တရားသူကြီး 16:1-31
တရားသူကြီး 16:1-31 Judson Bible (JBMLE)
နောက်တစ်ဖန် ရှံဆုန်သည် ဂါဇမြို့သို့သွား၍ ပြည့်တန်ဆာမိန်းမကို တွေ့ပြီးလျှင် သူ့ဆီသို့ဝင်၍နေ၏။ ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက်၊ မြို့တံခါးဝ၌ တစ်ညလုံးချောင်းမြောင်းလျက်၊ နံနက်မိုးလင်းသောအခါ သူ့ကိုသတ်မည်ဟုဆို၍ တစ်ညလုံး ငြိမ်သက်စွာ နေကြ၏။ ရှံဆုန်သည် သန်းခေါင်တိုင်အောင် အိပ်ပြီးမှ၊ သန်းခေါင်အချိန်၌ထ၍ မြို့တံခါးရွက်တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင်နှင့်တကွ ယူ၍ ပခုံးပေါ်မှာတင်လျက် ထမ်းသွား၍၊ ဟေဗြုန်မြို့ရှေ့၊ တောင်ပေါ်၌ပစ်ထားလေ၏။ နောက်တစ်ဖန် စောရက်ချိုင့်၌နေသော ဒေလိလအမည်ရှိသော မိန်းမတစ်ယောက်ကို ချစ်ပြန်၏။ ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့လာ၍၊ ရှံဆုန်၌ ကြီးသောခွန်အားသည် အဘယ်အရာအားဖြင့်တည်သနည်း၊ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှာ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကိုချော့မော့၍ စူးစမ်းပါ။ ငါတို့သည် ဝိုင်း၍ ငွေဆယ်တစ်ပိဿာကို ပေးမည်ဟု ဆိုကြ၏။ ဒေလိလကလည်း၊ သင်၌ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကိုလည်းကောင်း၊ သင့်ကို နှိပ်စက်ခြင်းငှာ အဘယ်သို့ ချည်နှောင်ရမည်ကိုလည်းကောင်း ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊ ရှံဆုန်က၊ တစ်ခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းနှင့် ငါ့ကိုချည်နှောင်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။ ထိုအခါ ဖိလိတ္တိမင်းတို့သည် တစ်ခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းတို့ကို ယူခဲ့၍၊ ထိုမိန်းမသည် ရှံဆုန်ကို ချည်နှောင်လေ၏။ ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်းထဲမှ ချောင်းမြောင်းလျက် နေသည်ဖြစ်၍ မိန်းမက၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ သူသည် မီးထိသော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ်လေ၏။ သို့ဖြစ်၍ သူ၏ခွန်အားကို မသိရကြ။ ဒေလိလကလည်း၊ သင်သည် ငါ့ကိုကျီစား၍ မုသားကိုသာပြောပြီ။ သင့်ကို အဘယ်သို့ ချည်နှောင်ရမည်ကို ယခုပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊ သူက၊ မသုံးဖူးသောကြိုးသစ်နှင့် ကျပ်ကျပ်ချည်နှောင်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊ ဒေလိလသည် ကြိုးသစ်တို့ကိုယူ၍ ချည်နှောင်ပြီးမှ၊ ထိုအခန်း၌ ချောင်းမြောင်းသော သူအချို့ ရှိနေလျက်၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်သည် လက်ရုံး၌ချည်သော ကြိုးတို့ကို အပ်ချည်ကဲ့သို့ ဖြတ်လေ၏။ ဒေလိလကလည်း၊ ယခုတိုင်အောင် သင်သည် ငါ့ကိုကျီစား၍ မုသားကိုသာပြောပြီ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အားတောင်းပန်သော်၊ သူက၊ ငါ့ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင် စို့နှင့်ရိုက်ထားလျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊ ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင် စို့နှင့်ရိုက်ထားပြီးမှ၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကိုတိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍၊ စို့၊ ရက်ကန်းစင်နှင့် ရက်ကန်းသားပါဆွဲနှုတ် လေ၏။ ဒေလိလကလည်း၊ သင်သည် ငါ့ကိုချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း။ သင့်၌ ကြီးသောခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို မပြော။ သုံးကြိမ်တိုင်အောင် ငါ့ကိုကျီစားပြီဟု ဆို၏။ ထိုသို့ ဒေလိလသည် နေ့တိုင်းပူဆာ၍ သူအသက် သေလုအောင် နှောင့်ယှက်သောကြောင့်၊ ရှံဆုန်သည် မိမိစိတ်နှလုံး၌ ရှိသမျှအတိုင်းပြော၍၊ ငါ့ဆံပင်ကို တစ်ခါမျှ မရိတ်သေး။ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်၏။ ငါ့ဆံပင်ကိုရိတ်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။ ထိုသို့ မိမိစိတ်နှလုံးထဲမှာ ရှိသမျှအတိုင်းပြောကြောင်းကို ဒေလိလသိလျှင်၊ ဖိလိတ္တိမင်းတို့ကို တစ်ဖန်ခေါ်၍၊ ယခုတစ်ခါ လာကြပါဦး။ သူသည် မိမိစိတ်နှလုံးရှိသမျှအတိုင်း ပြောပြီဟု မှာလိုက်သဖြင့်၊ သူတို့သည် ငွေကိုဆောင်ယူခဲ့လျက် လာကြ၏။ ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာတင်လျက် သူကိုအိပ်စေသဖြင့်၊ လူတစ်ယောက်ကို ခေါ်၍ သူ၏ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကိုနှောင့်ယှက်စပြု၍ သူ၏ခွန်အားသည် လျော့ပျောက်၏။ မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်ဟု အကြံရှိသော်လည်း၊ ဖိလိတ္တိလူတို့သည် ဖမ်းဆီး၍ သူ့မျက်စိကိုဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့်ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။ ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တစ်ဖန်ပေါက်ပြန်သောအခါ၊ ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟုဆိုလျက်၊ သူတို့ဘုရားဒါဂုန်အား ယဇ်ကြီးကိုပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှာ စည်းဝေးကြ၏။ လူများတို့သည် ရှံဆုန်ကို မြင်သောအခါ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး၍၊ ပြည်သားအများတို့ကို သတ်သော ငါတို့၏ရန်သူကို၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ၏။ စိတ်နှလုံးရွှင်လန်းသောအခါ၊ ရှံဆုန်ကို ခေါ်ခဲ့။ ငါတို့အဖို့ ကစားပါလေစေဟု ဆိုသဖြင့်၊ ရှံဆုန်ကို ထောင်အိမ်မှခေါ်ခဲ့၍ သူသည် ကစားရ၏။ သူကိုလည်း ဇရပ်တိုင်ကြားမှာ ထားကြ၏။ ရှံဆုန်ကလည်း၊ ဇရပ်တိုင်တို့ကို ငါမှီ၍နေရအောင် လက်နှင့်တွေ့ပါရစေဟု လက်ဆွဲသော လူကလေးကို အခွင့်တောင်း၏။ ထိုဇရပ်၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ၏။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ၏။ ဇရပ်မိုးပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှုလျက်ရှိကြ၏။ ရှံဆုန်ကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်မျက်စိနှစ်ဖက်ကို ဖောက်သော ဖိလိတ္တိလူတို့၌ တစ်ပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခုတစ်ကြိမ်မျှသာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ၊ ဇရပ်ခေါင်တိုင်နှစ်တိုင်တို့ကို လက်ယာလက်၊ လက်ဝဲလက်နှစ်ဖက်နှင့် ကိုင်၍ မှီနေလျက်၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေဟုဆိုလျက်၊ အားထုတ်၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ ဇရပ်သည် မင်းများ၊ လူများအပေါင်းတို့အပေါ်မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ၍များသောသူတို့ကို သတ်လေ၏။ သူ့ညီများ၊ အဆွေအမျိုးများ အပေါင်းတို့သည်လာ၍ အလောင်းကောင်ကို ထမ်းသွားပြီးလျှင်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြားတွင် အဘမာနော်၏ သင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။ သူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်အုပ်စိုးသတည်း။
တရားသူကြီး 16:1-31 Common Language Bible (BCL)
တစ်နေ့သ၌ရှံဆုန်သည် ဖိလိတ္တိအမျိုးသား တို့နေထိုင်ရာဂါဇမြို့သို့သွားရောက်၏။ ထို မြို့တွင်ပြည့်တန်ဆာမတစ်ဦးကိုတွေ့၍သူ နှင့်အိပ်စက်လေသည်။- ဂါဇမြို့သားတို့သည်ရှံဆုန်ရောက်ရှိနေကြောင်း ကိုကြားသိကြသဖြင့် ထိုအိမ်ကိုဝိုင်းရံထား ပြီးလျှင်တစ်ညလုံးမြို့တံခါးဝမှစောင့်နေ ကြ၏။ ``ငါတို့သည်သူ့အားမိုးလင်းသည်တိုင် အောင်စောင့်ဆိုင်းပြီးမှသတ်ပစ်မည်'' ဟုကြံ စည်ကာဆိတ်ငြိမ်စွာနေကြ၏။- သို့ရာတွင်ရှံဆုန်သည်သန်းခေါင်တိုင်အောင် သာအိပ်ပြီးနောက်ထ၍တံခါးရွက်၊ တံခါး တိုင်၊ ကန့်လန့်ကျင်နှင့်တကွမြို့တံခါးကို ဆွဲနုတ်ပြီးလျှင်ပခုံးပေါ်မှာထမ်း၍ ဟေဗြုန် မြို့အနီးတောင်ထိပ်ပေါ်သို့ယူဆောင်သွား လေသည်။ ထိုနောက်ရှံဆုန်သည်စောရက်ချိုင့်တွင် နေထိုင် သောဒေလိလအမည်ရှိသောအမျိုးသမီး ကိုချစ်ကြိုက်ပြန်၏။- ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဒေလိလထံ သို့လာ၍``ရှံဆုန်သည်အဘယ်ကြောင့်ဤမျှ ခွန်အားကြီးရကြောင်းကိုလည်းကောင်း၊ သူ့ အားအဘယ်သို့နှိမ်နင်း၍ချည်နှောင်ထား နိုင်ကြောင်းကိုလည်းကောင်းသိရှိရန်သူ့အား ဖြားယောင်း၍မေးပါ။ ငါတို့တစ်ယောက်လျှင် ငွေတစ်ဆယ့်တစ်ပိဿာစီပေးပါမည်'' ဟုပြော၏။ သို့ဖြစ်၍ဒေလိလသည်ရှံဆုန်အား``သင်သည် ဤမျှခွန်အားကြီးရခြင်းမှာအဘယ်ကြောင့် နည်း။ သင့်အားအဘယ်နည်းဖြင့်ချည်နှောင်၍ အနိုင်ရနိုင်ပါမည်နည်း'' ဟုမေး၏။ ရှံဆုန်က``မခြောက်သေးသောလေးကြိုးအသစ် ခုနစ်ပင်ဖြင့်ငါ့ကိုချည်နှောင်ထားမည်ဆို လျှင် ငါသည်အခြားသူများနည်းတူအား လျော့လိမ့်မည်'' ဟုဆို၏။ သို့ဖြစ်၍ဖိလိတ္တိဘုရင်တို့သည်မခြောက်သေး သောလေးကြိုးအသစ်ခုနစ်ပင်ကိုဒေလိလ အားပေးသဖြင့် ဒေလိလသည်ရှံဆုန်အား ချည်နှောင်ထားလိုက်လေသည်။- သူမသည်အခြားအခန်းတစ်ခုထဲ၌လူ အချို့ကိုစောင့်၍နေစေပြီးလျှင်``ရှံဆုန်၊ ဖိလိတ္တိ အမျိုးသားတို့လာနေကြပြီ'' ဟုဟစ်အော်၏။ သို့ရာတွင်ရှံဆုန်သည်ထိုလေးကြိုးတို့ကိုမီး ထိသည့်ချည်မျှင်သဖွယ်ဖြတ်တောက်ပစ်လိုက် လေသည်။ သို့ဖြစ်၍သူတို့သည်သူခွန်အား ကြီးရခြင်း၏လျှို့ဝှက်ချက်ကိုမသိနိုင် ကြသေးပေ။ ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မ အားမှန်ရာကိုမပြောဘဲအရူးလုပ်လေ ပြီ။ သင့်အားအဘယ်သို့ချည်နှောင်ထားနိုင် မည်ကိုကျွန်မအားကျေးဇူးပြု၍ပြောပြ ပါ'' ဟုဖြားယောင်းပြောဆို၏။ သူကလည်း``ငါ့အားတစ်ကြိမ်တစ်ခါမျှ အသုံးမပြုရသေးသည့်ကြိုးသစ်များဖြင့် ချည်နှောင်မည်ဆိုလျှင် ငါသည်အခြားသူ များကဲ့သို့ပင်အားလျော့ပေအံ့'' ဟုပြန် ပြော၏။ သို့ဖြစ်၍ဒေလိလသည်ကြိုးသစ်ကိုယူ ပြီးလျှင် သူ့အားချည်နှောင်လေသည်။ ထို နောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာနေ ကြပြီ'' ဟုဟစ်အော်၏။ လူတို့သည်အခန်း တစ်ခုထဲတွင်စောင့်နေကြ၏။ သို့ရာတွင် ရှံဆုန်သည်မိမိလက်များမှကြိုးတို့ကို ချည်မျှင်သဖွယ်ဖြတ်တောက်လိုက်လေသည်။ ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မအား မှန်ရာကိုမပြောဘဲအရူးလုပ်လျက်ပင်ရှိနေ ပါသေး၏။ သင့်အားအဘယ်သို့ချည်နှောင်ထား ရမည်ကိုကျွန်မအားပြောပါလော့'' ဟုဖြား ယောင်းပြောဆိုပြန်၏။ ရှံဆုန်က``ငါ၏ဆံပင်ခုနစ်စုကိုယက်ကန်း စင်ထဲသို့ယက်သွင်းကာ သပ်နှင့်ရိုက်၍ထား မည်ဆိုလျှင်ငါသည်အခြားသူများနည်း တူအားလျော့လိမ့်မည်'' ဟုပြော၏။ ထိုအခါဒေလိလသည်သူ့အားချော့၍ သိပ်ပြီးလျှင် သူ၏ဆံပင်ခုနစ်စုကိုယူ၍ ရက်ကန်းစင်ထဲသို့ရက်သွင်းကာသပ်ရိုက် ထားလိုက်၏။ ထိုနောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုး သားတို့လာနေကြပြီ'' ဟုဟစ်အော်လေသည်။ သို့ရာတွင်ရှံဆုန်သည်နိုးထပြီးလျှင် မိမိ ၏ဆံပင်ကိုယက်ကန်းစင်မှဆွဲထုတ်လိုက် ၏။ သို့ဖြစ်၍ဒေလိလကသူအား``သင်သည် ကျွန်မကိုတကယ်မချစ်ဘဲနှင့်ချစ်ပါသည် ဟု အဘယ်သို့ပြောနိုင်ပါသနည်း။ ကျွန်မ အားသင်အရူးလုပ်ခဲ့သည်မှာသုံးကြိမ်တိုင် တိုင်ရှိလေပြီ။ သင်သည်ယခုတိုင်အောင်ပင် မိမိအဘယ်ကြောင့်သန်စွမ်းရကြောင်းကို ကျွန်မအားပြောမပြသေးပါတကား'' ဟုဆို၏။- ဤသို့လျှင်သူသည်ဆက်လက်၍တစ်နေ့ပြီး တစ်နေ့မေးမြန်းလျက်နေရကား ရှံဆုန်သည် ဒေလိလ၏ပူဆာမှုကိုလွန်စွာငြီးငွေ့လာ ပြီးလျှင်နောက်ဆုံး၌``ငါ၏ဆံပင်သည်တစ် ကြိမ်တစ်ခါမျှမရိတ်မဖြတ်ရသေး။ ငါ သည်လည်းမွေးစကပင်လျှင်နာဇရိဂိုဏ်း ဝင်အဖြစ်ဖြင့် ဘုရားသခင်အားဆက်ကပ် ထားသူဖြစ်သည်။ အကယ်၍ငါ၏ဆံပင်ကို ရိတ်ဖြတ်လိုက်သည်ရှိသော်ငါသည်ခွန်အား ဆုတ်ယုတ်၍သူတစ်ပါးနည်းတူအားနည်း ပေအံ့'' ဟုအမှန်အတိုင်းထုတ်ဖော်ပြော ဆိုလိုက်တော့၏။ ယင်းသို့အမှန်အတိုင်းပြောဆိုသည်ကို ဒေလိလသိသောအခါ သူသည်ဖိလိတ္တိ ဘုရင်တို့ထံသို့လူလွှတ်၍``ဤတစ်ကြိမ် ပြန်လာခဲ့ကြပါ။ ကျွန်မသည်ရှံဆုန်ထံ မှမှန်ရာကိုသိရှိရပါပြီ'' ဟုပြောကြား လိုက်၏။ ထိုသူတို့သည်လည်းငွေများ ကိုယူ၍လာကြ၏။- ဒေလိလသည်ရှံဆုန်အားမိမိ၏ပေါင်ပေါ် တွင်ချော့၍သိပ်ပြီးမှ လူတစ်ယောက်ကိုခေါ် ၍ရှံဆုန်၏ဆံပင်ခုနစ်စုကိုရိတ်ဖြတ်စေ၏။ ရှံဆုန်၌ခွန်အားပျောက်ကွယ်သွားပြီဖြစ်၍ ဒေလိလသည်သူ့အားစတင်ညှင်းပန်းလေ တော့သည်။- သူသည်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာ နေကြပြီ'' ဟုဟစ်အော်၏။ ထိုအခါရှံဆုန် သည်အိပ်ရာမှနိုးထ၍ယခုတစ်ကြိမ်လည်း ခါတိုင်းကဲ့သို့ပင် မိမိလွတ်မြောက်နိုင်လိမ့် မည်ဟုထင်မှတ်၏။ မိမိအားထာဝရဘုရား စွန့်ခွာသွားတော်မူပြီဖြစ်ကြောင်းကိုမူသူ မသိ။- ဖိလိတ္တိအမျိုးသားတို့သည်လည်းသူ့အား ဖမ်းဆီးကာသူ၏မျက်စိကိုဖောက်ပြီး နောက် သူ့အားဂါဇမြို့သို့ခေါ်ဆောင်၍ ကြေးဝါကြိုးများဖြင့်ချည်နှောင်ပြီးလျှင် ထောင်ထဲ၌ကြိတ်ဆုံကျောက်ကိုလှည့်စေ ကြ၏။- သို့ရာတွင်သူ၏ဆံပင်သည်ပြန်၍ရှည်စ ပြုလာလေသည်။ ဖိလိတ္တိဘုရင်တို့သည်မိမိတို့၏ဘုရားဒါဂုန် အား ယဇ်ပူဇော်ရန်နှင့်အောင်ပွဲခံရန်အတွက် စုဝေးကြ၏။ သူတို့က``ငါတို့၏ဘုရားသည် ငါတို့အားမိမိတို့ရန်သူရှံဆုန်၏အပေါ် ၌အောင်ပွဲခံစေတော်မူပြီ'' ဟုသီဆိုကြ၏။- သူတို့သည်အလွန်ပျော်ရွှင်လျက်``ရှံဆုန်ကိုခေါ် ခဲ့ကြ။ သူ့အားငါတို့ကိုဖျော်ဖြေစေမည်'' ဟုဆို ကြ၏။ သူတို့သည်ရှံဆုန်ကိုထောင်ထဲမှခေါ်ဆောင် ၍ မိမိတို့အားဖျော်ဖြေစေ၏။ မဏ္ဍပ်တိုင်မကြီး အကြားတွင်ရပ်စေ၏။ လူတို့သည်သူ့ကိုမြင် လေလျှင်``ငါတို့၏ဘုရားသည်ငါတို့ပြည်ကို ယိုယွင်းပျက်စီးစေ၍ ငါတို့လူအမြောက် အမြားကိုသတ်ဖြတ်ခဲ့သောရန်သူ၏အပေါ် ၌ငါတို့အားအောင်ပွဲခံစေတော်မူပြီ'' ဟု မိမိတို့ဘုရား၏ဂုဏ်ကျေးဇူးကိုချီးမွမ်း၏။- ရှံဆုန်သည်မိမိအားလက်ဆွဲ၍ခေါ်ယူလာ သောသူငယ်အား``မဏ္ဍပ်တိုင်မကြီးတို့ကိုငါ့ အားကိုင်ခွင့်ပြုပါ။ ယင်းတို့ကိုငါမှီ၍နေ လိုပါသည်'' ဟုပြော၏။- ထိုမဏ္ဍပ်သည်အမျိုးသားအမျိုးသမီးများ နှင့်ပြည့်လျှံလျက်ရှိ၏။ ဖိလိတ္တိဘုရင်ငါးပါး တို့သည်လည်းထိုမဏ္ဍပ်တွင်ရှိကြ၏။ အမျိုး သားအမျိုးသမီးစုစုပေါင်းသုံးထောင်ခန့် သည် မဏ္ဍပ်အမိုးပေါ်မှရှံဆုန်ဖျော်ဖြေနေ သည်ကိုကြည့်ရှုလျက်ရှိကြ၏။ ထိုအခါရှံဆုန်က``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကိုအောက်မေ့သတိရတော်မူပါ။ အို ဘုရားသခင်၊ အကျွန်ုပ်၏မျက်စိနှစ်လုံးကို ဖောက်ပစ်သည့်အတွက် ဖိလိတ္တိအမျိုးသားတို့ အားတစ်ချက်တည်းဖြင့်လက်စားချေနိုင်ရန် အကျွန်ုပ်အားဤတစ်ကြိမ်သာလျှင်ခွန်အား ကိုပြန်လည်ရရှိစေတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုလေသည်။- ထိုနောက်သူသည်မဏ္ဍပ်ဗဟိုတိုင်မကြီးနှစ်ခု ကို လက်တစ်ဘက်စီဖြင့်ကိုင်၍တွန်းပြီးလျှင်၊- ``အကျွန်ုပ်အားဖိလိတ္တိလူတို့နှင့်အတူသေခွင့် ပြုတော်မူပါ'' ဟုဟစ်အော်၏။ သူသည်အစွမ်းကုန် တွန်းလိုက်ရာမဏ္ဍပ်သည် ဘုရင်ငါးပါးနှင့်တကွ ရှိသမျှသောလူတို့အပေါ်သို့ပြိုကျလေသည်။ ရှံဆုန်သည်သေဆဲအချိန်၌သတ်ခဲ့သည့်လူ ဦးရေမှာအသက်ရှင်စဉ်အခါကသတ်ခဲ့ သည့်လူဦးရေထက်ပို၍များပြား၏။ ရှံဆုန်၏ညီများနှင့်အခြားအိမ်ထောင်စု သားတို့သည် လာရောက်၍သူ၏ရုပ်အလောင်း ကိုယူပြီးလျှင် ဇောရာမြို့နှင့်ဧရှတောလ မြို့စပ်ကြားရှိဖခင်ဖြစ်သူမာနော်၏သင်္ချိုင်း ဂူတွင်သင်္ဂြိုဟ်ကြ၏။ သူသည်နှစ်ပေါင်းနှစ် ဆယ်တိုင်တိုင်ဣသရေလလူမျိုး၏ခေါင်း ဆောင်ဖြစ်ခဲ့သတည်း။
တရားသူကြီး 16:1-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရှံဆုန်သည် ဂါဇမြို့သို့သွားရာ ထိုမြို့တွင် ပြည့်တန်ဆာမတစ်ဦးနှင့်တွေ့၍ သူ့ထံဝင်လေ၏။ “ဤမြို့သို့ ရှံဆုန်ရောက်လာပြီ”ဟူသောသတင်းကို ဂါဇမြို့သားတို့ ကြားသိသောအခါ ထိုနေရာကိုဝိုင်းထား၍ မြို့တံခါး၌ တစ်ညလုံးချောင်းမြောင်းနေကြ၏။ သူတို့က “နံနက်မိုးလင်းလျှင် သူ့ကို ငါတို့သတ်မည်”ဟု ဆိုလျက် တစ်ညလုံး တိတ်ဆိတ်စွာနေကြ၏။ သို့သော် ရှံဆုန်သည် ညသန်းခေါင်တိုင် အိပ်ပြီးမှ သန်းခေါင်ချိန်တွင်ထပြီး မြို့တံခါးရွက်နှင့်တကွ တံခါးတိုင်နှစ်တိုင်ကို ဆုပ်ကိုင်ပြီး ကန့်လန့်ကျင်ပါလျက် ဆွဲနုတ်ပစ်လေ၏။ ထို့နောက် ပခုံးပေါ်တင်၍ ဟေဗြုန်မြို့အရှေ့ဘက်ရှိ တောင်ထိပ်ပေါ်သို့ ထမ်းသွားလေ၏။ ထို့နောက်မှ ရှံဆုန်သည် စောရက်ချိုင့်ဝှမ်းဒေသရှိ ဒေလိလအမည်ရှိသောအမျိုးသမီးတစ်ဦးနှင့် ချစ်ကြိုက်ပြန်၏။ ထို့ကြောင့် ဖိလိတ္တိမင်းတို့သည် ဒေလိလထံသို့လာ၍ “ရှံဆုန်၏ကြီးမားသောခွန်အားသည် အဘယ်ကဖြစ်ကြောင်း၊ သူ့ကို မည်သည့်နည်းဖြင့် ဖမ်းဆီးချုပ်နှောင်နှိပ်စက်နိုင်ကြောင်းကို သူ့အား ချော့မော့မေးမြန်းကြည့်လော့။ ငါတို့သည် သင့်အား ငွေစ တစ်ထောင့်တစ်ရာစီ ပေးမည်”ဟု ဆိုကြ၏။ ဒေလိလကလည်း ရှံဆုန်အား “သင်၏ကြီးမားသောခွန်အားကား အဘယ်ကဖြစ်သနည်း။ သင့်ကို မည်သည့်နည်းဖြင့် ချုပ်နှောင်နှိပ်စက်နိုင်မည်နည်း။ အကျွန်ုပ်အား ပြောပြပါလော့”ဟု မေးလေ၏။ ရှံဆုန်က သူ့အား “မခြောက်သေးသောလေးကြိုးအသစ်ခုနစ်ချောင်းဖြင့် ငါ့ကို ချည်နှောင်လျှင် ငါ့ခွန်အားသည် လျော့သွား၍ သာမန်လူကဲ့သို့ ဖြစ်သွားမည်”ဟု ပြန်ဖြေ၏။ ထိုအခါ ဖိလိတ္တိမင်းတို့သည် မခြောက်သေးသောလေးကြိုးအသစ်ခုနစ်ချောင်းကို ဒေလိလအား ယူလာပေးရာ ဒေလိလကလည်း ထိုကြိုးတို့ဖြင့် ရှံဆုန်ကို ချည်နှောင်လေ၏။ လူအချို့သည် ဒေလိလ၏အတွင်းခန်းထဲ၌ စောင့်ကြည့်ချောင်းမြောင်းနေကြ၏။ ဒေလိလကလည်း “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုသော် ရှံဆုန်က လေးကြိုးတို့ကိုဖြတ်လိုက်ရာ ထိုကြိုးတို့သည် မီးထိသကဲ့သို့ တစ်စစီပြတ်ကုန်၏။ ထို့ကြောင့် သူ့ခွန်အားသည် အဘယ်ကဖြစ်သည်ကို မသိရ။ ထိုအခါ ဒေလိလက ရှံဆုန်အား “သင်သည် အကျွန်ုပ်ကို လိမ်လည်လှည့်စားပြီ။ သင့်ကို မည်သို့ချည်နှောင်နိုင်မည်ကို ယခု ပြောပြပါ”ဟု မေးပြန်၏။ သူကလည်း “တစ်ခါမျှ အသုံးမပြုရသေးသောကြိုးအသစ်ဖြင့် ငါ့ကို အခိုင်အမာချည်နှောင်ထားလျှင် ငါ့ခွန်အားသည် လျော့သွား၍ သာမန်လူကဲ့သို့ ဖြစ်သွားမည်”ဟု ဆို၏။ ဒေလိလကလည်း ကြိုးအသစ်ကိုယူ၍ ရှံဆုန်အား ချည်နှောင်ပြီးလျှင် “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုပြန်၏။ သူ့အခန်းထဲတွင် လူအချို့ချောင်းမြောင်းစောင့်ကြည့်နေကြ၏။ ရှံဆုန်သည် လက်မောင်း၌ချည်ထားသောကြိုးတို့ကို အပ်ချည်မျှင်ကဲ့သို့ ဖြတ်ပစ်လိုက်လေ၏။ ဒေလိလကလည်း ရှံဆုန်အား “သင်သည် ယခုချိန်ထိ အကျွန်ုပ်ကို လိမ်လည်လှည့်စားသေး၏။ သင့်ကို မည်သို့ ချည်နှောင်နိုင်မည်ကို ယခု ပြောပြပါလော့”ဟု ဆိုပြန်ရာ ရှံဆုန်က သူ့အား “ငါ့ဆံပင်အစုခုနစ်စုကို ရက်ကန်းထဲသို့ တိုင်ချည်အဖြစ်ရက်သွင်းလျှင် ငါ့ခွန်အားသည် လျော့သွား၍ သာမန်လူကဲ့သို့ ဖြစ်မည်”ဟု ပြန်ပြော၏။ ဒေလိလလည်း ရှံဆုန်၏ဆံပင်ကို ရက်သွင်းပြီး ရက်ကန်းကိုငုတ်တိုင်၌ချည်ထားပြီးလျှင် “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုလျှင် ရှံဆုန်သည် အိပ်ပျော်ရာမှ နိုးလာပြီး ငုတ်တိုင်နှင့်တကွ ရက်ကန်းတစ်ခုလုံးကိုပါ ဆွဲနုတ်ပစ်လေ၏။ ဒေလိလကလည်း “သင်သည် စိတ်မပါဘဲ အကျွန်ုပ်ကို ချစ်သည်ဟု အဘယ်ကြောင့် ပြောရသနည်း။ အကျွန်ုပ်ကို သုံးကြိမ်တိုင်တိုင်လှည့်စားပြီ။ သင်၏ကြီးမားသောခွန်အားသည် အဘယ်ကဖြစ်သည်ကို အကျွန်ုပ်အား ယခုအထိမပြောသေး”ဟု ဆိုလေ၏။ ဒေလိလသည် ရှံဆုန်အား စကားလုံးများဖြင့် နေ့ရှိသရွေ့ပူဆာဖိအားပေးလွန်းသဖြင့် ရှံဆုန်လည်း သေချင်လောက်အောင်စိတ်ပျက်လာ၏။ ထို့ကြောင့် ရှံဆုန်က “ငါသည် အမိဝမ်းထဲမှစ၍ ဘုရားသခင်အဖို့ နာဇရိလူ ဖြစ်၏။ ငါ့ဆံပင်ကို သင်တုန်းဓားနှင့် မရိတ်ရ။ ငါ့ဆံပင်ကို ရိတ်ပစ်လျှင် ငါ့ခွန်အားယုတ်လျော့၍ သာမန်လူကဲ့သို့ ဖြစ်သွားမည်”ဟု စိတ်ထဲရှိသည့်အတိုင်း ပြောပြလေ၏။ ရှံဆုန်က စိတ်ထဲရှိသည့်အတိုင်း အမှန်ကိုပြောပြကြောင်း ဒေလိလ သိလျှင် လူကိုစေလွှတ်၍ ဖိလိတ္တိမင်းတို့ကို ခေါ်စေကာ “နောက်တစ်ခေါက် လာခဲ့ကြပါဦး။ ရှံဆုန်က သူ့စိတ်ထဲရှိသည့်အတိုင်း အမှန်ကို အကျွန်ုပ်အား ပြောပြပြီ”ဟု မှာလိုက်သဖြင့် ဖိလိတ္တိမင်းတို့သည်လည်း ငွေစပါလျက် ဒေလိလထံသို့ လာကြပြန်၏။ ဒေလိလသည် ရှံဆုန်ကို ပေါင်ပေါ်တွင်အိပ်စေ၍ လူတစ်ယောက်ကိုခေါ်ပြီး သူ့ဆံပင်ခုနစ်စုကို ရိတ်စေ၏။ ရှံဆုန်၏ခွန်အားများ လျော့သွားသောအခါ သူ့ကို စတင်နှိပ်စက်လေ၏။ ဒေလိလက “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုသော် ရှံဆုန်သည် အိပ်ရာမှထပြီး “ယခင်ကကဲ့သို့ ရုန်းထွက်မည်”ဟု တွေး၏။ ထာဝရဘုရား သူ့ကို စွန့်ခွာသွားသည်ကို သူမသိ။ ဖိလိတ္တိလူမျိုးတို့ကလည်း သူ့ကိုဖမ်းချုပ်ပြီး မျက်စိနှစ်ဖက်ကို ဖောက်ထုတ်ပစ်၏။ ထို့နောက် သူ့ကို ကြေးနီကြိုးဖြင့် ချည်နှောင်ထား၍ ဂါဇမြို့သို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့ကိုအကျဉ်းချထား၍ ကြိတ်ဆုံကြိတ်ရသည့်အလုပ်ကို လုပ်စေ၏။ ရှံဆုန်သည် ဆံပင်ရိတ်ခံရပြီးနောက် သူ့ဦးခေါင်းမှ ဆံပင်များ ပြန်ပေါက်လာ၏။ ဖိလိတ္တိမင်းတို့က “ငါတို့၏ဘုရားသည် ငါတို့၏ရန်သူရှံဆုန်ကို ငါတို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလျက် ဒါဂုန်ဘုရားအား ယဇ်ပူဇော်သောပွဲကြီးကို တပျော်တပါးကျင်းပရန် စုဝေးလာကြ၏။ လူတို့သည် ရှံဆုန်ကို ကြည့်၍ “ငါတို့လူမျိုးအမြောက်အမြားကို သတ်ပြီး ငါတို့ပြည်ကို ဖျက်ဆီးသောငါတို့၏ရန်သူကို ငါတို့ဘုရားက ငါတို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလျက် မိမိတို့ဘုရားကို ချီးမွမ်းကြ၏။ သူတို့သည် ပျော်မြူးကြလျက် “ရှံဆုန်ကို ခေါ်ထုတ်၍ ငါတို့အား ဖျော်ဖြေပြစေပါ”ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့သည် ရှံဆုန်ကို အကျဉ်းထောင်မှခေါ်ထုတ်လာ၍ တိုင်များကြားတွင်ထားကာ သူတို့ကို ဖျော်ဖြေပြစေ၏။ ရှံဆုန်သည် သူ့လက်ကို ဆွဲလာပေးသောလူငယ်အား “ဤဝတ်ကျောင်း၏တိုင်မကြီးများကို မှီနိုင်ရန် ငါ့လက်နှင့် ကိုင်ကြည့်ပါရစေ”ဟု ဆို၏။ ထိုဝတ်ကျောင်းထဲတွင် ယောက်ျား၊ မိန်းမများနှင့် ပြည့်လျှံလျက် ရှိ၏။ ဖိလိတ္တိမင်းတို့အပါအဝင် ခေါင်မိုးပြင်ပေါ်တွင် ယောက်ျားမိန်းမသုံးထောင်တို့သည် ရှံဆုန်ဖျော်ဖြေနေသည်ကို ကြည့်ရှုကြ၏။ ရှံဆုန်ကလည်း ထာဝရဘုရားထံ “အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်ကို ဤတစ်ကြိမ်သာ ခွန်အားပေးတော်မူပါ။ အကျွန်ုပ်မျက်စိနှစ်ဖက်ကိုဖောက်ထုတ်ပစ်သော ဤဖိလိတ္တိလူမျိုးကို တစ်ခါတည်း အပြီးလက်တုံ့ပြန်ခွင့်ပြုတော်မူပါ ဘုရားသခင်”ဟု ဆုတောင်း၏။ ထို့နောက် ရှံဆုန်သည် ဝတ်ကျောင်း၏အလယ်တိုင်မကြီးနှစ်တိုင်ကို လှမ်းကိုင်ပြီး လက်ဝဲလက်ဖြင့်တစ်တိုင်၊ လက်ယာလက်ဖြင့်တစ်တိုင် ထောက်ထားလျက် “အကျွန်ုပ်အား ဖိလိတ္တိလူမျိုးတို့နှင့်အတူ သေခွင့်ပြုတော်မူပါ”ဟု ဆိုလျက် အားကုန်တွန်းချလိုက်ရာ ဝတ်ကျောင်းကြီးသည် ဖိလိတ္တိမင်းတို့အပါအဝင် လူအားလုံးတို့အပေါ် ပြိုကျလေ၏။ ဤသို့ဖြင့် ရှံဆုန်သည် သေခါနီးလူသတ်ခဲ့သည်မှာ ရှေ့ပိုင်းအသက်ရှင်စဉ်တွင်လူသတ်ခဲ့သည်ထက် ပို၍များပြားလေ၏။ ရှံဆုန်၏ညီအစ်ကိုများနှင့် ဆွေမျိုးသားချင်းတို့သည် လာ၍အလောင်းကို သယ်သွားပြီးလျှင် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ သူ့ဖခင်မာနော်၏သင်္ချိုင်းတွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ ရှံဆုန်သည် အစ္စရေးလူမျိုးတို့ကို အနှစ်နှစ်ဆယ် စီရင်အုပ်ချုပ်၏။