YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 18

18
ယေရှုအပ်နှံခံရခြင်း
1ယေရှု​သည် ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် တပည့်​တော်​တို့​နှင့်အတူ ကေဒြုန်​ချောင်း​တစ်ဖက်​သို့ ထွက်သွား​တော်မူ​၏။ ထို​အရပ်​၌ ဥယျာဉ်​တစ်ခု​ရှိ​၍ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ ထို​ဥယျာဉ်​ထဲသို့​ဝင်​တော်မူ​၏။
2ယေရှု​သည် ထို​အရပ်​တွင် တပည့်​တော်​တို့​နှင့် မကြာခဏ​စုဝေး​လေ့​ရှိ​သောကြောင့် ကိုယ်တော်​ကို​အပ်နှံ​မည့်​သူ ယုဒ​သည်​လည်း ထို​အရပ်​ကို​သိ​ထား​၏။ 3သို့ဖြစ်၍ ယုဒ​သည် တပ်ဖွဲ့​တစ်​ဖွဲ့​ကို​လည်းကောင်း၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ဖာရိရှဲ​များ​က စေလွှတ်​လိုက်​သော​အစောင့်​တပ်သား​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ထို​အရပ်​သို့​ရောက်လာ​၏။ ထို​သူ​တို့​သည် မီးအိမ်၊ မီးရှူး​နှင့် လက်နက်​များ​ကို​ကိုင်ဆောင်​ထား​ကြ​၏။
4ယေရှု​သည် မိမိ​၌​ဖြစ်လာ​မည့်​အရာ​အလုံးစုံ​တို့​ကို သိ​နှင့်​တော်မူ​သောကြောင့် ထွက်လာ​၍“မည်သူ့​ကို​ရှာ​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် 5သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​သည်”​ဟု ပြန်​ပြော​ကြ​၏။ ကိုယ်တော်​က​လည်း“ငါ​ဖြစ်​သည်”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​ကို​အပ်နှံ​သူ ယုဒ​သည်​လည်း ထို​သူ​တို့​နှင့်အတူ​ရပ်​လျက်​နေ​၏။ 6ထိုသို့ ကိုယ်တော်​က“ငါ​ဖြစ်​သည်”​ဟု မိန့်​တော်မူ​သောအခါ သူ​တို့​သည် နောက်​သို့​ဆုတ်​၍ မြေ​ပေါ်၌​လဲကျ​ကြ​၏။ 7ထို့ကြောင့် ကိုယ်တော်​သည် နောက်တစ်ဖန် သူ​တို့​အား“မည်သူ့​ကို​ရှာ​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​သည်”​ဟု ဆို​ကြ​၏။ 8ယေရှု​က​လည်း“ငါ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။ သို့ဖြစ်၍ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လျှင် ဤ​သူ​တို့​သွား​ပါလေစေ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 9ထိုသို့​မိန့်​တော်မူ​သည်​မှာ“အကျွန်ုပ်​ထံ ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​တွင် မည်သူမျှ အကျွန်ုပ်​မ​ဆုံးရှုံး​ခဲ့​ပါ”​ဟု ကိုယ်တော်​မြွက်ဆို​ခဲ့​သော​စကား ပြည့်စုံ​စေရန်​ဖြစ်​၏။
10ထိုစဉ်တွင် ရှိမုန်​ပေတရု​သည် ပါ​လာ​သော​ဓား​ကို​ဆွဲ​ထုတ်​၍ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ယာ​ဘက်​နားရွက်​ပြတ်​သွား​လေ​၏။ ထို​အစေအပါး​၏​အမည်​ကား မာလခု​ဖြစ်​၏။ 11ယေရှု​က​လည်း“ဓား​ကို ဓားအိမ်​ထဲသို့​ပြန်​သွင်း​လော့။ ငါ့​အား ခမည်းတော်​ပေး​တော်မူ​သော​ခွက်​ကို ငါ​မ​သောက်​ဘဲ​နေ​ရ​မည်​လော”​ဟု ပေတရု​အား မိန့်​တော်မူ​၏။
ယေရှုကို အန္နတ်ထံ ဖမ်းဆီးခေါ်ဆောင်သွားခြင်း
12ထိုအခါ တပ်ဖွဲ့​တစ်​ဖွဲ့၊ တပ်မှူးကြီး​နှင့် ဂျူး​လူမျိုး​အစောင့်​တပ်သား​တို့​သည် ယေရှု​ကို​ဖမ်းဆီး​၍ ချည်နှောင်​ကြ​ကာ 13အန္နတ်​ထံသို့ ဦးစွာ​ခေါ်ဆောင်​သွား​ကြ​၏။ အကြောင်းမူကား အန္နတ်​သည် ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သော ကယာဖ​၏​ယောက္ခမ​ဖြစ်​၏။ 14ထို​ကယာဖ​သည် “လူ​တစ်​ဦး​က လူထု​ကိုယ်စား​အသေခံ​ခြင်း​သည် ပို၍​ကောင်း​၏”​ဟု ဂျူး​လူမျိုး​တို့​အား အကြံပေး​ခဲ့​သူ​ဖြစ်​၏။
ယေရှုကိုပေတရုငြင်းပယ်ခြင်း
15ရှိမုန်​ပေတရု​နှင့် အခြား​တပည့်​တော်​တစ်​ပါး​သည် ယေရှု​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။ ထို​တပည့်​တော်​သည် ယဇ်ပုရောဟိတ်​မင်း​၏​အသိ​ဖြစ်​၍ ယေရှု​နှင့်အတူ ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​ထဲသို့ ဝင်​လေ​၏။ 16ပေတရု​မူကား ခြံ​တံခါး​အပြင်​ဘက်​၌ ရပ်​နေ​၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်​မင်း​၏​အသိ​ဖြစ်​သော ထို​တပည့်​တော်​သည်​ထွက်လာ​၍ တံခါးစောင့်​မိန်းမ​အား​ပြော​ပြီးလျှင် ပေတရု​ကို အထဲသို့​ခေါ်သွား​လေ​၏။ 17ထိုအခါ တံခါးစောင့်​ဖြစ်​သော ထို​အစေခံ​မိန်းမ​က ပေတရု​အား “သင်​သည်​လည်း ထို​သူ​၏​တပည့်​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု ဆို​လျှင် ပေတရု​က “မ​ဟုတ်​ပါ”​ဟု ဆို​လေ​၏။
18ထို​ကာလ​သည်​ချမ်းအေး​သောကြောင့် အစေအပါး​တို့​နှင့် အစောင့်​တပ်သား​တို့​သည် မီးခဲ​ဖို​ပြီး ရပ်​လျက်​မီးလှုံ​နေ​ကြ​၏။ ပေတရု​သည်​လည်း သူ​တို့​နှင့်အတူ​ရပ်​၍ မီးလှုံ​နေ​၏။
ယေရှုကိုအန္နတ်စစ်ဆေးခြင်း
19ထိုစဉ်တွင် ယဇ်ပုရောဟိတ်​မင်း​သည် ယေရှု​အား တပည့်​တော်​တို့​နှင့်​ပတ်သက်၍​လည်းကောင်း၊ သူ​၏​သွန်သင်​ချက်​နှင့်​ပတ်သက်၍​လည်းကောင်း မေးမြန်း​၏။ 20ယေရှု​က​လည်း“ငါ​သည် လောက​၌ ထင်ရှား​စွာ​ဟောပြော​ခဲ့​၏။ ဂျူး​လူမျိုး​အပေါင်း​တို့​စုဝေး​ရာ ဝတ်ပြု​စည်းဝေး​ကျောင်း​နှင့် ဗိမာန်​တော်​၌ အစဉ်အမြဲ​သွန်သင်​ခဲ့​၏။ မည်သည့်​အရာ​ကို​မျှ လျှို့ဝှက်​စွာ​မ​ဟောပြော​ခဲ့​ပေ။ 21သင်​သည် အဘယ်ကြောင့် ငါ့​ကို​မေးမြန်း​သနည်း။ လူ​တို့​အား မည်သို့ ငါ​ဟောပြော​ခဲ့​သည်​ကို ကြားနာ​သော​သူ​တို့​ထံ မေးမြန်း​လော့။ ငါ​ပြောဆို​ခဲ့​သော​အရာ​များ​ကို ထို​သူ​တို့​သိ​ကြ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 22ထိုသို့​မိန့်​တော်မူ​သောအခါ အနီး​၌​ရပ်​နေ​သော အစောင့်​တပ်သား​တစ်​ဦး​က “ယဇ်ပုရောဟိတ်​မင်း​ကို ဤသို့​ပြန်​ပြော​ရ​သလော”​ဟု ဆို​လျက် ယေရှု​ကို​ရိုက်ပုတ်​လေ​၏။ 23ယေရှု​က​လည်း“ငါ​ပြော​သော​အရာ​မမှန်​လျှင် မမှန်​သည့်​အကြောင်း​ကို ထောက်ပြ​လော့။ မှန်​သည်​ဆိုလျှင် အဘယ်ကြောင့် ငါ့​ကို​ရိုက်​သနည်း”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။ 24ထို့နောက် အန္နတ်​သည် ကိုယ်တော်​ကို​ချည်နှောင်​ထား​သည့်​အတိုင်း ယဇ်ပုရောဟိတ်​မင်း​ကယာဖ​ထံသို့ ပို့​လိုက်​၏။
ယေရှုကို ပေတရုတစ်ဖန်ငြင်းပယ်ခြင်း
25ရှိမုန်​ပေတရု​မူကား ရပ်​လျက်​မီးလှုံ​နေ​ဆဲ​ဖြစ်​၏။ ထိုအခါ လူ​တို့​က “သင်​သည်​လည်း ထို​သူ​၏​တပည့်​များ​ထဲမှ​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု မေး​ကြ​လျှင် ပေတရု​က “မ​ဟုတ်​ပါ”​ဟု ငြင်းဆို​လေ​၏။
26ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ဖြစ်​ပြီး ပေတရု​ခုတ်​၍ နားရွက်​ပြတ်​သော​သူ​၏​ဆွေမျိုး​လည်း​ဖြစ်​သူ​က “သင့်​ကို ထို​သူ​နှင့်အတူ ဥယျာဉ်​ထဲ၌ ငါ​မြင်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု ဆို​လေ​၏။ 27ထိုအခါ ပေတရု​သည် ပြန်​၍​ငြင်းဆို​သည်​နှင့် ချက်ချင်း​ပင် ကြက်​တွန်​လေ​၏။
ယေရှုကို ပိလတ်မင်းထံ ခေါ်ဆောင်သွားခြင်း
28ထို့နောက် သူ​တို့​သည် ယေရှု​ကို ကယာဖ​ထံမှ ဘုရင်ခံ​ရုံးတော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။ အချိန်​ကား နံနက်​စောစော​အချိန်​ဖြစ်​၏။ သူ​တို့​သည် ညစ်ညူး​ခြင်း​နှင့်​ကင်းလွတ်​၍ ပသခါ​ပွဲတော်​ကို​စား​နိုင်​ရန် ရုံးတော်​ထဲသို့​မ​ဝင်​ဘဲ​နေ​ကြ​၏။ 29ထို့ကြောင့် ပိလတ်​မင်း​သည် သူ​တို့​ရှိ​ရာ​အပြင်​သို့ ထွက်လာ​၍ “သင်​တို့​သည် ဤ​သူ​အပေါ်၌ မည်သည့်​စွပ်စွဲ​ချက်​ကို တင်​ကြ​သနည်း”​ဟု မေး​လေ​၏။ 30သူ​တို့​က​လည်း “ဤ​သူ​သည် အပြစ်​ကျူးလွန်​သူ​မ​ဟုတ်​လျှင် သူ့​ကို အရှင့်​ထံသို့ အပ်နှံ​ကြ​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​၍​လျှောက်​ကြ​၏။ 31ထိုအခါ ပိလတ်​မင်း​က “သင်​တို့​ကိုယ်တိုင် သူ့​ကို​ခေါ်သွား​၍ သင်​တို့​၏​ပညတ်​တရား​အတိုင်း စီရင်​ကြ​ပါ”​ဟု ဆို​၏။ ဂျူး​လူမျိုး​တို့​က​လည်း “အကျွန်ုပ်​တို့​၌ မည်သူ့​ကို​မျှ ကွပ်မျက်​ပိုင်​ခွင့်​မ​ရှိ​ပါ”​ဟု လျှောက်​ကြ​၏။ 32ဤသည်ကား မိမိ​သည် မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အသေခံ​ရ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခဲ့​သော ယေရှု​၏​စကား​ပြည့်စုံ​စေ​မည့်​အကြောင်း​တည်း။
33ထို့ကြောင့် ပိလတ်​မင်း​သည် ရုံးတော်​ထဲသို့ ပြန်​ဝင်​၍ ယေရှု​ကို​ခေါ်​ပြီးလျှင် “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု မေး​လေ​၏။ 34ယေရှု​က“သင်​သည် ကိုယ့်​ဆန္ဒ​အလျောက် ဤသို့​မေး​သလော၊ သို့မဟုတ် အခြား​သော​သူ​တို့​သည် သင့်​အား ငါ့​အကြောင်း​ကို ပြော​ကြ​သလော”​ဟု ပြန်​၍​မေး​တော်မူ​၏။ 35ပိလတ်​မင်း​က “ငါ​သည် ဂျူး​လူမျိုး​ဖြစ်​သလော။ သင်​၏​အမျိုးသား​ချင်း​နှင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် သင့်​ကို ငါ့​ထံ​အပ်နှံ​ကြ​ပြီ။ သင်​မည်သည့်​အရာ​ကို​ပြု​မိ​သနည်း”​ဟု မေး​လေ​၏။ 36ယေရှု​က“ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​မ​စပ်ဆိုင်။ ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​စပ်ဆိုင်​ခဲ့​လျှင် ငါ​သည် ဂျူး​လူမျိုး​တို့​လက်​သို့ အပ်နှံ​ခြင်း​မ​ခံရ​ရန် ငါ့​လူ​တို့​သည် တိုက်ခိုက်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် ယခုတွင် ငါ့​နိုင်ငံ​သည် ဤ​နေရာ​မှ​ဖြစ်တည်​သည်​မဟုတ်”​ဟု မိန့်​တော်မူ​၏။ 37ထို့ကြောင့် ပိလတ်​မင်း​က “သို့ဖြစ်လျှင် သင်​သည် ဘုရင်​ပေ​လော”​ဟု ဆို​လျှင် ယေရှု​က“သင်​ဆို​သည့်​အတိုင်း ငါ​သည်​ဘုရင်​ပေ​တည်း။ ငါ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ရန် မွေးဖွား​ခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့​ကြွလာ​၏။ သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​တိုင်း ငါ့​အသံ​ကို​နားထောင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 38ပိလတ်​မင်း​က “သမ္မာတရား​ဆို​သည်​မှာ အဘယ်​နည်း”​ဟု ဆို​ပြီးလျှင် ဂျူး​လူမျိုး​တို့​ရှိ​ရာ​သို့ တစ်ဖန်​ထွက်သွား​၍ “ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့။ 39သို့ရာတွင် ပသခါ​ပွဲတော်​၌ လူ​တစ်​ဦး​ကို သင်​တို့​အတွက် ငါ​လွှတ်​ပေး​ရ​မည့်​ထုံးစံ​ရှိ​သည်​ဖြစ်​၍ ဂျူး​လူမျိုး​တို့​၏​ဘုရင်​ကို သင်​တို့​အတွက် လွှတ်​ပေး​စေ​လို​သလော”​ဟု သူ​တို့​အား​မေး​လေ​၏။ 40ထိုအခါ သူ​တို့​က “သူ့​ကို​မ​လွှတ်​ဘဲ ဗာရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု ပြန်၍​အော်ဟစ်​လျှောက်​ထား​ကြ​၏။ ဗာရဗ္ဗ​ကား ဓားပြ​ဖြစ်​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန်ခရစ်ဝင် 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

Videos for ရှင်ယောဟန်ခရစ်ဝင် 18