YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 11:33-44

ရှင်ယောဟန်ခရစ်ဝင် 11:33-44 MSBU

ယေရှု​သည် မာရိ​ငိုကြွေး​နေ​သည်​ကို​လည်းကောင်း၊ လိုက်​လာ​သော​ဂျူး​လူမျိုး​တို့​သည်​လည်း ငိုကြွေး​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​တော်မူ​လျှင် စိတ်​တော်​ထဲတွင်​ညည်းတွား​လျက် ရင်​တွင်း​၌​မငြိမ်မသက်​ဖြစ်​ကာ “သူ့​ကို​အဘယ်မှာ​သင်္ဂြိုဟ်​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ သူ​တို့​က​လည်း “သခင်​ဘုရား၊ ကြွ​၍​ကြည့်ရှု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ယေရှု​သည် မျက်ရည်​ကျ​တော်မူ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​က “ကြည့်​ပါ။ လာဇရု​ကို အလွန်​ချစ်ခင်​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။ သို့သော် သူ​တို့​ထဲမှ​အချို့​တို့​က “မျက်မမြင်​ကို​မျက်စိ​မြင်​စေ​ခဲ့​သော ဤ​သူ​သည် လာဇရု​ကို​လည်း​မ​သေ​စေရန် မ​တတ်နိုင်​သလော”​ဟု ဆို​ကြ​၏။ ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ရင်​တွင်း​၌ ညည်းတွား​လျက် သင်္ချိုင်း​ဂူ​သို့​ကြွ​တော်မူ​၏။ ထို​သင်္ချိုင်းဂူ​သည် ကျောက်​လိုဏ်ဂူ​ဖြစ်​ပြီး အဝင်​ဝ​ကို ကျောက်တုံး​ဖြင့်​ပိတ်​ထား​၏။ ယေရှု​က“ကျောက်တုံး​ကို​ဖယ်ရှား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သေဆုံး​သော​သူ​၏​အစ်မ မာသ​က “သခင်​ဘုရား၊ လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်၍ ယခု​ဆို​လျှင် အနံ့​ထွက်​နေ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​ယုံကြည်​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မြင်​ရ​လိမ့်မည်​ဟူ၍ သင့်​အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် လူ​တို့​သည် ကျောက်တုံး​ကို​ဖယ်ရှား​ကြ​၏။ ထိုအခါ ယေရှု​သည် အထက်​သို့​မော်ကြည့်​လျက်“အို အဖ၊ အကျွန်ုပ်​တောင်းလျှောက်​သည်​ကို နားညောင်း​တော်မူ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဆုတောင်း​သံ​ကို အစဉ်​နားညောင်း​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏။ သို့ရာတွင် ဤသို့​တောင်းလျှောက်​ခြင်း​မှာ ဝိုင်းရံ​လျက်​ရှိ​သော​လူထု​ပရိသတ်​အတွက်​ဖြစ်​ပြီး အကျွန်ုပ်​ကို​ကိုယ်တော်​စေလွှတ်​တော်မူ​ကြောင်း သူ​တို့​ယုံကြည်​ကြ​စေရန်​အတွက်​ဖြစ်​ပါ​၏”​ဟု မြွက်ဆို​တော်မူ​၏။ ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် ကျယ်လောင်​သော​အသံ​ဖြင့်“လာဇရု၊ ထွက်လာ​လော့”​ဟု ဟစ်ခေါ်​တော်မူ​၏။ ထိုအခါ သေလွန်​သော​သူ​သည် ခြေ​နှင့်​လက်​တို့​၌ ပိတ်စ​ဖြင့်​ပတ်စည်း​လျက် မျက်နှာ​ကို​လည်း ပဝါ​ဖြင့်​စည်း​ထား​သည့်​အတိုင်း ထွက်လာ​၏။ ယေရှု​က“သူ့​ကို ဖြေ​ပေး​၍ သွား​ခွင့်ပေး​ကြ​လော့”​ဟု လူ​တို့​အား မိန့်​တော်မူ​၏။

ရှင်ယောဟန်ခရစ်ဝင် 11:33-44 အကြောင်း ဗီဒီယိုများ

​ရှင်ယောဟန်ခရစ်ဝင် 11:33-44 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။