ရှင်ယောဟန် 14:6-11
ရှင်ယောဟန် 14:6-11 Judson Bible (JBMLE)
ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။- သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ဟု မိန့်တော်မူ၏။ ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊- ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ ဆိုရသနည်း။- ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကိုကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။- ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း ယုံကြလော။ ငါ့စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။
ရှင်ယောဟန် 14:6-11 Common Language Bible (BCL)
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။- ယခုသင်တို့သည်ငါ့ကိုသိကြပြီဖြစ်၍ ငါ့ခမည်းတော်ကိုလည်းသိကြလိမ့်မည်။ ယခု မှစ၍ခမည်းတော်ကိုသင်တို့သိကျွမ်း၍ဖူး မြင်ရကြလေပြီ'' ဟုမိန့်တော်မူ၏။ ဖိလိပ္ပုက ``အရှင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ သို့ပြတော် မူလျှင်အကျွန်ုပ်တို့အလိုပြည့်ပါပြီ'' ဟု လျှောက်၏။ သခင်ယေရှုက ``ဖိလိပ္ပု၊ ငါသည်သင်တို့နှင့် အတူဤမျှကြာအောင်နေခဲ့ပြီးဖြစ်ပါ လျက်ငါ့ကိုသင်မသိပါသလော။ ငါ့ကို တွေ့မြင်ရသူသည်ခမည်းတော်ကိုဖူးမြင် ရ၏။ ခမည်းတော်အားအကျွန်ုပ်တို့ကိုပြ တော်မူပါဟုအဘယ်ကြောင့်ဆိုသနည်း။- ငါသည်ခမည်းတော်၌တည်ရှိနေ၍ခမည်း တော်သည်လည်း ငါ၌တည်ရှိနေတော်မူသည် ကိုသင်မယုံသလော။ သင်တို့အားငါပြော သောစကားသည်ငါ့ကိုယ်ပိုင်စကားမဟုတ်။ ငါပြုသောအမှုတို့သည်ခမည်းတော်ပြု တော်မူသောအမှုများပင်ဖြစ်၏။- ငါသည်ခမည်းတော်၌တည်နေ၍ခမည်း တော်သည်လည်း ငါ၌တည်နေတော်မူသည် ဟုငါပြောသည်ကိုယုံကြလော့။ မယုံလျှင် ငါပြုသောအမှုများကိုထောက်၍ယုံကြ လော့။
ရှင်ယောဟန် 14:6-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။ သင်တို့သည် ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်း သိခဲ့ကြပေလိမ့်မည်။ ယခုမှစ၍ သင်တို့သည် ခမည်းတော်ကိုသိလျက် မြင်ရကြလေပြီ”ဟု မိန့်တော်မူ၏။ ဖိလိပ္ပုက “သခင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့အတွက် လုံလောက်ပါပြီ”ဟု လျှောက်လေ၏။ ယေရှုက“ဖိလိပ္ပု၊ ငါသည် သင်တို့နှင့်အတူ ဤမျှလောက်ကြာမြင့်စွာရှိလျက်နှင့်ပင် သင်သည် ငါ့ကိုမသိခဲ့သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်လေပြီ။ သို့ဖြစ်လျှင် ‘ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ’ဟု သင်မည်သို့ဆိုနိုင်သနည်း။ ငါသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို သင်မယုံသလော။ သင်တို့အား ငါပြောဆိုသောစကားတို့ကို ငါ့ဆန္ဒအလျောက်ငါပြောဆိုသည်မဟုတ်။ ငါ၌တည်နေတော်မူသောခမည်းတော်သည် သူ၏အမှုတော်များကိုပြုတော်မူခြင်းသာဖြစ်၏။ ငါသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည် ငါ၌ရှိကြောင်းကို ယုံကြလော့။ မယုံနိုင်လျှင် ငါပြုသောအမှုများကိုထောက်၍ ယုံကြလော့။