YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 10:22-42

ရှင်ယောဟန်ခရစ်ဝင် 10:22-42 MSBU

ထိုစဉ်က ဂျေရုဆလင်​မြို့​၌ ဗိမာန်​တော်​သန့်စင်​ခြင်း​အထိမ်းအမှတ်​ပွဲတော်​ရှိ​၏။ အချိန်​ကား ဆောင်း​ကာလ​ဖြစ်​၏။ ယေရှု​သည် ဗိမာန်​တော်​၌​ရှိ​သော ရှောလမုန်​မုခ်ဆောင်​တွင် ကြွ​တော်မူ​စဉ် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ဝိုင်းရံ​လျက် “သင်​သည် အကျွန်ုပ်​တို့​၏​စိတ်​ကို မည်မျှ​ကြာအောင် ဒွိဟ​ဖြစ်​စေ​မည်နည်း။ သင်​သည် ခရစ်တော်​မှန်​လျှင် အကျွန်ုပ်​တို့​အား အတိအလင်း​ပြော​ပါ”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​ကို ငါ​ပြော​ခဲ့​သော်လည်း သင်​တို့​မ​ယုံကြည်​ကြ။ ငါ့​ခမည်းတော်​၏​နာမ​တော်​အားဖြင့် ငါ​ပြု​နေ​သော​အမှု​များ​သည် ငါ့​အကြောင်း​ကို​သက်သေခံ​လျက်​ရှိ​၏။ သို့သော် သင်​တို့​မ​ယုံကြည်​ကြ။ မ​ယုံ​ကြ​သည့်​အကြောင်း​ကား သင်​တို့​သည် ငါ့​သိုး​မ​ဟုတ်​ကြ​သောကြောင့်​ဖြစ်​၏။ ငါ့​သိုး​တို့​သည် ငါ့​အသံ​ကို​နားထောင်​ကြ​၏။ ငါ​သည်​လည်း သူ​တို့​ကို​သိ​၍ သူ​တို့​သည် ငါ့​နောက်​သို့​လိုက်​ကြ​၏။ ငါ​သည် သူ​တို့​အား ထာဝရ​အသက်​ကို​ပေး​၍ သူ​တို့​သည် ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ မ​ပျက်စီး​ရ။ မည်သူမျှ သူ​တို့​ကို ငါ့​လက်​ထဲမှ​လုယူ​၍​မ​ရ​နိုင်။ သူ​တို့​ကို ငါ့​အား​ပေး​အပ်​တော်မူ​သော​ငါ့​ခမည်းတော်​သည် အလုံးစုံ​တို့​ထက် ကြီးမြတ်​တော်မူ​သည်​ဖြစ်​၍ မည်သူမျှ သူ​တို့​ကို ခမည်းတော်​၏​လက်​ထဲမှ​မ​လုယူ​နိုင်။ ငါ​နှင့်​ခမည်းတော်​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို ခဲ​နှင့်​ပေါက်​သတ်​ရန် ကျောက်ခဲ​တို့​ကို​ကောက်​ယူ​ကြ​ပြန်​၏။ ယေရှု​က​လည်း“ငါ​သည် ခမည်းတော်​ထံမှ ကောင်း​သော​အမှု​များစွာ​တို့​ကို သင်​တို့​အား​ပြသ​ခဲ့​၏။ ၎င်း​တို့​ထဲမှ မည်သည့်​အမှု​ကြောင့် ငါ့​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်နည်း”​ဟု သူ​တို့​အား​မေး​တော်မူ​လျှင် ဂျူး​လူမျိုး​တို့​က “ကောင်း​သော​အမှု​ကြောင့် သင့်​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​နှင့်​ပင် သင့်ကိုယ်သင် ဘုရား​အယောင်ဆောင်​၍ ဘုရားသခင်​ကို​စော်ကား​သောကြောင့်​ဖြစ်​၏”​ဟု ပြန်​ပြော​ကြ​၏။ ယေရှု​က“သင်​တို့​၏​ပညတ်​တရား​ကျမ်း​တွင် ‘ငါ​ဆို​သည်​ကား သင်​တို့​သည် ဘုရား​များ​ဖြစ်​ကြ​၏’ဟူ၍ ရေး​ထား​သည်​မ​ဟုတ်​လော။ ဘုရားသခင်​၏​နှုတ်ကပတ်​တော်​ကို​ရရှိ​သော​သူ​တို့​အား ‘ဘုရား​များ’​ဟု ခေါ်​လျှင် ကျမ်းစာ​သည် မ​ပျက်ပြယ်​နိုင်​သည်​ဖြစ်၍ ခမည်းတော်​သည်​သန့်ရှင်း​စေ​လျက် ဤ​လောက​သို့​စေလွှတ်​တော်မူ​သော​သူ​က ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟု ဆို​သောအခါ ‘ဘုရားသခင်​ကို​စော်ကား​သည်’​ဟု ထို​သူ​အား သင်​တို့​ဆို​ကြ​သလော။ ငါ​သည် ငါ့​ခမည်းတော်​၏​အမှု​တော်​များ​ကို မ​ဆောင်ရွက်​လျှင် ငါ့​ကို​မ​ယုံကြည်​ကြ​နှင့်။ သို့သော် ငါ​ဆောင်ရွက်​လျှင် ငါ့​ကို​မ​ယုံကြည်​သော်လည်း ထို​အမှု​တော်​များ​ကို ယုံကြည်​ကြ​လော့။ ထိုသို့​ယုံကြည်​ပါက ခမည်းတော်​သည် ငါ​၌​ရှိ​တော်မူ​လျက် ငါ​သည် ခမည်းတော်​၌​ရှိ​ကြောင်း​ကို သင်​တို့​သိရှိ​၍​နားလည်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ကြိုးစား​ကြ​ပြန်​၏။ သို့ရာတွင် ကိုယ်တော်​သည် သူ​တို့​၏​လက်​မှ​လွတ်မြောက်​၍ ကြွသွား​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ယခင်​က ယောဟန်​ဗတ္တိဇံ​ပေး​ခဲ့​ရာ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ တစ်ဖန်​ကြွ​၍ ထို​အရပ်​၌​နေ​တော်မူ​၏။ လူ​များစွာ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​၍ “ယောဟန်​သည် မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ မ​ပြု​ခဲ့​သော်လည်း ဤ​သူ​နှင့်​ပတ်သက်၍ သူ​ပြောဆို​ခဲ့​သော​အရာ​အားလုံး​တို့​သည် မှန်​ပေ​၏”​ဟု ဆို​ကြ​၏။ ဤသို့ဖြင့် ထို​အရပ်​တွင် လူ​များစွာ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။