YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 16:1-31

တရားသူကြီးမှတ်စာ 16:1-31 MSBU

ရှံဆုန်​သည် ဂါဇ​မြို့​သို့​သွား​ရာ ထို​မြို့​တွင် ပြည့်တန်ဆာမ​တစ်ဦး​နှင့်​တွေ့​၍ သူ့​ထံ​ဝင်​လေ​၏​။ “​ဤ​မြို့​သို့ ရှံဆုန်​ရောက်လာ​ပြီ​”​ဟူသော​သတင်း​ကို ဂါဇ​မြို့သား​တို့ ကြားသိ​သောအခါ ထို​နေရာ​ကို​ဝိုင်းထား​၍ မြို့​တံခါး​၌ တစ်ညလုံး​ချောင်းမြောင်း​နေ​ကြ​၏​။ သူ​တို့​က “​နံနက်​မိုးလင်း​လျှင် သူ့​ကို ငါ​တို့​သတ်​မည်​”​ဟု ဆို​လျက် တစ်ညလုံး တိတ်ဆိတ်​စွာ​နေ​ကြ​၏​။ သို့သော် ရှံဆုန်​သည် ညသန်းခေါင်​တိုင် အိပ်​ပြီးမှ သန်းခေါင်ချိန်​တွင်​ထ​ပြီး မြို့​တံခါးရွက်​နှင့်တကွ တံခါးတိုင်​နှစ်​တိုင်​ကို ဆုပ်ကိုင်​ပြီး ကန့်လန့်ကျင်​ပါ​လျက် ဆွဲနုတ်​ပစ်​လေ​၏​။ ထို့နောက် ပခုံး​ပေါ်​တင်​၍ ဟေဗြုန်​မြို့​အရှေ့ဘက်​ရှိ တောင်​ထိပ်​ပေါ်သို့ ထမ်းသွား​လေ​၏​။ ထို့နောက်မှ ရှံဆုန်​သည် စောရက်​ချိုင့်ဝှမ်းဒေသ​ရှိ ဒေလိလ​အမည်​ရှိ​သော​အမျိုးသမီး​တစ်ဦး​နှင့် ချစ်ကြိုက်​ပြန်​၏​။ ထို့ကြောင့် ဖိလိတ္တိ​မင်း​တို့​သည် ဒေလိလ​ထံသို့​လာ​၍ “​ရှံဆုန်​၏​ကြီးမား​သော​ခွန်အား​သည် အဘယ်​က​ဖြစ်ကြောင်း​၊ သူ့​ကို မည်သည့်​နည်း​ဖြင့် ဖမ်းဆီးချုပ်နှောင်​နှိပ်စက်​နိုင်​ကြောင်း​ကို သူ့​အား ချော့မော့​မေးမြန်း​ကြည့်​လော့​။ ငါ​တို့​သည် သင့်​အား ငွေစ တစ်ထောင့်​တစ်ရာ​စီ ပေး​မည်​”​ဟု ဆို​ကြ​၏​။ ဒေလိလ​က​လည်း ရှံဆုန်​အား “​သင်​၏​ကြီးမား​သော​ခွန်အား​ကား အဘယ်​က​ဖြစ်​သနည်း​။ သင့်​ကို မည်သည့်​နည်း​ဖြင့် ချုပ်နှောင်နှိပ်စက်​နိုင်​မည်နည်း​။ အကျွန်ုပ်​အား ပြောပြ​ပါ​လော့​”​ဟု မေး​လေ​၏​။ ရှံဆုန်​က သူ့​အား “​မ​ခြောက်​သေး​သော​လေးကြိုး​အသစ်​ခုနစ်​ချောင်း​ဖြင့် ငါ့​ကို ချည်နှောင်​လျှင် ငါ့​ခွန်အား​သည် လျော့သွား​၍ သာမန်လူ​ကဲ့သို့ ဖြစ်သွား​မည်​”​ဟု ပြန်ဖြေ​၏​။ ထိုအခါ ဖိလိတ္တိ​မင်း​တို့​သည် မ​ခြောက်​သေး​သော​လေးကြိုး​အသစ်​ခုနစ်​ချောင်း​ကို ဒေလိလ​အား ယူလာ​ပေး​ရာ ဒေလိလ​က​လည်း ထို​ကြိုး​တို့​ဖြင့် ရှံဆုန်​ကို ချည်နှောင်​လေ​၏​။ လူ​အချို့​သည် ဒေလိလ​၏​အတွင်းခန်း​ထဲ၌ စောင့်ကြည့်​ချောင်းမြောင်း​နေ​ကြ​၏​။ ဒေလိလ​က​လည်း “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​သော် ရှံဆုန်​က လေးကြိုး​တို့​ကို​ဖြတ်လိုက်​ရာ ထို​ကြိုး​တို့​သည် မီး​ထိ​သကဲ့သို့ တစ်စစီ​ပြတ်​ကုန်​၏​။ ထို့ကြောင့် သူ့​ခွန်အား​သည် အဘယ်က​ဖြစ်​သည်​ကို မ​သိ​ရ​။ ထိုအခါ ဒေလိလ​က ရှံဆုန်​အား “​သင်​သည် အကျွန်ုပ်​ကို လိမ်လည်​လှည့်စား​ပြီ​။ သင့်​ကို မည်သို့​ချည်နှောင်​နိုင်​မည်​ကို ယခု ပြောပြ​ပါ​”​ဟု မေးပြန်​၏​။ သူ​က​လည်း “​တစ်ခါ​မျှ အသုံး​မ​ပြု​ရ​သေး​သော​ကြိုး​အသစ်​ဖြင့် ငါ့​ကို အခိုင်အမာ​ချည်နှောင်​ထား​လျှင် ငါ့​ခွန်အား​သည် လျော့သွား​၍ သာမန်လူ​ကဲ့သို့ ဖြစ်​သွား​မည်​”​ဟု ဆို​၏​။ ဒေလိလ​က​လည်း ကြိုး​အသစ်​ကို​ယူ​၍ ရှံဆုန်​အား ချည်နှောင်​ပြီးလျှင် “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​ပြန်​၏​။ သူ့​အခန်း​ထဲတွင် လူ​အချို့​ချောင်းမြောင်း​စောင့်ကြည့်​နေ​ကြ​၏​။ ရှံဆုန်​သည် လက်မောင်း​၌​ချည်​ထား​သော​ကြိုး​တို့​ကို အပ်ချည်မျှင်​ကဲ့သို့ ဖြတ်ပစ်​လိုက်​လေ​၏​။ ဒေလိလ​က​လည်း ရှံဆုန်​အား “​သင်​သည် ယခုချိန်​ထိ အကျွန်ုပ်​ကို လိမ်လည်​လှည့်စား​သေး​၏​။ သင့်​ကို မည်သို့ ချည်နှောင်​နိုင်​မည်​ကို ယခု ပြောပြ​ပါ​လော့​”​ဟု ဆို​ပြန်​ရာ ရှံဆုန်​က သူ့​အား “​ငါ့​ဆံပင်​အစု​ခုနစ်​စု​ကို ရက်ကန်း​ထဲသို့ တိုင်ချည်​အဖြစ်​ရက်သွင်း​လျှင် ငါ့​ခွန်အား​သည် လျော့သွား​၍ သာမန်​လူ​ကဲ့သို့ ဖြစ်​မည်​”​ဟု ပြန်ပြော​၏​။ ဒေလိလ​လည်း ရှံဆုန်​၏​ဆံပင်​ကို ရက်သွင်း​ပြီး ရက်ကန်း​ကို​ငုတ်တိုင်​၌​ချည်​ထား​ပြီးလျှင် “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​လျှင် ရှံဆုန်​သည် အိပ်ပျော်​ရာ​မှ နိုး​လာ​ပြီး ငုတ်တိုင်​နှင့်တကွ ရက်ကန်း​တစ်ခုလုံး​ကို​ပါ ဆွဲနုတ်​ပစ်​လေ​၏​။ ဒေလိလ​က​လည်း “​သင်​သည် စိတ်​မ​ပါ​ဘဲ အကျွန်ုပ်​ကို ချစ်​သည်​ဟု အဘယ်ကြောင့် ပြော​ရ​သနည်း​။ အကျွန်ုပ်​ကို သုံး​ကြိမ်​တိုင်တိုင်​လှည့်စား​ပြီ​။ သင်​၏​ကြီးမား​သော​ခွန်အား​သည် အဘယ်က​ဖြစ်​သည်​ကို အကျွန်ုပ်​အား ယခု​အထိ​မ​ပြော​သေး​”​ဟု ဆို​လေ​၏​။ ဒေလိလ​သည် ရှံဆုန်​အား စကားလုံး​များ​ဖြင့် နေ့​ရှိ​သရွေ့​ပူဆာ​ဖိအား​ပေး​လွန်း​သဖြင့် ရှံဆုန်​လည်း သေချင်လောက်အောင်​စိတ်ပျက်​လာ​၏​။ ထို့ကြောင့် ရှံဆုန်​က “​ငါ​သည် အမိ​ဝမ်း​ထဲမှ​စ၍ ဘုရားသခင်​အဖို့ နာဇရိလူ ဖြစ်​၏​။ ငါ့​ဆံပင်​ကို သင်တုန်းဓား​နှင့် မ​ရိတ်​ရ​။ ငါ့​ဆံပင်​ကို ရိတ်​ပစ်​လျှင် ငါ့​ခွန်အား​ယုတ်လျော့​၍ သာမန်​လူ​ကဲ့သို့ ဖြစ်သွား​မည်​”​ဟု စိတ်​ထဲ​ရှိ​သည့်​အတိုင်း ပြောပြ​လေ​၏​။ ရှံဆုန်​က စိတ်​ထဲ​ရှိ​သည့်​အတိုင်း အမှန်​ကို​ပြောပြ​ကြောင်း ဒေလိလ သိ​လျှင် လူ​ကို​စေလွှတ်​၍ ဖိလိတ္တိ​မင်း​တို့​ကို ခေါ်​စေ​ကာ “​နောက်တစ်ခေါက် လာ​ခဲ့​ကြ​ပါ​ဦး​။ ရှံဆုန်​က သူ့​စိတ်​ထဲ​ရှိ​သည့်​အတိုင်း အမှန်​ကို အကျွန်ုပ်​အား ပြောပြ​ပြီ​”​ဟု မှာလိုက်​သဖြင့် ဖိလိတ္တိ​မင်း​တို့​သည်​လည်း ငွေစ​ပါ​လျက် ဒေလိလ​ထံသို့ လာ​ကြ​ပြန်​၏​။ ဒေလိလ​သည် ရှံဆုန်​ကို ပေါင်​ပေါ်တွင်​အိပ်​စေ​၍ လူ​တစ်​ယောက်​ကို​ခေါ်​ပြီး သူ့​ဆံပင်​ခုနစ်​စု​ကို ရိတ်​စေ​၏​။ ရှံဆုန်​၏​ခွန်အား​များ လျော့သွား​သောအခါ သူ့​ကို စတင်​နှိပ်စက်​လေ​၏​။ ဒေလိလ​က “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​သော် ရှံဆုန်​သည် အိပ်ရာ​မှ​ထ​ပြီး “​ယခင်က​ကဲ့သို့ ရုန်း​ထွက်​မည်​”​ဟု တွေး​၏​။ ထာဝရဘုရား သူ့​ကို စွန့်ခွာ​သွား​သည်​ကို သူ​မ​သိ​။ ဖိလိတ္တိ​လူမျိုး​တို့​က​လည်း သူ့​ကို​ဖမ်းချုပ်​ပြီး မျက်စိ​နှစ်​ဖက်​ကို ဖောက်ထုတ်​ပစ်​၏​။ ထို့နောက် သူ့​ကို ကြေးနီ​ကြိုး​ဖြင့် ချည်နှောင်​ထား​၍ ဂါဇ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။ ထို့နောက် သူ့​ကို​အကျဉ်းချ​ထား​၍ ကြိတ်ဆုံကြိတ်​ရ​သည့်​အလုပ်​ကို လုပ်​စေ​၏​။ ရှံဆုန်​သည် ဆံပင်ရိတ်​ခံရ​ပြီးနောက် သူ့​ဦးခေါင်း​မှ ဆံပင်​များ ပြန်​ပေါက်လာ​၏​။ ဖိလိတ္တိ​မင်း​တို့​က “​ငါ​တို့​၏​ဘုရား​သည် ငါ​တို့​၏​ရန်သူ​ရှံဆုန်​ကို ငါ​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​လျက် ဒါဂုန်​ဘုရား​အား ယဇ်​ပူဇော်​သော​ပွဲ​ကြီး​ကို တပျော်တပါး​ကျင်းပ​ရန် စုဝေး​လာ​ကြ​၏​။ လူ​တို့​သည် ရှံဆုန်​ကို ကြည့်​၍ “​ငါ​တို့​လူမျိုး​အမြောက်အမြား​ကို သတ်​ပြီး ငါ​တို့​ပြည်​ကို ဖျက်ဆီး​သော​ငါ​တို့​၏​ရန်သူ​ကို ငါ​တို့​ဘုရား​က ငါ​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​လျက် မိမိ​တို့​ဘုရား​ကို ချီးမွမ်း​ကြ​၏​။ သူ​တို့​သည် ပျော်မြူး​ကြ​လျက် “​ရှံဆုန်​ကို ခေါ်ထုတ်​၍ ငါ​တို့​အား ဖျော်ဖြေ​ပြ​စေ​ပါ​”​ဟု ဆို​ကြ​၏​။ ဤသို့ဖြင့် သူ​တို့​သည် ရှံဆုန်​ကို အကျဉ်းထောင်​မှ​ခေါ်ထုတ်​လာ​၍ တိုင်​များ​ကြားတွင်​ထား​ကာ သူ​တို့​ကို ဖျော်ဖြေ​ပြ​စေ​၏​။ ရှံဆုန်​သည် သူ့​လက်​ကို ဆွဲလာ​ပေး​သော​လူငယ်​အား “​ဤ​ဝတ်ကျောင်း​၏​တိုင်မကြီး​များ​ကို မှီ​နိုင်​ရန် ငါ့​လက်​နှင့် ကိုင်ကြည့်​ပါရစေ​”​ဟု ဆို​၏​။ ထို​ဝတ်ကျောင်း​ထဲတွင် ယောက်ျား​၊ မိန်းမ​များ​နှင့် ပြည့်လျှံ​လျက် ရှိ​၏​။ ဖိလိတ္တိ​မင်း​တို့​အပါအဝင် ခေါင်မိုးပြင်​ပေါ်တွင် ယောက်ျား​မိန်းမ​သုံး​ထောင်​တို့​သည် ရှံဆုန်​ဖျော်ဖြေ​နေ​သည်​ကို ကြည့်ရှု​ကြ​၏​။ ရှံဆုန်​က​လည်း ထာဝရဘုရား​ထံ “​အို အကျွန်ုပ်​၏​ဘုရားရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​ကို အောက်မေ့​တော်မူ​ပါ​။ အကျွန်ုပ်​ကို ဤ​တစ်ကြိမ်​သာ ခွန်အား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​မျက်စိ​နှစ်​ဖက်​ကို​ဖောက်ထုတ်​ပစ်​သော ဤ​ဖိလိတ္တိ​လူမျိုး​ကို တစ်ခါတည်း အပြီး​လက်တုံ့ပြန်​ခွင့်​ပြု​တော်မူ​ပါ ဘုရားသခင်​”​ဟု ဆုတောင်း​၏​။ ထို့နောက် ရှံဆုန်​သည် ဝတ်ကျောင်း​၏​အလယ်​တိုင်မကြီး​နှစ်​တိုင်​ကို လှမ်းကိုင်​ပြီး လက်ဝဲ​လက်​ဖြင့်​တစ်​တိုင်​၊ လက်ယာ​လက်​ဖြင့်​တစ်​တိုင် ထောက်ထား​လျက် “​အကျွန်ုပ်​အား ဖိလိတ္တိ​လူမျိုး​တို့​နှင့်အတူ သေ​ခွင့်​ပြု​တော်မူ​ပါ​”​ဟု ဆို​လျက် အားကုန်​တွန်းချ​လိုက်​ရာ ဝတ်ကျောင်းကြီး​သည် ဖိလိတ္တိ​မင်း​တို့​အပါအဝင် လူ​အားလုံး​တို့​အပေါ် ပြိုကျ​လေ​၏​။ ဤသို့ဖြင့် ရှံဆုန်​သည် သေခါနီး​လူသတ်​ခဲ့​သည်​မှာ ရှေ့​ပိုင်း​အသက်ရှင်​စဉ်တွင်​လူသတ်​ခဲ့​သည်​ထက် ပို၍​များပြား​လေ​၏​။ ရှံဆုန်​၏​ညီအစ်ကို​များ​နှင့် ဆွေမျိုးသားချင်း​တို့​သည် လာ​၍​အလောင်း​ကို သယ်သွား​ပြီးလျှင် ဇောရာ​မြို့​နှင့် ဧရှတောလ​မြို့​ကြား​ရှိ သူ့​ဖခင်​မာနော်​၏​သင်္ချိုင်း​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ ရှံဆုန်​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​နှစ်ဆယ် စီရင်အုပ်ချုပ်​၏​။