ရှင်ယောဟန် 11:45-57
ရှင်ယောဟန် 11:45-57 Judson Bible (JBMLE)
ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။- အချို့မူကား၊ ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ၏။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့သည် အဘယ်သို့ပြုလျက် နေကြသနည်း။ ထိုသူသည် များစွာသော နိမိတ်လက္ခဏာကိုပြ၏။- သူ့ကို ဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။- ထိုသူတို့အဝင် ထိုနှစ်တွင် ယဇ်ပုရာဟိတ်မင်းဖြစ်သော ကယာဖအမည်ရှိသောသူက၊ သင်တို့အလျှင်း မသိကြ။- ယုဒလူမျိုးအကုန်အစင် ပျက်စီးသည်ထက်၊ လူတစ်ယောက်သည် လူများတို့အတွက်သေသော် သာ၍ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကားဟု ပြောဆို၏။- ထိုစကားကို ကိုယ်အလိုအလျောက် ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက်၊ ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ၍လည်းကောင်း၊- ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှာ သေရမည်ဟူ၍လည်းကောင်း၊ ပရောဖက်ဉာဏ်နှင့် ဟောပြော၏။- ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။- ထိုကြောင့်၊ ယေရှုသည် နောက်တစ်ဖန် ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ၊ ထိုအရပ်မှထွက်၍ တောနှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့သို့ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။ ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။- ထိုသူတို့သည် ယေရှုကိုရှာဖွေ၍၊ အချင်းတို့၊ အဘယ်သို့ထင်ကြသနည်း။ သူသည် ပွဲသို့မလာသလောဟု ဗိမာန်တော်၌ရပ်လျက် အချင်းချင်းမေးမြန်းကြ၏။- ထိုအခါ အဘယ်သူသည် ယေရှုရှိရာအရပ်ကိုသိလျှင် သူ့ကိုဖမ်းဆီးစေခြင်းငှာ ပြညွှန်ရမည်ဟု ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့သည် မှာခဲ့ကြပြီ။
ရှင်ယောဟန် 11:45-57 Common Language Bible (BCL)
ထိုအခါမာရိထံသို့လာကြသည့်လူ အမြောက်အမြားပင်သခင်ယေရှုပြုတော် မူသောအမှုကိုတွေ့မြင်ကြသဖြင့်ကိုယ် တော်ကိုယုံကြည်လာကြ၏။- သို့ရာတွင်အချို့တို့သည်ဖာရိရှဲများ၏ ထံသို့သွား၍ သခင်ယေရှုပြုတော်မူသော အမှုကိုပြောကြားကြ၏။- သို့ဖြစ်၍ယဇ်ပုရောဟိတ်ကြီးများနှင့် ဖာရိရှဲများသည်ယုဒတရားလွှတ်တော်ဆိုင် ရာအစည်းအဝေးကိုခေါ်ဖိတ်၍ ``ဤသူသည် များစွာသောအံ့သြဖွယ်နိမိတ်လက္ခဏာတို့ ကိုပြလျက်နေ၏။ ငါတို့အဘယ်ကြောင့်မည် သို့မျှမပြုဘဲနေကြသနည်း။- သူ့ကိုဤသို့ခွင့်ပြုထားပါမူလူတိုင်းပင် သူ့အားယုံကြည်လာကြပါလိမ့်မည်။ ထို အခါရောမအာဏာပိုင်တို့သည်လာ၍ငါ တို့၏ဗိမာန်တော်ကိုလည်းကောင်း၊ ငါတို့ အမျိုးသားတစ်ရပ်လုံးကိုလည်းကောင်း ဖျက်ဆီးပစ်ကြပါလိမ့်မည်'' ဟုဆိုကြ၏။ ထိုသူတို့တွင်ထိုနှစ်အတွက် ယဇ်ပုရောဟိတ် မင်းဖြစ်သောကယာဖဆိုသူက ``သင်တို့ သည်ပညာမဲ့ကြပါသည်တကား။- ယုဒအမျိုးသားတစ်ရပ်လုံးသေကျေပျက် စီးသည်ထက် တစ်မျိုးသားလုံးအတွက်လူ တစ်ယောက်သေရသည်က သင်တို့အဖို့ပို၍ ကောင်းသည်ကိုသင်တို့မသိကြသလော'' ဟုဆို၏။- ယင်းသို့ဆိုရာ၌သူသည် မိမိကိုယ်ပိုင်ဉာဏ် ဖြင့်ဆိုသည်မဟုတ်။ ထိုနှစ်အတွက်ယဇ်ပု ရောဟိတ်မင်းဖြစ်လျက် ယုဒအမျိုးသား တစ်ရပ်လုံးအတွက်လည်းကောင်း၊ ထိုမျှမက အရပ်ရပ်တွင် ကွဲလွင့်နေသောဘုရားသခင် ၏လူစုတော်ဝင်များကိုတစ်စုတစ်ရုံးတည်း ဖြစ်စေရန်လည်းကောင်း ကိုယ်တော်အသေခံ တော်မူမည့်အကြောင်းကြိုတင်ဟောကြား ခြင်းဖြစ်သတည်း။ ထိုနေ့မှစ၍ယုဒအာဏာပိုင်တို့သည် သခင်ယေရှုကိုသတ်ရန်တိုင်ပင်ကြံစည် ကြ၏။- သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တွင် အထင်အရှားမသွားမလာတော့ချေ။ ထို အရပ်မှထွက်ခွာတော်မူ၍တောကန္တာရ အနီး၊ ဧဖရိမ်နာမည်ရှိသောမြို့သို့ကြွ တော်မူပြီးလျှင်တပည့်တော်တို့နှင့်အတူ နေတော်မူ၏။ ယုဒအမျိုးသားတို့၏ပသခါပွဲတော်အခါ နီးကပ်လာပြီဖြစ်၍ ကျေးလက်တောရွာများ မှလူအများပင်သန့်စင်ခြင်းဝတ်ကိုပြုရန် ပွဲတော်မစမီယေရုရှလင်မြို့သို့တက်လာ ကြ၏။- ထိုသူတို့သည်သခင်ယေရှုကိုရှာလျက်နေ ကြ၏။ သူတို့သည်ဗိမာန်တော်တွင်စုရုံးမိ ကြသောအခါ ``သူသည်ဤပွဲတော်သို့လာ ပါမည်လော။ မလာမည်မှာသေချာ၏။ သင် တို့အဘယ်သို့ထင်ကြသနည်း'' ဟုအချင်း ချင်းမေးမြန်းပြောဆိုကြ၏။- ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများ ကမည်သူမဆိုသခင်ယေရှုရှိရာအရပ် ကိုသိလျှင် သူ့ကိုဖမ်းဆီးနိုင်ရန်အကြောင်း ကြားရမည်ဟုအမိန့်ထုတ်ပြန်ထားပြီး ဖြစ်သတည်း။
ရှင်ယောဟန် 11:45-57 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ကြောင့် မာရိထံသို့လာ၍ ယေရှုပြုတော်မူသောအရာတို့ကိုမြင်ရသည့် များစွာသောဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ သို့သော် အချို့တို့သည် ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအရာတို့ကို ပြောကြားကြ၏။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည် တရားလွှတ်တော်အဖွဲ့ကိုစုဝေးစေ၍ “ထိုသူသည် များစွာသောနိမိတ်လက္ခဏာတို့ကို ပြုနေသည်ဖြစ်၍ ငါတို့မည်သို့ပြုကြမည်နည်း။ ထိုသူကို ဤအတိုင်းလွှတ်ထားလျှင် လူအားလုံးတို့သည် သူ့ကိုယုံကြည်ကြလိမ့်မည်။ ထိုအခါ ရောမလူမျိုးတို့သည်လာ၍ ငါတို့၏အရပ်ဌာနနှင့်တကွ ငါတို့၏လူမျိုးကိုပါ သိမ်းယူကြလိမ့်မည်”ဟု ပြောဆိုကြ၏။ သို့ရာတွင် သူတို့ထဲမှတစ်ဦးဖြစ်ပြီး ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖက “သင်တို့သည် မည်သည့်အရာကိုမျှမသိကြ။ တစ်မျိုးသားလုံးပျက်စီးသည်ထက် လူတစ်ဦးက လူထုကိုယ်စား အသေခံခြင်းသည် သင်တို့အတွက် ပို၍ကောင်းသည်ကိုလည်း သင်တို့မဆင်ခြင်ကြပါတကား”ဟု ဆို၏။ သို့သော် ဤစကားကို မိမိဆန္ဒအလျောက် သူပြောဆိုသည်မဟုတ်။ သူသည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သည်နှင့်အညီ ယေရှုသည် ထိုလူမျိုးအတွက် အသေခံတော်မူမည်ဖြစ်ကြောင်းနှင့် ထိုလူမျိုးအတွက်သာမက ကွဲလွင့်နေသော ဘုရားသခင်၏သားသမီးများကို တစ်စုတစ်ဝေးတည်းဖြစ်စေရန်အတွက်ပါ အသေခံတော်မူမည်ဖြစ်ကြောင်း ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။ ထို့ကြောင့် သူတို့သည် ထိုနေ့မှစ၍ ကိုယ်တော်ကိုသတ်ရန် တိုင်ပင်ကြံစည်ကြ၏။ သို့ဖြစ်၍ ယေရှုသည် ဂျူးလူမျိုးတို့ထဲတွင် ထင်ရှားစွာမသွားလာတော့ဘဲ ထိုအရပ်မှထွက်ခွာ၍ တောကန္တာရနှင့်နီးသောအရပ်ဒေသ၌ရှိသည့် ဧဖရိမ်ဟုခေါ်သောမြို့သို့ကြွပြီးလျှင် တပည့်တော်တို့နှင့်အတူ ထိုမြို့၌နေတော်မူ၏။ ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်၍ များစွာသောသူတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစင်ကြယ်စေရန် ပသခါပွဲတော်မတိုင်မီ ကျေးလက်ဒေသမှ ဂျေရုဆလင်မြို့သို့ တက်လာကြ၏။ သူတို့သည် ယေရှုကိုရှာရင်း ဗိမာန်တော်ထဲ၌ရပ်လျက် “သင်တို့မည်သို့ထင်ကြသနည်း။ သူသည် ဤပွဲတော်သို့ လုံးဝမလာဘဲနေမည်လော”ဟု အချင်းချင်းပြောဆိုကြ၏။ ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့မူကား ကိုယ်တော်ကိုဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ယေရှုရှိရာအရပ်ကိုသိလျှင် သတင်းပေးရမည်ဟု အမိန့်ထုတ်ထားကြ၏။