ရှင်ယောဟန် 11:33-44
ရှင်ယောဟန် 11:33-44 Judson Bible (JBMLE)
မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊- အလောင်းကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက်ကြ၏။- ယေရှုသည် မျက်ရည်ကျတော်မူ၏။- ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။- အချို့တို့က၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှာ မတတ်နိုင်သလောဟုဆိုကြ၏။ တစ်ဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့် ပိတ်ထား၏။- ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင်၊ သေလွန်သောသူ၏နှမ မာသက၊ သခင်၊ ယခုဖြစ်လျှင် နံလိမ့်မည်။ လေးရက်ရှိပါပြီဟု လျှောက်၏။- ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။- ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှ ကျောက်ကို ရွှေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။- ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှာ သူတို့၏အကျိုးကိုထောက်၍ ဤသို့ အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွက်တော်မူပြီးမှ၊- လာဇရု ထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။- ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 11:33-44 Common Language Bible (BCL)
သခင်ယေရှုသည်မာရိငိုယိုနေသည်ကို လည်းကောင်း၊ သူနှင့်အတူပါလာကြသော လူတို့သည်လည်းငိုယိုနေကြသည်ကိုလည်း ကောင်းမြင်တော်မူသဖြင့် စိတ်တော်အလွန် လှုပ်ရှားလျက်စိတ်မချမ်းမသာဖြစ်တော်မူ၏။- ကိုယ်တော်က ``သူ့အလောင်းကိုအဘယ်မှာ သင်္ဂြိုဟ်ကြသနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``သခင်ကြွ၍ကြည့်တော်မူ ပါ'' ဟုလျှောက်ထားကြ၏။- သခင်ယေရှုသည်မျက်ရည်ကျတော်မူ၏။ ထိုအခါလူတို့က ``ကြည့်ပါ၊ သူသည် လာဇရုကိုအလွန်ချစ်ပါသည်တကား'' ဟုဆိုကြ၏။- အချို့သောသူတို့ကမူ ``မျက်မမြင်ကို မျက်စိမြင်စေသောသူသည်လာဇရုကို မသေရအောင်မတတ်နိုင်ပါသလော'' ဟု ဆိုကြ၏။ သခင်ယေရှုသည်တစ်ဖန်စိတ်တော်အလွန် လှုပ်ရှားလျက်သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထို ဂူ၏အဝင်ဝကိုကျောက်တုံးဖြင့်ပိတ်ထား၏။- သခင်ယေရှုက ``ကျောက်တုံးကိုရွှေ့လိုက်ကြ လော့'' ဟုမိန့်တော်မူ၏။ သေလွန်သူ၏အစ်မ၊ မာသက ``အရှင် ဘုရား၊ ယခုအခါဆိုလျှင်အနံ့ထွက် နေပါလိမ့်မည်။ သူသေသည်မှာလေးရက် ရှိပါပြီ'' ဟုလျှောက်၏။ သခင်ယေရှုက ``သင်ယုံကြည်လျှင်ဘုရား သခင်၏ဘုန်းအသရေတော်ကိုမြင်ရလိမ့် မည်ဟူ၍ငါပြောသည်မဟုတ်လော'' ဟု မိန့်တော်မူ၏။- သို့ဖြစ်၍လူတို့သည်ကျောက်တုံးကိုရွှေ့လိုက် ကြ၏။ ထိုအခါသခင်ယေရှုသည်အထက် သို့မျှော်ကြည့်လျက် ``ခမည်းတော်၊ ကိုယ်တော် ရှင်သည်အကျွန်ုပ်၏ပတ္ထနာကိုနားညောင်း တော်မူသဖြင့်ကျေးဇူးတော်ကြီးပါ၏။- ကိုယ်တော်ရှင်သည်အစဉ်အမြဲအကျွန်ုပ် ၏ပတ္ထနာကိုနားညောင်းတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ရာတွင်အကျွန်ုပ်အား ကိုယ်တော်ရှင်စေလွှတ်တော်မူကြောင်းကို ဤ လူအပေါင်းတို့ယုံကြည်ကြစေရန် သူတို့၏ အကျိုးကိုထောက်၍အကျွန်ုပ်ဤသို့လျှောက် ပါ၏'' ဟုမြွက်ဆိုတော်မူ၏။- ထိုနောက် ``လာဇရု၊ ထွက်ခဲ့လော့'' ဟုကျယ်စွာ အမိန့်ပေးတော်မူ၏။- ထိုအခါသေလွန်သောသူသည်ခြေလက်၌ အဝတ်ဖြင့်ပတ်လျက်၊ မျက်နှာ၌ပဝါဖြင့် စည်းလျက်ထွက်လာလေသည်။ သခင်ယေရှု က ``သူ့အားပတ်ထားသည့်အဝတ်များကို ဖြေပေးကြလော့'' ဟုမိန့်တော်မူ၏။
ရှင်ယောဟန် 11:33-44 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုသည် မာရိငိုကြွေးနေသည်ကိုလည်းကောင်း၊ လိုက်လာသောဂျူးလူမျိုးတို့သည်လည်း ငိုကြွေးနေကြသည်ကိုလည်းကောင်း မြင်တော်မူလျှင် စိတ်တော်ထဲတွင်ညည်းတွားလျက် ရင်တွင်း၌မငြိမ်မသက်ဖြစ်ကာ “သူ့ကိုအဘယ်မှာသင်္ဂြိုဟ်ကြသနည်း”ဟု မေးတော်မူ၏။ သူတို့ကလည်း “သခင်ဘုရား၊ ကြွ၍ကြည့်ရှုတော်မူပါ”ဟု လျှောက်ကြ၏။ ယေရှုသည် မျက်ရည်ကျတော်မူ၏။ ထိုအခါ ဂျူးလူမျိုးတို့က “ကြည့်ပါ။ လာဇရုကို အလွန်ချစ်ခင်ပါသည်တကား”ဟု ဆိုကြ၏။ သို့သော် သူတို့ထဲမှအချို့တို့က “မျက်မမြင်ကိုမျက်စိမြင်စေခဲ့သော ဤသူသည် လာဇရုကိုလည်းမသေစေရန် မတတ်နိုင်သလော”ဟု ဆိုကြ၏။ ထို့နောက် ယေရှုသည် နောက်တစ်ဖန် ရင်တွင်း၌ ညည်းတွားလျက် သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထိုသင်္ချိုင်းဂူသည် ကျောက်လိုဏ်ဂူဖြစ်ပြီး အဝင်ဝကို ကျောက်တုံးဖြင့်ပိတ်ထား၏။ ယေရှုက“ကျောက်တုံးကိုဖယ်ရှားကြလော့”ဟု မိန့်တော်မူ၏။ သေဆုံးသောသူ၏အစ်မ မာသက “သခင်ဘုရား၊ လေးရက်ပင်ရှိပြီဖြစ်၍ ယခုဆိုလျှင် အနံ့ထွက်နေပါလိမ့်မည်”ဟု လျှောက်လေ၏။ ယေရှုကလည်း“သင်ယုံကြည်လျှင် ဘုရားသခင်၏ဘုန်းတော်ကိုမြင်ရလိမ့်မည်ဟူ၍ သင့်အား ငါပြောခဲ့ပြီမဟုတ်လော”ဟု မိန့်တော်မူ၏။ ထို့ကြောင့် လူတို့သည် ကျောက်တုံးကိုဖယ်ရှားကြ၏။ ထိုအခါ ယေရှုသည် အထက်သို့မော်ကြည့်လျက်“အို အဖ၊ အကျွန်ုပ်တောင်းလျှောက်သည်ကို နားညောင်းတော်မူပြီဖြစ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းသံကို အစဉ်နားညောင်းတော်မူကြောင်း အကျွန်ုပ်သိပါ၏။ သို့ရာတွင် ဤသို့တောင်းလျှောက်ခြင်းမှာ ဝိုင်းရံလျက်ရှိသောလူထုပရိသတ်အတွက်ဖြစ်ပြီး အကျွန်ုပ်ကိုကိုယ်တော်စေလွှတ်တော်မူကြောင်း သူတို့ယုံကြည်ကြစေရန်အတွက်ဖြစ်ပါ၏”ဟု မြွက်ဆိုတော်မူ၏။ ထိုသို့မြွက်ဆိုတော်မူပြီးနောက် ကျယ်လောင်သောအသံဖြင့်“လာဇရု၊ ထွက်လာလော့”ဟု ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့၌ ပိတ်စဖြင့်ပတ်စည်းလျက် မျက်နှာကိုလည်း ပဝါဖြင့်စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက“သူ့ကို ဖြေပေး၍ သွားခွင့်ပေးကြလော့”ဟု လူတို့အား မိန့်တော်မူ၏။