ရှင်ယောဟန် 12:12-19
ရှင်ယောဟန် 12:12-19 Judson Bible (JBMLE)
နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသော လူအစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊- စွန်ပလွံခက်များကို ကိုင်လျက်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွားကြ၍၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်းဟု ကြွေးကြော်ကြ၏။- ကျမ်းစာ၌လာသည်ကား၊- အို ဇိအုန်သတို့သမီး၊ မစိုးရိမ်နှင့်။ သင်၏အရှင်မင်းကြီးသည် မြည်းကလေးကိုစီး၍ သင်ရှိရာသို့ ကြွတော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့်အညီ၊ ယေရှုသည်မြည်းကလေးကိုတွေ့၍ စီးတော်မူ၏။- ထိုအကြောင်းအရာကို တပည့်တော်တို့သည် အစအဦး၌နားမလည်သော်လည်း၊ ကိုယ်တော်ကို ရည်မှတ်၍ ထိုသို့ရေးထားသည်ကိုလည်းကောင်း၊ ကိုယ်တော်အား ထိုသို့ပြုကြသည်ကိုလည်းကောင်း၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ၍ မှတ်မိကြ၏။ နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား၊ လာဇရုကို သင်္ချိုင်းတွင်းမှခေါ်၍ သေခြင်းမှ ထမြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ၏။- ထိုနိမိတ်လက္ခဏာကိုပြတော်မူသည်ဟု လူများတို့သည် သတင်းကြားသောကြောင့်၊ ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွားကြ၏။- ဖာရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည် အလျှင်းမတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက်သွားပါပြီတကားဟု ပြောဆိုကြ၏။
ရှင်ယောဟန် 12:12-19 Common Language Bible (BCL)
နောက်တစ်နေ့၌ပသခါပွဲတော်သို့လာ ကြကုန်သောလူပရိသတ်အပေါင်းတို့သည် ယေရုရှလင်မြို့သို့သခင်ယေရှုကြွလာ တော်မည်ဟုကြားသဖြင့်၊- စွန်ပလွံခက်များကိုကိုင်ဆောင်ကာထွက်သွား ပြီးလျှင် ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြလော့။ ထာဝရဘုရား၏နာမတော်နှင့်ကြွ လာသောအရှင်သည်မင်္ဂလာရှိတော်မူစေသတည်း။ ဣသရေလဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း'' ဟုကြွေးကြော်လျက်ကိုယ်တော်အား ကြိုဆိုကြ၏။ ကျမ်းစာတော်တွင်၊ ``အို ဇိအုန်မြို့၊မကြောက်နှင့်၊ကြည့်လော့၊ သင်၏ရှင်ဘုရင်သည်မြည်းကလေးကိုစီးလျက် ကြွလာလေပြီ'' ဟုပါရှိသည်နှင့်အညီသခင်ယေရှုသည် မြည်းတစ်ကောင်ကိုတွေ့၍ထိုမြည်းကိုစီး တော်မူ၏။ တပည့်တော်တို့သည်ထိုစဉ်အခါကဤ ကျမ်းချက်ကိုနားမလည်ကြ။ သခင်ယေရှု ဘုန်းအသရေပွင့်တော်မူသောအခါကျမှ ဤကျမ်းချက်ကားကိုယ်တော်၏အကြောင်း ဖော်ပြသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ အတွက်ထိုသို့ပြုခဲ့ကြသည်ကိုလည်းကောင်း ပြန်လည်သတိရကြ၏။ လာဇရုအားသင်္ချိုင်းဂူမှခေါ်ထုတ်၍ရှင်ပြန် စေတော်မူစဉ်အခါကနောက်တော်ပါပရိသတ် သည် အံ့ဖွယ်သောနိမိတ်လက္ခဏာအကြောင်းကို ပြန်ကြားကြသဖြင့် ကြားရသောလူအပေါင်း တို့သည်ကိုယ်တော်ကိုကြိုဆိုရန်လာကြ၏။ ဖာရိရှဲတို့က ``ငါတို့မှာလုံးဝအောင်မြင်မှု မရှိ။ လောကတစ်ခုလုံးပင်ထိုသူ့နောက်သို့ လိုက်ပါသွားပါပြီတကား'' ဟုအချင်း ချင်းပြောဆိုကြ၏။
ရှင်ယောဟန် 12:12-19 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
နောက်တစ်နေ့တွင် ပွဲတော်သို့ရောက်လာသည့် များစွာသောလူထုပရိသတ်တို့သည် ဂျေရုဆလင်မြို့သို့ ယေရှုကြွလာတော်မူမည်ဟုကြားသိသဖြင့် စွန်ပလွံခက်များကိုကိုင်ဆောင်လျက် ကိုယ်တော်ကိုကြိုဆိုရန် ထွက်သွားကြ၍ “ဟောရှဏ္ဏ၊ ထာဝရဘုရား၏နာမတော်အားဖြင့် ကြွလာတော်မူသောအရှင်၊ အစ္စရေးဘုရင်သည် မင်္ဂလာရှိစေသတည်း”ဟု ကြွေးကြော်ကြ၏။ ယေရှုသည် မြည်းငယ်ကိုတွေ့၍ စီးတော်မူ၏။ ဤသည်ကား “ဇိအုန်သမီး၊ မကြောက်နှင့်။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏”ဟု ရေးထားသည့်အတိုင်းဖြစ်၏။ ဤအရာများကို တပည့်တော်တို့သည် အစက နားမလည်ခဲ့ကြ။ သို့သော် ယေရှုဘုန်းတော်ထင်ရှားခြင်းရှိတော်မူသောအခါမှသာ ဤအရာများသည် ကိုယ်တော်ကိုရည်ညွှန်း၍ ရေးထားခဲ့ခြင်းဖြစ်ပြီး လူတို့သည် ကိုယ်တော်အပေါ် ထိုအတိုင်းပြုခဲ့ကြောင်းကို ပြန်လည်သတိရကြ၏။ ယေရှုသည် လာဇရုကို သင်္ချိုင်းဂူမှခေါ်ထုတ်၍ သေသောသူတို့ထဲမှ ထမြောက်စေတော်မူစဉ်က ကိုယ်တော်နှင့်အတူရှိခဲ့သော လူထုပရိသတ်တို့သည် ထိုအကြောင်းကို သက်သေခံကြ၏။ လူထုပရိသတ်တို့သည် ကိုယ်တော်ကိုဆီးကြိုကြခြင်းမှာ ဤသို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူကြောင်း ကြားသိခဲ့ကြသောကြောင့်လည်းဖြစ်၏။ ထို့ကြောင့် ဖာရိရှဲတို့က “တွေ့သလော။ သင်တို့လုပ်ရပ်တစ်ခုမျှအကျိုးမရှိ။ ကြည့်ပါ။ တစ်ကမ္ဘာလုံး သူ့နောက်သို့လိုက်သွားကြပြီ”ဟု အချင်းချင်းပြောဆိုကြ၏။