YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 7:9-22

တရားသူကြီး 7:9-22 Judson Bible (JBMLE)

ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား​က၊ ထ​လော့။ ရန်​သူ​တပ်​ချ​ရာ​သို့ ချီ​သွား​လော့။ သင့်​လက်၌ ငါ​အပ်​မည်။ မ​ချီ​ဝံ့​လျှင် သင်၏​ကျွန်​ဖု​ရ​ကို ရှေ့​ဦး​စွာ​ခေါ်​သွား​လော့။ သူ​တို့​သည် အ​ဘယ်​သို့​ပြော​သည်​ကို ကြား​လိမ့်​မည်။ ထို​နောက်​မှ တပ်​ချ​ရာ​သို့ ချီ​သွား​ခြင်း​ငှာ သင့်​လက်​အား​ကြီး​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဂိ​ဒေါင်​သည် မိ​မိ​ကျွန်​ဖု​ရ​ကို​ခေါ်၍ ရန်​သူ၏​တပ်​ပြင်၌ ကင်း​ထိုး​သော​သူ​ရှိ​ရာ​သို့ သွား​လေ၏။ မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် ချိုင့်၌​အိပ်​လျက်၊ ကျိုင်း​ကောင်​နှင့်​အ​မျှ များ​ကြ၏။ ကု​လား​အုတ်​တို့​သည်​လည်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​တိုင်း​မ​သိ​များ​ကြ၏။ ဂိ​ဒေါင်​သည် ရောက်​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် မိ​မိ​မြင်​မက်​သော အိပ်​မက်​ကို မိ​မိ​အ​ပေါင်း​အ​ဖော်​အား ပြန်​ပြော​သည်​မှာ၊ ငါ​မြင်​မက်​သည်​ကား၊ မု​ယော​မုန့်​တစ်​ပြား​သည် မိ​ဒျန်​တပ်​ထဲ​သို့​လိမ့်၍ တဲ​တစ်​ဆောင်​ကို​တွေ့​လျှင်၊ ထိ​ခိုက်​မှောက်​လှန်​ဖြို​ချ​လေ၏​ဟု ဆို​သော်၊ သူ၏​အ​ပေါင်း​အ​ဖော်​က၊ ထို​မုန့်​ပြား​သည် အ​ခြား​မ​ဟုတ် ဣ​သ​ရေ​လ​အ​မျိုး ယော​ရှ​သား​ဂိ​ဒေါင်၏​ဓား​ဖြစ်၏။ ထို​သူ​လက်၌ ဘု​ရား​သ​ခင်​သည် မိ​ဒျန်​အ​မျိုး၊ မိ​ဒျန်​ဗိုလ်​ခြေ​အ​ပေါင်း​ကို အပ်​တော်​မူ​မည်​ဟု ပြန်​ပြော၏။ ထို​အိပ်​မက်​နှင့် အိပ်​မက်​အ​နက်​ကို ဂိ​ဒေါင်​သည်​ကြား​သော​အ​ခါ၊ ကိုး​ကွယ်၍ ဣ​သ​ရေ​လ​တပ်​သို့ ပြန်​ပြီး​လျှင်၊ ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​ဒျန်​ဗိုလ်​ခြေ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို၏။ ထို​အ​ခါ လူ​သုံး​ရာ​တို့​ကို သုံး​စု​ခွဲ၍၊ တံ​ပိုး​တစ်​လုံး​နှင့် မီး​ခွက်​ပါ​သော အိုး​တစ်​လုံး​စီ​ကို လူ​တိုင်း​လက်၌ ဆောင်​စေ၏။ ငါ့​ကို​ကြည့်၍ ငါ​ပြု​သည်​အ​တိုင်း​ပြု​ကြ။ တပ်​ပြင်​သို့ ရောက်​သော​အ​ခါ၊ ငါ​ပြု​သည်​အ​တိုင်း ပြု​ကြ။ ငါ​နှင့် ငါ၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ တပ်​ပတ်​လည်​အ​ရပ်​ရပ်၌ သင်​တို့​သည် တံ​ပိုး​မှုတ်၍၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ​လော့​ဟု မှာ​ထား၏။ ထို​သို့ ဂိ​ဒေါင်​နှင့် သူ၌​ပါ​သော လူ​တစ်​ရာ​တို့​သည် သန်း​ခေါင်​ယံ၌ ကင်း​လဲ​စ​က တပ်​ပြင်​သို့​ရောက်​သ​ဖြင့် တံ​ပိုး​မှုတ်​ကြ၏။ မိ​မိ​ကိုင်​သော အိုး​တို့​ကို​လည်း​ခွဲ​ကြ၏။ လူ​သုံး​စု​တို့​သည် တံ​ပိုး​မှုတ်၍ အိုး​တို့​ကို​ခွဲ​သ​ဖြင့် လက်​ဝဲ​လက်၌ မီး​ခွက်​တို့​ကို​လည်း​ကောင်း၊ လက်​ယာ​လက်၌ မှုတ်​စ​ရာ​တံ​ပိုး​တို့​ကို​လည်း​ကောင်း​ကိုင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ၏။ သူ​တို့​သည် တပ်​ပတ်​ဝန်း​ကျင်၌ လူ​တိုင်း မိ​မိ​နေ​ရာ​အ​ရပ်​တွင် ရပ်​နေ၍၊ တပ်​သား​အ​ပေါင်း​တို့​သည် ပြေး​လျက်၊ အော်​လျက် ထွက်​ပြေး​ကြ၏။ လူ​သုံး​ရာ​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကြောင့်၊ တပ်​သား​အ​ပေါင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် တိုက်၍၊ ဇေ​ရ​ရတ်​အ​ရပ် ဗက်​ရှိ​တ္တ​မြို့​သို့​လည်း​ကောင်း၊ တ​ဗ္ဗတ်​မြို့​နား​မှာ အာ​ဗေ​လ​မ​ဟော​လ မြို့​နယ်​သို့​လည်း​ကောင်း ပြေး​ကြ၏။

တရားသူကြီး 7:9-22 Common Language Bible (BCL)

ထို​ည​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင် အား``ထ​၍​သူ​တို့​၏​တပ်​စ​ခန်း​ကို​တိုက် ခိုက်​လော့။ သင့်​အား​အောင်​ပွဲ​ကို​ငါ​ပေး​မည်။- သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​သူ​တို့​အား တိုက်​ခိုက်​ရန်​ကြောက်​လန့်​နေ​ပါ​မူ သင်​၏ အ​စေ​ခံ​ဖုရ​ကို​ခေါ်​၍​ထို​တပ်​စ​ခန်း​သို့ သွား​လော့။- သူ​တို့​ပြော​ဆို​နေ​ကြ​သော​စ​ကား​ကို​သင် ကြား​သိ​ရ​လိမ့်​မည်။ ထို​အ​ခါ​သင်​သည်​တိုက် ခိုက်​ရန်​ရဲ​စွမ်း​သတ္တိ​ကို​ရ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အ​စေ ခံ​ဖု​ရ​နှင့်​အ​တူ ရန်​သူ့​တပ်​စ​ခန်း​အ​စွန် နား​သို့​သွား​လေ​သည်။- မိ​ဒျန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​တို့​သည်​ကျိုင်း​ကောင် အုပ်​ကြီး​သ​ဖွယ်​ချိုင့်​၌​အိပ်​နေ​ကြ​၏။ သူ တို့​၏​ကု​လား​အုတ်​များ​သည်​သ​မုဒ္ဒ​ရာ ကမ်း​ခြေ​ရှိ​သဲ​လုံး​နှင့်​အ​မျှ​များ​သ​တည်း။ ဂိ​ဒေါင်​ရောက်​ရှိ​လာ​ချိန်​၌​လူ​တစ်​ယောက် သည် မိ​မိ​မြင်​မက်​သည့်​အိပ်​မက်​အ​ကြောင်း ကို​မိတ်​ဆွေ​တစ်​ဦး​အား​ပြော​ပြ​လျက်​နေ​၏။ ထို​သူ​က``မု​ယော​မုန့်​ပြား​တစ်​ချပ်​သည်​ငါ တို့​တပ်​စ​ခန်း​ထဲ​သို့​လိမ့်​ဝင်​လာ​ပြီး​လျှင် တဲ​ရှင်​တစ်​ခု​နှင့်​တိုက်​မိ​သ​ဖြင့်​ထို​တဲ​ရှင် သည်​ပြို​လဲ​ပြား​ချပ်​၍​သွား​သည်​ကို​ငါ အိပ်​မက်​မြင်​မက်​ပါ​သည်'' ဟု​ဆို​လေ​သည်။ ထို​မိတ်​ဆွေ​က​လည်း``ထို​မုန့်​ပြား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​ယော​ရှ​၏​သား​ဖြစ်​သူ ဂိ​ဒေါင်​၏​ဋ္ဌား​ပင်​ဖြစ်​သည်။ မုန့်​ပြား​သည် အ​ခြား​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​ဆောင်​နိုင် ရာ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​မိ​ဒျန် အ​မျိုး​နှင့် ငါ​တို့​တပ်​တစ်​ခု​လုံး​အ​ပေါ်​၌ အောင်​ပွဲ​ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။ ထို​သူ​၏​အိပ်​မက်​နှင့်​ယင်း​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ကြား​သိ​ရ​သော​အ​ခါ​ဂိ​ဒေါင်​သည်​ဒူး ထောက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​၏။ ထို​နောက်​ဣ​သ​ရေ​လ​တပ်​စ​ခန်း​သို့​ပြန် ပြီး​လျှင်``ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​အား​မိ​ဒျန်​တပ်​အ​ပေါ်​၌​အောင်​ပွဲ​ခံ စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။- သူ​သည်​မိ​မိ​တပ်​သား​သုံး​ရာ​ကို​သုံး​စု​ခွဲ ပြီး​နောက် လူ​တိုင်း​အား​မီး​ရှူး​တိုင်​ပါ​သော အိုး​တစ်​လုံး​နှင့်​တံ​ပိုး​ခ​ရာ​တစ်​ခု​ကို​ပေး ၏။- ထို​နောက်​သူ​တို့​အား``ရန်​သူ​တပ်​စ​ခန်း​အ​စွန် သို့​ငါ​ရောက်​ရှိ​လာ​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြည့်​၍​ငါ​ပြု​သည့်​အ​တိုင်း​ပြု​ကြ လော့။- ငါ​နှင့်​ငါ​၏​လူ​စု​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​သင်​တို့​သည်​လည်း စ​ခန်း​ပတ်​လည်​၌ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ပြီး​လျှင်`ထာ​ဝ​ရ ဘု​ရား​နှင့်​ဂိ​ဒေါင်​အ​တွက်' ဟူ​၍​ကြွေး ကြော်​ကြ​လော့'' ဟု​မှာ​ထား​လေ​သည်။ ဂိ​ဒေါင်​နှင့်​သူ​၏​တပ်​သား​တစ်​ရာ​တို့​သည် ရန်​သူ့​တပ်​စ​ခန်း​အ​စွန်​သို့ သန်း​ခေါင်​အ​ချိန် မ​တိုင်​မီ​အ​စောင့်​ကင်း​လဲ​ပြီး​စ​အ​ခါ​၌ ရောက်​ရှိ​လာ​ကြ​၏။ ထို​အ​ခါ​သူ​တို့​သည် တံ​ပိုး​ခ​ရာ​မှုတ်​၍ မိ​မိ​တို့​ကိုင်​ဆောင်​ထား သော​အိုး​တို့​ကို​ခွဲ​ပစ်​လိုက်​ကြ​၏။- အ​ခြား​တပ်​သား​နှစ်​စု​သည်​လည်း​ဤ​နည်း တူ​ပင်​ပြု​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ဘယ် လက်​ဖြင့်​မီး​ရှူး​တိုင်​ကို​ကိုင်​၍ ညာ​လက်​ဖြင့် တံ​ပိုး​ခ​ရာ​ကို​ကိုင်​ထား​ကြ​လေ​သည်။ ထို နောက်``ထာ​ဝ​ရ​ဘု​ရား​နှင့်​ဂိ​ဒေါင်​၏​ဋ္ဌား'' ဟူ​၍​ကြွေး​ကြော်​ကြ​၏။- သူ​တို့​သည်​ရန်​သူ့​တပ်​စ​ခန်း​ပတ်​လည်​၌ အ​သီး​သီး​မိ​မိ​တို့​နေ​ရာ​၌​ရပ်​နေ​ကြ​၏။ ထို​အ​ခါ​ရန်​သူ​တပ်​တစ်​တပ်​လုံး​ပင်​လျှင် အော်​ဟစ်​ထွက်​ပြေး​ကြ​လေ​သည်။- ဂိဒေါင်​၏​တပ်​သား​တို့​တံ​ပိုး​ခ​ရာ​များ​ကို မှုတ်​ကြ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​အား​အ​ချင်း​ချင်း​ဋ္ဌား​လက်​နက် ဖြင့်​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ရ ရတ်​အ​ရပ်​သို့​ဦး​တည်​လျက်​ဗက်​ရှိတ္တ​မြို့​သို့ တိုင်​အောင်​လည်း​ကောင်း၊ တဗ္ဗတ်​မြို့​အ​နီး​အာ ဗေ​လ​မ​ဟော​လ​မြို့​သို့​တိုင်​အောင်​လည်း ကောင်း​ထွက်​ပြေး​ကြ​လေ​သည်။

တရားသူကြီး 7:9-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​ည​၌ ထာဝရဘုရား​က ဂိဒေါင်​အား “​ထ​လော့​၊ မိဒျန်​တပ်စခန်း​သို့ ဆင်းသွား​လော့​။ သူ​တို့​ကို သင့်​လက်​သို့​ငါ​အပ်​ပြီ​။ သင်​သည် ဆင်းသွား​ရန်​ကြောက်​နေ​လျှင် ထို​တပ်စခန်း​သို့ သင်​၏​ငယ်သား​ဖုရ​နှင့်အတူ ဆင်းသွား​လော့​။ သူ​တို့​ပြောဆို​သော​စကား​ကို​ကြား​သောအခါ သင်​သည် အားရှိ​သွား​လိမ့်မည်​။ ထို​တပ်စခန်း​ကို တိုက်​နိုင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ သို့ဖြစ်၍ သူ​သည် သူ​၏​ငယ်သား​ဖုရ​နှင့်အတူ ဆင်းသွား​၍ တပ်စခန်း​အစွန်​နား​သို့ ရောက်​၏​။ ကျိုင်းကောင်အုပ်​သဖွယ် များပြား​လှ​သော မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​အပေါင်း​တို့​သည် ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​လျက်​ရှိ​ကြ​၏​။ သူ​တို့​၏​ကုလားအုတ်​တို့​သည်​လည်း ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ မ​ရေတွက်​နိုင်​အောင်​များပြား​၏​။ ဂိဒေါင်​ရောက်​သောအခါ လူ​တစ်​ယောက်​က သူ့​အဖော်​ကို အိပ်မက်​အကြောင်း​ပြောပြ​နေ​သည်​ကို ကြား​ရ​၏​။ ထို​သူ​က “​မုယော​မုန့်လုံး​တစ်​လုံး​သည် မိဒျန်​တပ်စခန်း​ထဲသို့​လှိမ့်လာ​၍ တဲ​ကို​ဝင်တိုက်​သဖြင့် တဲ​သည် စောက်ထိုးမိုးမျှော်​ဖြစ်၍ ပြိုလဲ​သွား​သည်​ဟူ၍ ငါ​အိပ်မက်​မက်​သည်​”​ဟု ဆို​၏​။ ထို​သူ​၏​အဖော်​က “​ထို​မုန့်လုံး​ကား အခြား​မ​ဟုတ်​။ အစ္စရေး​အမျိုးသား ယောရှ​၏​သား​ဖြစ်​သော ဂိဒေါင်​၏​ဓား​ပေတည်း​။ ဘုရားသခင်​သည် မိဒျန်​လူမျိုး​တို့​နှင့် ဤ​တပ်စခန်း​တစ်ခုလုံး​ကို သူ​၏​လက်​သို့​အပ်​တော်မူ​ပြီ​”​ဟု ပြန်ပြော​လေ​၏​။ ဂိဒေါင်​သည် ထို​အိပ်မက်​နှင့် အိပ်မက်​အနက်​ကို​ကြား​သောအခါ ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​၏​။ ထို့နောက် အစ္စရေး​တပ်စခန်း​သို့​ပြန်လာ​၍ “​ထ​ကြ​။ ထာဝရဘုရား​သည် မိဒျန်​တပ်စခန်း​ကို သင်​တို့​လက်​သို့​အပ်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ ဂိဒေါင်​သည် လူ​သုံး​ရာ​ကို​သုံး​ဖွဲ့​ခွဲ​၍ သူ​တို့​အားလုံး​၏​လက်​၌ တံပိုး​နှင့် မြေအိုး​ကို ကိုင်ဆောင်​စေ​ပြီးလျှင် ထို​အိုး​ထဲ၌ မီးတုတ်​ကို ထည့်​စေ​၏​။ ထို့နောက် သူ​က “​ငါ့​ကို​ကြည့်​၍ ငါ​ပြု​သည့်​အတိုင်း ပြု​ကြ​လော့​။ တပ်စခန်း​အစွန်​နား​သို့​ရောက်​သောအခါ ငါ​ပြု​သည့်​အတိုင်း​ပြု​ကြ​လော့​။ ငါ​နှင့် ငါ့​အဖွဲ့သား​အားလုံး တံပိုး​မှုတ်​သောအခါ တပ်စခန်း​ပတ်ပတ်လည်​ကို ဝိုင်း​ထား​သော သင်​တို့​သည်​လည်း တံပိုး​မှုတ်​၍ ‘​ထာဝရဘုရား​နှင့်​ဂိဒေါင်​၏​ဓား​’​ဟူ၍ ကြွေးကြော်​လော့​”​ဟု မှာထား​လေ​၏​။ ကင်းစောင့်​လဲ​ပြီး​စ သန်းခေါင်ယံအချိန်​၌ ဂိဒေါင်​နှင့် သူ့​လူ​တစ်ရာ​တို့​သည် ထို​တပ်စခန်း​အစွန်နား​သို့​ရောက်လာ​ပြီး တံပိုး​ကို မှုတ်​၍ လက်​ထဲ​ရှိ​ရေအိုး​ကို​ရိုက်ခွဲ​ကြ​၏​။ သူ​တို့ သုံးဖွဲ့စလုံး လက်ဝဲ​လက်​၌ မီးတုတ်​၊ လက်ယာ​လက်​၌ တံပိုး​ကို ကိုင်ဆောင်​ပြီး တံပိုး​ကို​မှုတ်​၍ ရေအိုး​ကို​ရိုက်ခွဲ​ကာ “​ထာဝရဘုရား​၏​ဓား​၊ ဂိဒေါင်​၏​ဓား​”​ဟု ကြွေးကြော်​ကြ​ပြီး တပ်စခန်း​ပတ်ပတ်လည်​တွင် ကိုယ့်နေရာကိုယ် အသီးသီး​ရပ်​နေ​ကြ​၏​။ တပ်စခန်း​အတွင်း​ရှိ​စစ်သည်​အားလုံး​တို့​မူကား ထွက်ပြေး​ကြ​၏​။ ပြေး​လျက်​အော်ဟစ်​ကြ​၏​။ လူ​သုံး​ရာ​တို့ တံပိုး​မှုတ်​သောအခါ ထာဝရဘုရား​သည် တပ်စခန်း​တစ်လျှောက်လုံး​ရှိ စစ်သည်​အချင်းချင်း​ဓား​ဖြင့်​တိုက်ခိုက်​စေ​တော်မူ​၏​။ စစ်သည်​တို့​သည် ဇေရရတ်​အရပ်​၊ ဗက်ရှိတ္တ​မြို့​မှ တဗွတ်​မြို့​အနီး အာဗေလမဟောလ​မြို့​နား​တိုင်အောင် ထွက်ပြေး​ကြ​၏​။