YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 10:22-42

ရှင်ယောဟန် 10:22-42 Judson Bible (JBMLE)

ဆောင်း​ကာ​လ​ဖြစ်၍ အင်္ကဲ​နိ​ပွဲ​ကို ယေ​ရု​ရှ​လင်​မြို့၌ ခံ​ကြ​သော​အ​ခါ၊- ယေ​ရှု​သည် ဗိ​မာန်​တော်​နား​မှာ ရှော​လ​မုန်​က​နား​ပြင်၌ စင်္ကြံ​သွား​တော်​မူ​စဉ်​တွင်၊- ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​တို့​ကို ယုံ​မှား​စေ​မည်​နည်း။ ခ​ရစ်​တော်​မှန်​လျှင် အ​တည့်​အ​လင်း​ပြော​ပါ​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​ပြော​ပြီ။ သင်​တို့​သည် မ​ယုံ​ကြ။ ငါ့​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ငါ​ပြု​သော​အ​မှု​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။- သို့​သော်​လည်း သင်​တို့​သည် မ​ယုံ​ကြ။ အ​ဘယ်​ကြောင့် မ​ယုံ​ကြ​သ​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် ငါ့​သိုး​တို့ အ​ဝင်​မ​ဟုတ်။ အ​ထက်​က ငါ​ပြော​သည်​အ​တိုင်း၊- ငါ့​သိုး​တို့​သည် ငါ့​စ​ကား​သံ​ကို​နား​ထောင်၍ ငါ့​နောက်​သို့​လိုက်​ကြ၏။ ထို​သိုး​တို့​ကို ငါ​သိ၏။- ထာ​ဝ​ရ​အ​သက်​ကို​လည်း ငါ​ပေး၏။ ထို​သိုး​တို့​သည် ပျက်​စီး​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​လက်​မှ​မ​နုတ်​မ​ယူ​ရာ။- ထို​သိုး​တို့​ကို ငါ​၌​အပ်​ပေး​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​သူ​တို့​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​ခ​မည်း​တော်၏​လက်​မှ မ​နုတ်​မ​ယူ​နိုင်​ရာ။ ငါ​သည် ငါ့​ခ​မည်း​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ တစ်​ဖန် ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​သည် ငါ့​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ကောင်း​သော​အ​မှု​အ​များ​တို့​ကို သင်​တို့​အား​ပြ​ပြီ။ ထို​အ​မှု​တို့​တွင် အ​ဘယ်​မည်​သော​အ​မှု​ကြောင့် ငါ့​ကို ခဲ​နှင့် ပစ်​ကြ​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊- ယု​ဒ​လူ​တို့​က၊ ကောင်း​သော​အ​မှု​ကြောင့် ခဲ​နှင့် ပစ်​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်​ဖြစ်​ယောင်​ဆောင်၍ ဘု​ရား​သ​ခင်​ကို လွန်​ကျူး​သော​စ​ကား​ကြောင့် ခဲ​နှင့်​ပစ်​မည်​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် ဘု​ရား​ဖြစ်​ကြ၏၊ ငါ​ဆို​သည်​ဟု သင်​တို့၏ ပ​ည​တ္တိ​ကျမ်း​စာ၌ လာ​သည်​မ​ဟုတ်​လော။- ဘု​ရား​သ​ခင်၏​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သော​သူ​တို့​ကို ဘု​ရား​ဟူ၍ ခေါ်​ရ​လျှင်​လည်း​ကောင်း၊ ကျမ်း​စ​ကား​ကို မ​ပယ်​ရ​လျှင်​လည်း​ကောင်း၊- ခ​မည်း​တော်​သည်​သန့်​ရှင်း​စေ၍၊ ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​သူ​က၊ ငါ​သည်​ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ဟု​ဆို​သော​ကြောင့်၊ သင်​သည် ဘု​ရား​သ​ခင်​ကို လွန်​ကျူး၍​ပြော​သည်​ဟု ထို​သူ​အား​ဆို​ရာ​သ​လော။- ငါ​သည် ငါ့​ခ​မည်း​တော်၏​အ​မှု​တို့​ကို မ​ပြု​လျှင် ငါ့​ကို​မ​ယုံ​ကြ​နှင့်။- ပြု​လျှင်​ငါ့​ကို​မ​ယုံ​သော်​လည်း ထို​အ​မှု​တို့​ကို ယုံ​ကြ​လော့။ ထို​သို့​ယုံ​လျှင် ခ​မည်း​တော်​သည် ငါ၌ ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ငါ​သည်​ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း ယုံ၍ သိ​မှတ်​ကြ​လိမ့်​မည်ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ တစ်​ဖန် ရှာ​ကြ​ပြန်​လျှင်၊ ထို​သူ​တို့၏​လက်​မှ ထွက်​ကြွ​တော်​မူ၏။- ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို ရှေ့​ဦး​စွာ​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ တစ်​ဖန်​ကြွ၍ ထို​အ​ရပ်၌ နေ​တော်​မူ၏။- လူ​အ​များ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​လျှင်၊ ယော​ဟန်​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို​မ​ပြ။ သို့​သော်​လည်း ဤ​သူ၏​အ​ကြောင်း​ကို ယော​ဟန်​ပြော​သ​မျှ မှန်​ပေ၏​ဟု ဆို​ကြ​သ​ဖြင့်၊- ထို​အ​ရပ်၌ လူ​များ​တို့​သည် ကိုယ်​တော်​ကို ယုံ​ကြည်​ကြ၏။

ရှင်ယောဟန် 10:22-42 Common Language Bible (BCL)

ထို​အ​ချိန်​၌​ယေ​ရု​ရှ​လင်​မြို့​တွင် ဗိ​မာန်​တော်​ကို ဆက်​ကပ်​သည့်​ပွဲ​တော်​ကျ​ရောက်​လျက်​ရှိ​၏။ ထို အ​ခါ​ကား​ဆောင်း​ရာ​သီ​ဖြစ်​၏။- သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​ရှိ​ရှော​လ​မုန် မုခ်​တွင် စင်္ကြံ​သွား​လျက်​နေ​တော်​မူ​၏။- ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ဝန်း​ရံ​လျက် ``သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင်​အ​ကျွန်ုပ်​တို့ အား​စိတ်​ဒွိ​ဟ​ဖြစ်​စေ​ပါ​မည်​နည်း။ အ​ကယ်​၍ သင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ​လျှင် အ​ကျွန်ုပ်​တို့​အား အ​တည့်​အ​လင်း​ပြော​ပါ​လော့'' ဟု​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​ငါ​ပြော​ပြီး​ဖြစ် ၏။ သို့​ရာ​တွင်​သင်​တို့​မ​ယုံ​ကြ။ ခ​မည်း​တော်​ခွင့် ပြု​တော်​မူ​ချက်​အ​ရ​ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​က ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​လျက်​ရှိ​၏။- သင်​တို့​သည်​ငါ​၏​သိုး​များ​မ​ဟုတ်​သ​ဖြင့် ငါ့​ကို​မ​ယုံ​ကြ။- ငါ​၏​သိုး​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင်​ကြ ၏။ ငါ​သည်​သူ​တို့​ကို​သိ​၍​သူ​တို့​သည်​လည်း ငါ့ နောက်​သို့​လိုက်​ကြ​၏။- ငါ​သည်​သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​သည် ဖြစ်​၍ သူ​တို့​သည်​သေ​ခြင်း​နှင့်​အ​စဉ်​မ​ပြတ်​ကင်း လွတ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​ငါ့ လက်​မှ​လု​ယူ​၍​မ​ရ​နိုင်။- သူ​တို့​ကို​ငါ့​အား​ပေး​သ​နား​တော်​မူ​သော ခ​မည်း​တော်​သည်​ခပ်​သိမ်း​သော​သူ​တို့​ထက် ကြီး​မြတ်​တော်​မူ​၏။ သို့​ဖြစ်​၍​မည်​သူ​မျှ​သိုး တို့​ကို​ခ​မည်း​တော်​၏​လက်​မှ​မ​လု​မ​ယူ​နိုင်။- ခ​မည်း​တော်​နှင့်​ငါ​သည်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပေါက်​ရန် ခဲ​များ​ကို​ကောက်​ပြန်​၏။- သ​ခင်​ယေ​ရှု​က ``ခ​မည်း​တော်​စေ​ခိုင်း​တော်​မူ သ​ဖြင့် ငါ​သည်​ကောင်း​မြတ်​သော​အ​မှု​များ ကို​ပြု​ခဲ့​၏။ ၎င်း​အ​မှု​များ​အ​နက်​အ​ဘယ် အ​မှု​ကြောင့်​ငါ့​အား​သင်​တို့​ခဲ​နှင့်​ပေါက်​လို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``ကောင်း​မြတ်​သော​အ​မှု​တစ်​စုံ​တစ်​ရာ ကို​သင်​ပြု​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်​မ​ဟုတ်။ သင်​သည်​လူ​စင်​စစ်​ဖြစ်​ပါ​လျက်​ဘု​ရား​ယောင် ဆောင်​ကာ ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်'' ဟု​ဆို ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​တို့​ပ​ညတ်​ကျမ်း​တွင် ဘု​ရား သ​ခင်​က `သင်​တို့​သည်​ဘု​ရား​များ​ဖြစ်​ကြ​၏' ဟု ဖော်​ပြ​ထား​လေ​သည်။- ကျမ်း​စာ​တော်​ဖော်​ပြ​သည့်​အ​ရာ​များ​သည် အ​စဉ် မှန်​ကန်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် က​မိ​မိ​၏​တ​ရား​တော်​ကို​ကြား​နာ​ရ​သူ​တို့​အား `ဘု​ရား​များ' ဟု​ဖော်​ပြ​သည်။- ခ​မည်း​တော်​သည်​ငါ့​ကို​ရွေး​ချယ်​၍ ဤ​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍ `ငါ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​သော​အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သည်​ဟု​အ​ဘယ်​သို့​လျှင်​သင်​တို့​ဆို နိုင်​ကြ​သ​နည်း။- ခ​မည်း​တော်​၏​အ​မှု​တော်​များ​ကို​ငါ​မ​ဆောင် ရွက်​လျှင် ငါ့​အား​မ​ယုံ​ကြည်​ကြ​နှင့်။- ဆောင်​ရွက်​လျှင်​မူ​ကား​ငါ့​ကို​မ​ယုံ​သော်​လည်း ငါ​၏​ဆောင်​ရွက်​ချက်​များ​ကို​ယုံ​ကြ​လော့။ သို့ မှ​သာ​လျှင်​ခ​မည်း​တော်​သည်​ငါ​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ရှိ​တော်​မူ​လျက် ငါ​သည်​လည်း ခ​မည်း​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သည် ကို သင်​တို့​သိ​မြင်​နား​လည်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​ပြန်​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ရှောင်​တိမ်း​၍​ကြွ​သွား​တော်​မူ​၏။ ကိုယ်​တော်​သည်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​ရှိ ယ​ခင်​ယော​ဟန်​ဗတ္တိ​ဇံ​င်္မဂ​လာ​ပေး​ရာ​အ​ရပ် သို့​ပြန်​လည်​ကြွ​သွား​တော်​မူ​၍​ထို​အ​ရပ် တွင်​နေ​တော်​မူ​၏။- လူ​အ​များ​အ​ပြား​ပင်​အ​ထံ​တော်​သို့​လာ ကြ​၏။ သူ​တို့​က ``ယော​ဟန်​သည်​အ​ဘယ်​အံ့ ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ​မ​ပြ​ခဲ့။ သို့​ရာ တွင်​ဤ​သူ​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ယော​ဟန် ပြော​သ​မျှ​မှန်​ပေ​၏'' ဟု​ဆို​ကြ​၏။- သို့​ဖြစ်​၍​ထို​အ​ရပ်​တွင်​လူ​အ​မြောက်​အမြား ပင် ကိုယ်​တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။

ရှင်ယောဟန် 10:22-42 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုစဉ်က ဂျေရုဆလင်​မြို့​၌ ဗိမာန်​တော်​သန့်စင်​ခြင်း​အထိမ်းအမှတ်​ပွဲတော်​ရှိ​၏။ အချိန်​ကား ဆောင်း​ကာလ​ဖြစ်​၏။ ယေရှု​သည် ဗိမာန်​တော်​၌​ရှိ​သော ရှောလမုန်​မုခ်ဆောင်​တွင် ကြွ​တော်မူ​စဉ် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ဝိုင်းရံ​လျက် “သင်​သည် အကျွန်ုပ်​တို့​၏​စိတ်​ကို မည်မျှ​ကြာအောင် ဒွိဟ​ဖြစ်​စေ​မည်နည်း။ သင်​သည် ခရစ်တော်​မှန်​လျှင် အကျွန်ုပ်​တို့​အား အတိအလင်း​ပြော​ပါ”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​ကို ငါ​ပြော​ခဲ့​သော်လည်း သင်​တို့​မ​ယုံကြည်​ကြ။ ငါ့​ခမည်းတော်​၏​နာမ​တော်​အားဖြင့် ငါ​ပြု​နေ​သော​အမှု​များ​သည် ငါ့​အကြောင်း​ကို​သက်သေခံ​လျက်​ရှိ​၏။ သို့သော် သင်​တို့​မ​ယုံကြည်​ကြ။ မ​ယုံ​ကြ​သည့်​အကြောင်း​ကား သင်​တို့​သည် ငါ့​သိုး​မ​ဟုတ်​ကြ​သောကြောင့်​ဖြစ်​၏။ ငါ့​သိုး​တို့​သည် ငါ့​အသံ​ကို​နားထောင်​ကြ​၏။ ငါ​သည်​လည်း သူ​တို့​ကို​သိ​၍ သူ​တို့​သည် ငါ့​နောက်​သို့​လိုက်​ကြ​၏။ ငါ​သည် သူ​တို့​အား ထာဝရ​အသက်​ကို​ပေး​၍ သူ​တို့​သည် ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ မ​ပျက်စီး​ရ။ မည်သူမျှ သူ​တို့​ကို ငါ့​လက်​ထဲမှ​လုယူ​၍​မ​ရ​နိုင်။ သူ​တို့​ကို ငါ့​အား​ပေး​အပ်​တော်မူ​သော​ငါ့​ခမည်းတော်​သည် အလုံးစုံ​တို့​ထက် ကြီးမြတ်​တော်မူ​သည်​ဖြစ်​၍ မည်သူမျှ သူ​တို့​ကို ခမည်းတော်​၏​လက်​ထဲမှ​မ​လုယူ​နိုင်။ ငါ​နှင့်​ခမည်းတော်​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို ခဲ​နှင့်​ပေါက်​သတ်​ရန် ကျောက်ခဲ​တို့​ကို​ကောက်​ယူ​ကြ​ပြန်​၏။ ယေရှု​က​လည်း“ငါ​သည် ခမည်းတော်​ထံမှ ကောင်း​သော​အမှု​များစွာ​တို့​ကို သင်​တို့​အား​ပြသ​ခဲ့​၏။ ၎င်း​တို့​ထဲမှ မည်သည့်​အမှု​ကြောင့် ငါ့​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်နည်း”​ဟု သူ​တို့​အား​မေး​တော်မူ​လျှင် ဂျူး​လူမျိုး​တို့​က “ကောင်း​သော​အမှု​ကြောင့် သင့်​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​နှင့်​ပင် သင့်ကိုယ်သင် ဘုရား​အယောင်ဆောင်​၍ ဘုရားသခင်​ကို​စော်ကား​သောကြောင့်​ဖြစ်​၏”​ဟု ပြန်​ပြော​ကြ​၏။ ယေရှု​က“သင်​တို့​၏​ပညတ်​တရား​ကျမ်း​တွင် ‘ငါ​ဆို​သည်​ကား သင်​တို့​သည် ဘုရား​များ​ဖြစ်​ကြ​၏’ဟူ၍ ရေး​ထား​သည်​မ​ဟုတ်​လော။ ဘုရားသခင်​၏​နှုတ်ကပတ်​တော်​ကို​ရရှိ​သော​သူ​တို့​အား ‘ဘုရား​များ’​ဟု ခေါ်​လျှင် ကျမ်းစာ​သည် မ​ပျက်ပြယ်​နိုင်​သည်​ဖြစ်၍ ခမည်းတော်​သည်​သန့်ရှင်း​စေ​လျက် ဤ​လောက​သို့​စေလွှတ်​တော်မူ​သော​သူ​က ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟု ဆို​သောအခါ ‘ဘုရားသခင်​ကို​စော်ကား​သည်’​ဟု ထို​သူ​အား သင်​တို့​ဆို​ကြ​သလော။ ငါ​သည် ငါ့​ခမည်းတော်​၏​အမှု​တော်​များ​ကို မ​ဆောင်ရွက်​လျှင် ငါ့​ကို​မ​ယုံကြည်​ကြ​နှင့်။ သို့သော် ငါ​ဆောင်ရွက်​လျှင် ငါ့​ကို​မ​ယုံကြည်​သော်လည်း ထို​အမှု​တော်​များ​ကို ယုံကြည်​ကြ​လော့။ ထိုသို့​ယုံကြည်​ပါက ခမည်းတော်​သည် ငါ​၌​ရှိ​တော်မူ​လျက် ငါ​သည် ခမည်းတော်​၌​ရှိ​ကြောင်း​ကို သင်​တို့​သိရှိ​၍​နားလည်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ကြိုးစား​ကြ​ပြန်​၏။ သို့ရာတွင် ကိုယ်တော်​သည် သူ​တို့​၏​လက်​မှ​လွတ်မြောက်​၍ ကြွသွား​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ယခင်​က ယောဟန်​ဗတ္တိဇံ​ပေး​ခဲ့​ရာ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ တစ်ဖန်​ကြွ​၍ ထို​အရပ်​၌​နေ​တော်မူ​၏။ လူ​များစွာ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​၍ “ယောဟန်​သည် မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ မ​ပြု​ခဲ့​သော်လည်း ဤ​သူ​နှင့်​ပတ်သက်၍ သူ​ပြောဆို​ခဲ့​သော​အရာ​အားလုံး​တို့​သည် မှန်​ပေ​၏”​ဟု ဆို​ကြ​၏။ ဤသို့ဖြင့် ထို​အရပ်​တွင် လူ​များစွာ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။