုသူတို့နှင့်အတူရပ်လျက်နေ၏။ ထိုသို့ ကိုယ်တော်က“ငါဖြစ်သည်”ဟု မိန့်တော်မူသောအခါ သူတို့သည် နောက်သို့ဆုတ်၍ မြေပေါ်၌လဲကျကြ၏။ ထို့ကြောင့် ကိုယ်တော်သည် နောက်တစ်ဖန် သူတို့အား“မည်သူ့ကိုရှာကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုကိုရှာသည်”ဟု ဆိုကြ၏။ ယေရှုကလည်း“ငါဖြစ်သည်ဟု သင်တို့အား ငါပြောခဲ့ပြီ။ သို့ဖြစ်၍ သင်တို့သည် ငါ့ကိုရှာကြလျှင် ဤသူတို့သွားပါလေစေ”ဟု ပြန်၍မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည်မှာ“အကျွန်ုပ်ထံ ကိုယ်တော်ပေးအပ်တော်မူသောသူတို့တွင် မည်သူမျှ အကျွန်ုပ်မဆုံးရှုံးခဲ့ပါ”ဟု ကိုယ်တော်မြွက်ဆိုခဲ့သောစကား ပြည့်စုံစေရန်ဖြစ်၏။ ထိုစဉ်တွင် ရှိမုန်ပေတရုသည် ပါလာသောဓားကိုဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ယာဘက်နားရွက်ပြတ်သွားလေ၏။ ထိုအစေအပါး၏အမည်ကား မာလခုဖြစ်၏။ ယေရှုကလည်း“ဓားကို ဓားအိမ်ထဲသို့ပြန်သွင်းလော့။ ငါ့အား ခမည်းတော်ပေးတော်မူသောခွက်ကို ငါမသောက်ဘဲနေရမည်လော”ဟု ပေတရုအား မိန့်တော်မူ၏။ ထိုအခါ တပ်ဖွဲ့တစ်ဖွဲ့၊ တပ်မှူးကြီးနှင့် ဂျူးလူမျိုးအစောင့်တပ်သားတို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ကြကာ အန္နတ်ထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။ အကြောင်းမူကား အန္နတ်သည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမဖြစ်၏။ ထိုကယာဖသည် “လူတစ်ဦးက လူထုကိုယ်စားအသေခံခြင်းသည် ပို၍ကောင်း၏”ဟု ဂျူးလူမျိုးတို့အား အကြံပေးခဲ့သူဖြစ်၏။ ရှိမုန်ပေတရုနှင့် အခြားတပည့်တော်တစ်ပါးသည် ယေရှုနောက်တော်သို့ လိုက်သွားကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်၍ ယေရှုနှင့်အတူ ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲသို့ ဝင်လေ၏။ ပေတရုမူကား ခြံတံခါးအပြင်ဘက်၌ ရပ်နေ၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်သော ထိုတပည့်တော်သည်ထွက်လာ၍ တံခါးစောင့်မိန်းမအားပြောပြီးလျှင် ပေတရုကို အထဲသို့ခေါ်သွားလေ၏။ ထိုအခါ တံခါးစောင့်ဖြစ်သော ထိုအစေခံမိန်းမက ပေတရုအား “သင်သည်လည်း ထိုသူ၏တပည့်တစ်ဦးဖြစ်သည်မဟုတ်လော”ဟု ဆိုလျှင် ပေတရုက “မဟုတ်ပါ”ဟု ဆိုလေ၏။ ထိုကာလသည်ချမ်းအေးသောကြောင့် အစေအပါးတို့နှင့် အစောင့်တပ်သားတို့သည် မီးခဲဖိုပြီး ရပ်လျက်မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံနေ၏။ ထိုစဉ်တွင် ယဇ်ပုရောဟိတ်မင်းသည် ယေရှုအား တပည့်တော်တို့နှင့်ပတ်သက်၍လည်းကောင်း၊ သူ၏သွန်သင်ချက်နှင့်ပတ်သက်၍လည်းကောင်း မေးမြန်း၏။ ယေရှုကလည်း“ငါသည် လောက၌ ထင်ရှားစွာဟောပြောခဲ့၏။ ဂျူးလူမျိုးအပေါင်းတို့စုဝေးရာ ဝတ်ပြုစည်းဝေးကျောင်းနှင့် ဗိမာန်တော်၌ အစဉ်အမြဲသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပေ။ သင်သည် အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း။ လူတို့အား မည်သို့ ငါဟောပြောခဲ့သည်ကို ကြားနာသောသူတို့ထံ မေးမြန်းလော့။ ငါပြောဆိုခဲ့သောအရာများကို ထိုသူတို့သိကြ၏”ဟု ပြန်၍မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသောအခါ အနီး၌ရပ်နေသော အစောင့်တပ်သားတစ်ဦးက “ယဇ်ပုရောဟိတ်မင်းကို ဤသို့ပြန်ပြောရသလော”ဟု ဆိုလျက် ယေရှုကိုရိုက်ပုတ်လေ၏။ ယေရှုကလည်း“ငါပြောသောအရာမမှန်လျှင် မမှန်သည့်အကြောင်းကို ထောက်ပြလော့။ မှန်သည်ဆိုလျှင် အဘယ်ကြောင့် ငါ့ကိုရိုက်သနည်း”ဟု ထိုသူအား မိန့်တော်မူ၏။ ထို့နောက် အန္နတ်သည် ကိုယ်တော်ကိုချည်နှောင်ထားသည့်အတိုင်း ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ပို့လိုက်၏။ ရှိမုန်ပေတရုမူကား ရပ်လျက်မီးလှုံနေဆဲဖြစ်၏။ ထိုအခါ လူတို့က “သင်သည်လည်း ထိုသူ၏တပည့်များထဲမှတစ်ဦးဖြစ်သည်မဟုတ်လော”ဟု မေးကြလျှင် ပေတရုက “မဟုတ်ပါ”ဟု ငြင်းဆိုလေ၏။ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးဖြစ်ပြီး ပေတရုခုတ်၍ နားရွက်ပြတ်သောသူ၏ဆွေမျိုးလည်းဖြစ်သူက “သင့်ကို ထိုသူနှင့်အတူ ဥယျာဉ်ထဲ၌ ငါမြင်ခဲ့သည်မဟုတ်လော”ဟု ဆိုလေ၏။ ထိုအခါ ပေတရုသည် ပြန်၍ငြင်းဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။