တရားသူကြီး 6:11-40
တရားသူကြီး 6:11-40 Judson Bible (JBMLE)
တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်သည် လာ၍၊ ဩဖရရွာမှာ အဗျေဇာအမျိုးသားယောရှပိုင်သော သပိတ်ပင်အောက်၌ ထိုင်လေ၏။ ယောရှသားဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှာ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကိုနယ်လျက်နေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား၍၊ ခွန်အားကြီးသော အချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏ဟုဆိုလျှင်၊ ဂိဒေါင်က၊ အိုသခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း။ ထာဝရဘုရားသည် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသည် မဟုတ်လောဟု အကျွန်ုပ်တို့အဘများ ပြောသည်အတိုင်း ပြုတော်မူသော၊ အံ့ဖွယ်သော အမှုရှိသမျှတို့သည် အဘယ်မှာ ရှိပါသနည်း။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကိုစွန့်၍ မိဒျန်လူတို့လက်သို့ အပ်တော်မူပြီတကားဟု ဆိုလေသော်၊ ထာဝရဘုရားသည် သူ့ကိုကြည့်ရှု၍ ယခု သင်ရသောတန်ခိုးကို အမှီပြုလျက် သွားလော့။ သင်သည် ဣသရေလအမျိုးကို မိဒျန်လူတို့လက်မှ ကယ်နုတ်လိမ့်မည်။ သင့်ကို ငါစေခိုင်းသည် မဟုတ်လောဟု မိန့်တော်မူ၏။ ဂိဒေါင်ကလည်း၊ အိုသခင်၊ အကျွန်ုပ်သည် ဣသရေလအမျိုးကို အဘယ်သို့ ကယ်နုတ်နိုင်ပါမည်နည်း။ အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ဆင်းရဲပါ၏။ အကျွန်ုပ်သည်လည်း၊ ကိုယ်အဆွေအမျိုး၌ အယုတ်ဆုံးသော သူဖြစ်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားက၊ အကယ်စင်စစ် ငါသည် သင်နှင့်အတူရှိသဖြင့်၊ သင်သည် လူတစ်ယောက်ကို လုပ်ကြံသကဲ့သို့၊ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ၏။ ဂိဒေါင်ကလည်း၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရပါလျှင် အကျွန်ုပ်နှင့် ယခုနှုတ်ဆက်တော်မူကြောင်း ထင်ရှားသော နိမိတ်လက္ခဏာကို ပြတော်မူပါ။ အကျွန်ုပ်သည် တစ်ဖန်လာပြန်၍၊ ဘောဇဉ်ပူဇော်သကာကို ဆောင်ခဲ့သဖြင့်၊ ကိုယ်တော်ရှေ့၌ မတင်မီတိုင်အောင်၊ ဤအရပ်က ကြွသွားတော်မမူပါနှင့်ဟု တောင်းပန်လျှင်၊ သင်သည် ပြန်၍ မလာမီတိုင်အောင် ငါနေမည်ဟု မိန့်တော်မူ၏။ ဂိဒေါင်သည် သွား၍ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ မုန့်ညက်တစ်ဧဖာနှင့် လုပ်သော တဆေးမဲ့မုန့်ပြားတို့ကိုလည်းကောင်း ပြင်ဆင်လေ၏။ ဆိတ်သားကို တောင်း၌ထည့်၍၊ ဆိတ်သားပြုတ်ရည်ကို အိုး၌လောင်းပြီးမှ၊ ကောင်းကင်တမန်ရှိရာ သပိတ်ပင်အောက်သို့ ဆောင်ခဲ့၍ ဆက်လေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကိုယူ၍ ဤကျောက်ပေါ်မှာ တင်ထားလော့။ အမဲသားပြုတ်ရည်ကို သွန်းလောင်းလော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ဂိဒေါင်သည် ပြုလေ၏။ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် မိမိကိုင်သော တောင်ဝှေးကိုဆန့်၍၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို တို့သဖြင့်၊ ကျောက်ထဲကမီးထ၍ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို လောင်ပြီးမှ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကွယ်လေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို ဂိဒေါင်သည် သိမြင်သောအခါ၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင်၍ မြင်ရပါပြီတကားဟု လျှောက်သော်၊ ထာဝရဘုရားက၊ ချမ်းသာပါစေ။ မစိုးရိမ်နှင့်။ သင်သည် သေဘေးနှင့် လွတ်လျက်ရှိသည်ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ဂိဒေါင်သည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍၊ ယေဟောဝါရှာလုံအမည်ဖြင့် မှည့်လေ၏။ အဗျေဇာသား၏နေရာ ဩဖရရွာ၌ ယနေ့တိုင်အောင်ရှိသတည်း။ ထိုနေ့ညမှာ ထာဝရဘုရားက၊ သင့်အဘ၏နွားပိုက်နှင့် အသက်ခုနစ်နှစ်ရှိသော ဒုတိယနွားထီးကို ယူပြီးလျှင်၊ သင့်အဘတည်သော ဗာလဘုရား၏ယဇ်ပလ္လင်ကို ဖြိုဖျက်၍၊ ယဇ်ပလ္လင်အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲလော့။ ငါစီရင်သည်အတိုင်း၊ ဤကျောက်ပေါ်မှာ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ခုတ်လှဲသောသစ်သားဖြင့် ဒုတိယနွားကို မီးရှို့၍ ယဇ်ပူဇော်လော့ဟု မိန့်တော်မူ၏။ ဂိဒေါင်လည်း မိမိကျွန်ဆယ်ယောက်တို့ကို ခေါ်၍၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုလေ၏။ မိမိအဘ၏ အိမ်သားတို့ကိုလည်းကောင်း၊ မြို့သားတို့ကိုလည်းကောင်း ကြောက်၍၊ နေ့အချိန်၌ မပြုဝံ့သောကြောင့်၊ ညအချိန်၌ ပြု၏။ နံနက်စောစော မြို့သားတို့သည် ထကြသောအခါ၊ ဗာလဘုရား၏ ယဇ်ပလ္လင်သည် ပြိုပျက်လျက်၊ အနားမှာရှိသော အာရှရပင်လည်းလဲလျက်၊ နောက်တည်သော ယဇ်ပလ္လင်ပေါ်မှာ ဒုတိယနွားထီးကို ပူဇော်လျက်ရှိသည်ကို တွေ့ကြလျှင်၊ ဤအမှုကို အဘယ်သူပြုသနည်းဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းစစ်ကြောလျှင်၊ ဤအမှုကို ယောရှသားဂိဒေါင်ပြုပြီဟု လူအချို့တို့သည် ဆိုကြ၏။ ထိုအခါ မြို့သားတို့သည် ယောရှအား၊ သင်၏သားသည် ဗာလဘုရား၏ယဇ်ပလ္လင်ကိုဖြိုဖျက်၍ အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲသောကြောင့်၊ သူ့ကို အသေခံစေခြင်းငှာ ထုတ်လော့ဟု ဆိုသော်လည်း၊ ယောရှသည် တစ်ဖက်၌နေသော သူအပေါင်းတို့အား၊ သင်တို့သည် ဗာလဘုရားဘက်၌ အမှုစောင့်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ အမှုစောင့်သောသူသည်၊ နံနက်မလွန်မီ အသေခံပါလေစေ။ ဗာလသည် ဘုရားမှန်လျှင်၊ သူ၏ယဇ်ပလ္လင်ကို တစ်စုံတစ်ယောက် ဖြိုဖျက်သောကြောင့်၊ မိမိအမှုကို မိမိစောင့်ပါလေစေဟု ပြန်ပြော၏။ ထိုသို့ ဗာလဘုရားသည် သူ၏ယဇ်ပလ္လင်ကို တစ်စုံတစ်ယောက် ဖြိုဖျက်သောကြောင့်၊ ထိုသူတစ်ဖက် မိမိအမှုကို မိမိစောင့်ပါလေစေဟု ဆိုလျက် သူ၏သားကို ထိုနေ့၌ ယေရုဗ္ဗာလအမည်ဖြင့် မှည့်သတည်း။ ထိုအခါ မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် စည်းဝေးသဖြင့်၊ ယေဇရေလချိုင့်သို့ ကူးသွား၍ တပ်ချကြ၏။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဂိဒေါင်အပေါ်မှာ သက်ရောက်၍၊ သူသည် တံပိုးမှုတ်သဖြင့် အဗျေဇာသားတို့သည် လိုက်ကြ၏။ တမန်တို့ကို မနာရှေခရိုင်တစ်လျှောက်လုံးသို့ စေလွှတ်၍၊ မနာရှေအမျိုးသားတို့သည် လိုက်ကြ၏။ တစ်ဖန် အာရှာခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်သို့ တမန်တို့ကို စေလွှတ်၍၊ ထိုခရိုင်သားတို့သည်လည်း စုဝေးရာသို့ လာကြ၏။ ဂိဒေါင်သည်လည်း ဘုရားသခင်အား၊ ကိုယ်တော်သည် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်မှန်လျှင်၊ အကျွန်ုပ်သည် သိုးတစ်ကောင်၏အမွေးကို တလင်း၌ ထားပါမည်။ သိုးမွေးသည် နှင်းစို၍၊ မြေတစ်ပြင်လုံး သွေ့ခြောက်လျှင်၊ မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်ကို အကျွန်ုပ်သိပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ်လေ၏။ နံနက်စောစောထ၍ သိုးမွေးကိုညှစ်သဖြင့် နှင်းရည်သည် အင်တုံအပြည့် ရှိလေ၏။ တစ်ဖန် ဂိဒေါင်က၊ အမျက်ထွက်တော်မမူပါနှင့်။ တစ်ကြိမ်သာလျှောက်ပါဦးမည်။ သိုးတစ်ကောင်၏အမွေးနှင့် ယခုတစ်ကြိမ်သာ စုံစမ်းရသော အခွင့်ကို ပေးတော်မူပါ။ မြေတစ်ပြင်လုံးသည် နှင်းစို၍ သိုးမွေးသွေ့ခြောက်ပါစေဟု ဘုရားသခင်အား တောင်းလျှောက်သည်အတိုင်း၊ ထိုည၌လည်း ဘုရားသခင်ပြုတော်မူသဖြင့်၊ မြေတစ်ပြင်လုံးသည် နှင်းစို၍ သိုးမွေးသွေ့ခြောက်လျက်ရှိ၏။
တရားသူကြီး 6:11-40 Common Language Bible (BCL)
ထိုနောက်ထာဝရဘုရား၏ကောင်းကင်တမန် သည်သြဖရရွာသို့လာ၍ အဗျေဇာသားချင်း စုဝင်တစ်ဦးဖြစ်သူ၊ ယောရှ၏သပိတ်ပင် အောက်၌ထိုင်လေသည်။ ယောရှ၏သားဂိဒေါင် သည် မိမိအားမိဒျန်အမျိုးသားတို့မတွေ့ မမြင်နိုင်စေရန် စပျစ်သီးနယ်ရာကျင်းတွင် ဂျုံစပါးနယ်လျက်နေ၏။- ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူ၏ရှေ့၌ပေါ်လာ၍သူ့အား``ခွန်အား ကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူပြီ'' ဟုဆိုလေသည်။ ဂိဒေါင်ကသူ့အား``အို အရှင်၊ အကယ်၍ထာဝရ ဘုရားသည်အကျွန်ုပ်တို့နှင့်အတူရှိတော်မူသည် မှန်ပါလျှင် အဘယ်ကြောင့်ဤဘေးဆိုးသင့်ရောက် ရပါသနည်း။ ထာဝရဘုရားသည်မိမိတို့အား အီဂျစ်ပြည်မှထုတ်ဆောင်လာပုံ အစရှိသည့် အံ့သြဖွယ်အမှုအရာများကိုပြုတော်မူ ကြောင်းဘိုးဘေးတို့ပြောဆိုခဲ့ကြပါ၏။ ထို အံ့သြဖွယ်ရာတို့သည်အဘယ်မှာနည်း။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့ကိုစွန့်၍မိဒျန်အမျိုး သားတို့၏လက်သို့အပ်တော်မူပါပြီတကား'' ဟုပြော၏။ ထိုအခါထာဝရဘုရားက``သင်၏ကြီးမား သောခွန်အားဖြင့်သွား၍ ဣသရေလအမျိုး သားတို့အား မိဒျန်အမျိုးသားများ၏လက် မှကယ်ဆယ်လော့။ ငါကိုယ်တိုင်ပင်သင့်အား စေလွှတ်တော်မူပြီ'' ဟုမိန့်တော်မူ၏။ ဂိဒေါင်ကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ် သည်အဘယ်သို့ဣသရေလအမျိုးသားတို့ ကိုကယ်ဆယ်နိုင်ပါမည်နည်း။ အကျွန်ုပ်၏သား ချင်းစုသည်မနာရှေအနွယ်တွင် အားအနည်း ဆုံးသောသူဖြစ်ပါ၏။ အကျွန်ုပ်သည်လည်း မိမိ၏မိသားစုတွင်အရေးမပါ၊ အရာ မရောက်ဆုံးသောသူဖြစ်ပါသည်'' ဟု ပြန် လည်လျှောက်ထား၏။ ထာဝရဘုရားက``ငါသည်သင့်ကိုကူမမည် ဖြစ်၍ ထိုအမှုကိုသင်ပြုနိုင်လိမ့်မည်။ သင်သည် လူတစ်ယောက်တည်းကိုလုပ်ကြံရဘိသကဲ့ သို့ မိဒျန်အမျိုးသားများအားအလွယ် တကူနှိမ်နင်းနိုင်လိမ့်မည်'' ဟုမိန့်တော် မူ၏။ ဂိဒေါင်က``အကယ်၍ကိုယ်တော်၏သဘော တော်နှင့်တွေ့မည်ဆိုပါက ကိုယ်တော်သည် အမှန်ပင်ထာဝရဘုရားဖြစ်တော်မူကြောင်း သက်သေခံအထောက်အထားတစ်ခုကိုပြ တော်မူပါ။- ကိုယ်တော်အားဆက်သရန်ပူဇော်သကာကိုယူ ဆောင်လာချိန်တိုင်အောင် ဤအရပ်မှကြွသွား တော်မမူပါနှင့်'' ဟုလျှောက်လေ၏။ ကိုယ်တော်ကလည်း``သင်ပြန်လာချိန်တိုင် အောင်ငါရှိနေမည်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဂိဒေါင်သည်မိမိအိမ်သို့ပြန်ပြီး လျှင် ဆိတ်ငယ်တစ်ကောင်ကိုချက်ပြုတ်၏။ တဆေးမဲ့မုန့်ညက်တစ်တင်းဖြင့်မုန့်ကို ပြင်ဆင်၏။ ထိုနောက်ဆိတ်သားကိုတောင်း နှင့်လည်းကောင်း၊ ဆိတ်ပြုတ်ရည်ကိုအိုးတစ် လုံး၌လည်းကောင်းထည့်၍ ကောင်းကင်တမန် ရှိရာသပိတ်ပင်အောက်သို့ယူဆောင်လာပြီး လျှင်သူ့အားဆက်လေသည်။- ကောင်းကင်တမန်က``ဆိတ်သားနှင့်မုန့်တို့ကို ယူ၍ဤကျောက်ပေါ်တွင်တင်၍ ဆိတ်ပြုတ် ရည်ဖြင့်သွန်းလောင်းလော့'' ဟုဆို၏။ ဤသို့ ဆိုသည့်အတိုင်းဂိဒေါင်ပြု၏။- ထိုအခါကောင်းကင်တမန်သည်လက်ကိုဆန့်၍ မိမိကိုင်ထားသည့်တုတ်ဖျားဖြင့်ဆိတ်သားနှင့် မုန့်တို့ကိုတို့ထိလိုက်ရာ ကျောက်ထဲမှမီးလျှံ ထွက်၍ဆိတ်သားနှင့်မုန့်တို့ကိုကျွမ်းလောင် စေ၏။ ထိုနောက်ကောင်းကင်တမန်သည်ပျောက် ကွယ်သွားလေသည်။ ထိုအခါဂိဒေါင်သည်မိမိတွေ့ရှိခဲ့သူမှာ ထာဝရဘုရား၏ကောင်းကင်တမန်ပင်ဖြစ် ကြောင်းသိလေလျှင် ကြောက်လန့်လျက်ဤသို့ ဆို၏။ ``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ် သည်ကိုယ်တော်၏ကောင်းကင်တမန်နှင့်မျက် နှာချင်းဆိုင်တွေ့မြင်ရပါပြီတကား'' ဟုလျှောက်လေသည်။ သို့ရာတွင်ထာဝရဘုရားက``စိတ်အေးချမ်း သာစွာနေလော့။ မစိုးရိမ်နှင့်။ သင်သည်သေရ လိမ့်မည်မဟုတ်'' ဟုသူ့အားမိန့်တော်မူ၏။- ဂိဒေါင်သည်ထိုအရပ်၌ထာဝရဘုရား အဖို့ယဇ်ပလ္လင်တစ်ခုတည်ဆောက်၍``ထာဝရ ဘုရားသည်စိတ်အေးချမ်းခြင်းဖြစ်တော်မူ၏'' ဟူသောအမည်ဖြင့်မှည့်ခေါ်လေသည်။ (ထို ယဇ်ပလ္လင်သည်အဗျေဇာသားချင်းစုပိုင် သြဖရရွာ၌ယနေ့တိုင်အောင်တည်ရှိ သတည်း။) ထိုည၌ထာဝရဘုရားသည်ဂိဒေါင်အား``သင့် ဖခင်၏နွားထီးနှင့်အခြားခုနစ်နှစ်သားနွားထီး တစ်ကောင်ကိုယူလော့။ ဗာလဘုရားအဖို့သင့် ဖခင်တည်ဆောက်ထားသည့်ယဇ်ပလ္လင်ကိုဖြိုချ ပြီးလျှင် ထိုယဇ်ပလ္လင်၏အနီးရှိအာရှရနတ် သမီး၏အမှတ်လက္ခဏာအဖြစ်ဖြင့်စိုက် ထားသည့်သစ်ပင်တို့ကိုခုတ်လှဲပစ်လော့။- ဤတောင်ပူစာထိပ်တွင်သင်၏ဘုရားသခင် ထာဝရဘုရားအတွက် ယဇ်ပလ္လင်ကိုအခိုင် အမာတည်ဆောက်လော့။ ထိုနောက်ဒုတိယနွား ထီးကိုယူပြီးလျှင်သင်ခုတ်လှဲထားသည့် အာ ရှရနတ်သမီး၏အမှတ်လက္ခဏာကိုထင်း အဖြစ်အသုံးပြု၍မီးရှို့ပူဇော်လော့'' ဟု မိန့်တော်မူ၏။- သို့ဖြစ်၍ဂိဒေါင်သည်အစေခံဆယ်ယောက် ကိုခေါ်၍ မိမိအားထာဝရဘုရားမိန့်တော် မူသည့်အတိုင်းပြုစေသည်။ သူသည်မိမိ အိမ်ထောင်စုဝင်တို့ကိုလည်းကောင်း၊ မြို့သူ မြို့သားများကိုလည်းကောင်းကြောက်သဖြင့် ဤအမှုကိုနေ့အချိန်၌မပြုဝံ့ဘဲည အချိန်၌ပြု၏။ နောက်တစ်နေ့နံနက်စောစောမြို့သားတို့နိုးထ ကြသောအခါ သူတို့သည်ဗာလဘုရား၏ယဇ် ပလ္လင်နှင့်အာရှရနတ်သမီး၏ အမှတ်လက္ခ ဏာသစ်ပင်တို့ပြိုလဲလျက်နေသည်ကိုလည်း ကောင်း၊ ယဇ်ပလ္လင်သစ်တစ်ခုပေါ်တွင်ဒုတိယ နွားထီးကို မီးရှို့ပူဇော်ထားလျက်ရှိသည် ကိုလည်းကောင်းတွေ့မြင်ကြ၏။- သူတို့သည်``ဤအမှုကိုအဘယ်သူပြုသနည်း'' ဟုအချင်းချင်းမေးမြန်းစုံစမ်းကြည့်ရာ ယောရှ၏သားဂိဒေါင်ပြုသည့်အမှုဖြစ် ကြောင်းကိုသိရှိရကြ၏။- ထိုအခါသူတို့သည်ယောရှအား``သင်၏ သားဂိဒေါင်ကိုငါတို့သတ်နိုင်ရန်ခေါ်ထုတ် လော့။ သူသည်ဗာလ၏ယဇ်ပလ္လင်နှင့်ယင်း ၏အနီးရှိအာရှရနတ်သမီး၏အမှတ် လက္ခဏာသစ်ပင်တို့ကို ခုတ်လှဲလိုက်လေ ပြီတကား'' ဟုဆိုကြ၏။ ယောရှသည်မိမိထံသို့လာရောက်တောင်းဆို သူအပေါင်းတို့အား``သင်တို့သည်ဗာလကိုယ် စားရှေ့နေလိုက်နေကြပါသလော။ သူ၏ အတွက်အကွယ်အကာပေးနေကြပါသ လော။ သူ့အတွက်ရှေ့နေလိုက်သူမှန်သမျှ သည်နံနက်ချိန်မလွန်မီအသတ်ခံရမည်။ အကယ်၍ဗာလသည်ဘုရားဖြစ်ပါမူ မိမိ ကိုယ်ကိုမိမိကာကွယ်ပါလေစေ။ ဖြိုချခြင်း ခံရသည်မှာသူ၏ယဇ်ပလ္လင်ဖြစ်ပါ၏'' ဟုပြောလေသည်။- ထိုအချိန်မှအစပြု၍ဂိဒေါင်သည်ယေရု ဗ္ဗာလဟူ၍နာမည်တွင်လေ၏။ အဘယ်ကြောင့် ဆိုသော်ယောရှက``ဗာလသည်မိမိကိုယ်ကို မိမိကွယ်ကာပါလေစေ။ ဖြိုချခြင်းခံရ သည်မှာသူ၏ယဇ်ပလ္လင်ဖြစ်သည်'' ဟုဆို သောကြောင့်တည်း။ ထိုအခါမိဒျန်အမျိုးသားများ၊ အာမလက် အမျိုးသားများ၊ သဲကန္တာရနေလူမျိုးအပေါင်း တို့သည်စုဝေး၍ယော်ဒန်မြစ်ကိုဖြတ်ပြီးလျှင် ယေဇရေလချိုင့်တွင်စခန်းချကြ၏။- ထာဝရဘုရား၏ဝိညာဉ်တော်သည်ဂိဒေါင် အပေါ်၌သက်ရောက်သဖြင့် သူသည်အဗျေဇာ သားချင်းစုအပေါင်းတို့အား မိမိနောက်သို့ လိုက်ကြရန်တံပိုးခရာကိုမှုတ်လေ၏။- မနာရှေနယ်မြေနှစ်ရပ်စလုံးသို့လည်းစေ တမန်များကိုလွှတ်၍ မနာရှေအမျိုးသား တို့အားမိမိနောက်သို့လိုက်ကြရန်လှုံ့ဆော်၏။ သူသည်အာရှာ၊ ဇာဗုလုန်နှင့်နဿလိအနွယ် တို့ထံသို့လည်းစေတမန်များကိုလွှတ်လိုက် သဖြင့် ထိုသူတို့သည်လည်းသူ၏ထံသို့လာ ရောက်ကြကုန်၏။ ထိုနောက်ဂိဒေါင်သည်ဘုရားသခင်အား``ကိုယ် တော်သည်အကျွန်ုပ်အားအသုံးပြု၍ ဣသ ရေလလူမျိုးကိုကယ်ဆယ်ရန်ဆုံးဖြတ်တော် မူပြီးဖြစ်ကြောင်းမိန့်တော်မူခဲ့ပါ၏။- အကျွန်ုပ်သည်ဂျုံစပါးနယ်ရာမြေတလင်း ပေါ်၌ သိုးမွေးကိုချထားပါမည်။ အကယ်၍ နံနက်ချိန်၌သိုးမွေးအပေါ်၌သာလျှင် နှင်းကျ၍မြေတလင်းပေါ်၌မကျခဲ့သော် ကိုယ်တော်သည်အကျွန်ုပ်အားဣသရေလ လူမျိုးကိုကယ်ဆယ်ရန်အတွက်အသုံးပြု တော်မူမည်ကိုအကျွန်ုပ်အမှန်သိရပါ လိမ့်မည်'' ဟုလျှောက်ထား၏။- ယင်းသို့လျှောက်ထားသည့်အတိုင်းဖြစ်လေ သည်။ ဂိဒေါင်သည်နောက်တစ်နေ့နံနက်စော စောထ၍ သိုးမွေးကိုညှစ်ကြည့်ရာနှင်းရည် အင်တုံတစ်လုံးအပြည့်ရရှိလေသည်။- ထိုနောက်သူသည်ထာဝရဘုရားအား``အကျွန်ုပ် ကိုအမျက်ထွက်တော်မမူပါနှင့်။ ယခုတစ် ကြိမ်သာလျှင်ထပ်မံလျှောက်ထားခွင့်ပြုတော် မူပါ။ သိုးမွေးနှင့်နောက်တစ်ကြိမ်ထပ်မံစမ်း သပ်ခွင့်ပြုတော်မူပါ။ ဤတစ်ကြိမ်၌သိုး မွေးသည်ခြောက်သွေ့လျက် မြေကြီးသည် နှင်းစိုလျက်နေစေတော်မူပါ'' ဟုလျှောက် ၏။- ထိုည၌လည်းဘုရားသခင်သည်ဂိဒေါင် လျှောက်ထားသည့်အတိုင်းပင်ဖြစ်စေတော် မူ၏။ နောက်တစ်နေ့နံနက်၌သိုးမွေးသည် ခြောက်သွေ့လျက်မြေကြီးမှာမူစွတ်စို လျက်နေ၏။
တရားသူကြီး 6:11-40 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရောက်လာ၍ ဩဖရမြို့နေ အဗျေဇာအမျိုးသား ယောရှပိုင်သောသပိတ်ပင်အောက်၌ ထိုင်လေ၏။ ထိုအချိန်၌ ယောရှ၏သားဂိဒေါင်သည် မိဒျန်လူမျိုးတို့ မသိအောင် စပျစ်သီးနယ်ရာကျင်း၌ ဂျုံများကို ရိုက်ခြွေနေ၏။ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ကိုယ်ထင်ရှားပြ၍ သူ့အား “ရဲစွမ်းသတ္တိရှိသောစစ်သူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏”ဟု ဆို၏။ ဂိဒေါင်ကလည်း “အို အကျွန်ုပ်၏အရှင်သခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်ဆိုလျှင် အဘယ်ကြောင့် ဤအမှုကို အကျွန်ုပ်တို့ ကြုံရသနည်း။ ‘ထာဝရဘုရားသည် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်’ဟု ဘိုးဘေးတို့က အကျွန်ုပ်တို့အား ပြောပြခဲ့သောအံ့ဖွယ်အမှုတို့ကား အဘယ်မှာနည်း။ ယခုမူကား ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ မိဒျန်လူမျိုးတို့လက်သို့ အပ်တော်မူပြီတကား”ဟု ဆို၏။ ထာဝရဘုရားသည် သူ့ကိုကြည့်၍ “သင့်ကို ငါစေလွှတ်သည် မဟုတ်လော။ သင်၌ရှိသောခွန်အားဖြင့် အစ္စရေးလူမျိုးတို့ကို မိဒျန်လူမျိုးလက်မှ သွား၍ကယ်တင်လော့”ဟု မိန့်တော်မူ၏။ ဂိဒေါင်ကလည်း “အို ဘုရားရှင်၊ အကျွန်ုပ်သည် အစ္စရေးလူမျိုးကို မည်သို့ကယ်တင်နိုင်ပါမည်နည်း။ မနာရှေအမျိုးအနွယ်တွင် အကျွန်ုပ်၏မျိုးနွယ်စုသည် အဆင်းရဲဆုံးဖြစ်ပါ၏။ အကျွန်ုပ်၏မိသားစုတွင် အကျွန်ုပ်သည် အသိမ်ငယ်ဆုံးဖြစ်ပါ၏”ဟု ပြန်လျှောက်၏။ ထာဝရဘုရားကလည်း သူ့အား “အကယ်စင်စစ် သင်နှင့်အတူ ငါရှိမည်။ သင်သည် မိဒျန်လူမျိုးတို့ကို လူတစ်ယောက်တည်းကဲ့သို့ လုပ်ကြံလိမ့်မည်”ဟု မိန့်တော်မူ၏။ သူကလည်း “အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်နှင့်စကားပြောတော်မူသောသူသည် ကိုယ်တော်ဖြစ်ကြောင်း အမှတ်လက္ခဏာပြတော်မူပါ။ ကိုယ်တော့်ထံသို့ အကျွန်ုပ်ပြန်လာ၍ ဘောဇဉ်ပူဇော်သက္ကာကို ကိုယ်တော်အား လာပြီးမဆက်သမချင်း ဤနေရာမှ ထွက်မသွားပါနှင့်”ဟု လျှောက်ဆိုလျှင် “သင်ပြန်လာသည်အထိ စောင့်နေမည်”ဟု ပြန်၍မိန့်တော်မူ၏။ ဂိဒေါင်လည်း သွား၍ ဆိတ်သငယ်တစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာဖြင့်လုပ်သော တဆေးမဲ့မုန့်ကို ပြင်ဆင်၏။ အသားကို တောင်းထဲထည့်၍ အသားပြုတ်ရည်ကို အိုးထဲထည့်ကာ သပိတ်ပင်အောက်ရှိ ကိုယ်တော့်ထံ ယူလာ၍ ဆက်သ၏။ ဘုရားသခင်၏ကောင်းကင်တမန်က သူ့အား “အသားနှင့် တဆေးမဲ့မုန့်ကို ယူ၍ ဤကျောက်ပေါ်တင်ထားလော့။ အသားပြုတ်ရည်ကိုမူ သွန်းလောင်းလော့”ဟု ဆိုလျှင် သူလည်း ထိုအတိုင်းပြု၏။ ထာဝရဘုရား၏ကောင်းကင်တမန်သည် လက်ထဲရှိ တောင်ဝှေးကို ဆန့်၍ အသားနှင့်တဆေးမဲ့မုန့်ကို တို့သောအခါ ထိုကျောက်မှ မီးတောက်ထွက်၍ အသားနှင့် တဆေးမဲ့မုန့်ကို လောင်ကျွမ်းသွား၏။ ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်က ဂိဒေါင်ရှေ့မှ ပျောက်သွား၏။ ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်းကို ဂိဒေါင် သိမြင်သောအခါ “အလို အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင် တွေ့ပါသည်တကား”ဟု ဂိဒေါင်ဆိုလေ၏။ ထာဝရဘုရားကလည်း သူ့အား “စိတ်အေးအေးထားပါ။ မကြောက်နှင့်။ သင်မသေရ”ဟု မိန့်တော်မူ၏။ ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ “ငြိမ်သက်ခြင်းအရှင် ထာဝရဘုရား”ဟု မှည့်ခေါ်လေ၏။ ထိုယဇ်ပလ္လင်သည် အဗျေဇာအမျိုးသားတို့နေထိုင်ရာ ဩဖရမြို့တွင် ယနေ့တိုင်အောင် ရှိ၏။ ထိုည၌ ထာဝရဘုရားက ဂိဒေါင်အား “သင့်ဖခင်၏နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် နောက်ထပ် ခုနစ်နှစ်သားအရွယ်နွားထီးပျိုတစ်ကောင်ကိုယူလော့။ သင့်ဖခင်တည်သောဗာလယဇ်ပလ္လင်ကိုဖြိုဖျက်လော့။ ထိုအနား၌ရှိသောအာရှရနတ်ဘုရားမတံခွန်တိုင်ကို ခုတ်လှဲပစ်လော့။ ဤကျောက်ပေါ်တွင် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုစနစ်တကျတည်လော့။ သင်ခုတ်လှဲခဲ့သောအာရှရနတ်ဘုရားမတံခွန်တိုင်သစ်သားဖြင့် ဒုတိယနွားထီးပျိုကို မီးရှို့ပူဇော်ရမည်”ဟု မိန့်တော်မူ၏။ ဂိဒေါင်လည်း မိမိ၏အစေအပါးဆယ်ယောက်ကိုခေါ်၍ ထာဝရဘုရားမိန့်မှာထားတော်မူသည့်အတိုင်းပြုလေ၏။ သူသည် ဖခင်၏အိမ်သားများ၊ မြို့သားများကိုကြောက်သောကြောင့် နေ့အချိန်၌ မပြုဘဲ ညအချိန်၌ ပြုလေ၏။ နံနက်စောစော မြို့သားတို့ ထသောအခါ ဗာလယဇ်ပလ္လင်သည် ဖြိုဖျက်ခံရလျက်၊ အနား၌ရှိသောအာရှရနတ်ဘုရားမတံခွန်တိုင်သည် ခုတ်လှဲခံရလျက်၊ အသစ်တည်ထားသောယဇ်ပလ္လင်ပေါ်၌ ဒုတိယနွားထီးပျို ပူဇော်ထားလျက်ရှိသည်ကို တွေ့မြင်ကြလျှင် “ဤအမှုကို မည်သူပြုသနည်း”ဟု တစ်ယောက်ကိုတစ်ယောက်မေးမြန်းကြ၏။ လိုက်လံစုံစမ်းသောအခါ လူတို့က “ဤအမှုကို ယောရှ၏သား ဂိဒေါင်ပြုသည်”ဟု ဆိုကြ၏။ ထိုအခါ မြို့သားတို့က ယောရှအား “သင်၏သားကို ထုတ်ပေးလော့။ ဗာလယဇ်ပလ္လင်ကိုဖြိုဖျက်ပြီး အနား၌ရှိသောအာရှရနတ်ဘုရားမတံခွန်တိုင်ကိုခုတ်လှဲသောကြောင့် သူအသတ်ခံရမည်”ဟု ဆိုကြ၏။ ယောရှက မိမိကို ရန်ရှာသောသူအပေါင်းတို့အား “သင်တို့သည် ဗာလဘုရားဘက်မှ ရပ်တည်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ ရပ်တည်သောသူမည်သူမဆို နေမထွက်မီ အသတ်ခံရမည်။ သူသည် ဘုရားမှန်လျှင် သူ၏ယဇ်ပလ္လင် ဖြိုဖျက်ခံရသောကြောင့် သူကိုယ်တိုင် ဖြေရှင်းပါစေ”ဟု ဆိုလေ၏။ ယောရှက “ဂိဒေါင်သည် ဗာလယဇ်ပလ္လင်ကို ဖြိုဖျက်သောကြောင့် သူ့ကို ဗာလ ဆုံးမပါစေ”ဟု ဆိုလျက် ထိုနေ့၌ ဂိဒေါင်ကို ယေရုဗ္ဗာလ ဟုခေါ်တွင်လေ၏။ မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားအပေါင်းတို့ ပူးပေါင်းကြပြီး ဂျော်ဒန်မြစ်ကိုကူး၍ ယေဇရေလချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချကြ၏။ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဂိဒေါင်အပေါ် သက်ရောက်တော်မူသဖြင့် သူသည် တံပိုးကိုမှုတ်လိုက်သောအခါ အဗျေဇာအမျိုးသားတို့သည် သူ့ထံ လာရောက်စုဝေးကြ၏။ သူသည် မနာရှေအမျိုး တစ်မျိုးလုံးထံသို့ တမန်တို့ကို စေလွှတ်၍ ခေါ်စေသဖြင့် သူ့နောက်သို့ လိုက်ရန် သူတို့ရောက်လာကြ၏။ အာရှာအမျိုး၊ ဇာဗုလုန်အမျိုး၊ နဿလိအမျိုးတို့ထံသို့လည်း တမန်တို့ကိုစေလွှတ်၍ ခေါ်စေသဖြင့် သူတို့လည်း ရောက်လာကြ၏။ ဂိဒေါင်ကလည်း ဘုရားသခင်အား “ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း ကိုယ်တော်သည် အစ္စရေးလူမျိုးတို့ကို အကျွန်ုပ်လက်အားဖြင့်ကယ်တင်တော်မူမည်မှန်လျှင် အကျွန်ုပ်သည် သိုးမွေးကို ကောက်နယ်တလင်း၌ထားမည်။ မြေတစ်ပြင်လုံးခြောက်သွေ့၍ သိုးမွေးသာ နှင်းစိုမည်ဆိုလျှင် ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတို့ကို အကျွန်ုပ်လက်အားဖြင့် ကယ်တင်တော်မူမည်ဖြစ်ကြောင်းကို အကျွန်ုပ်သိရပါလိမ့်မည်”ဟု လျှောက်၏။ သူလျှောက်သည့်အတိုင်း ဖြစ်လာ၏။ သူသည် နောက်တစ်နေ့နံနက်စောစောထ၍ သိုးမွေးကို ညှစ်သောအခါ ရေတစ်ဖလားအပြည့်ရ၏။ တစ်ဖန် ဂိဒေါင်က ဘုရားသခင်အား “အကျွန်ုပ်ကို အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်လျှောက်ထားပါရစေ။ နောက်တစ်ကြိမ် သိုးမွေးဖြင့် စမ်းသပ်ခွင့်ပြုတော်မူပါ။ မြေတစ်ပြင်လုံးနှင်းစို၍ သိုးမွေးကိုသာ ခြောက်သွေ့စေတော်မူပါ”ဟု လျှောက်၏။ ထိုည၌လည်း ဘုရားသခင်သည် သူလျှောက်သည့်အတိုင်းပြုလေ၏။ မြေတစ်ပြင်လုံးနှင်းစို၍ သိုးမွေးသာ ခြောက်သွေ့၏။