ဟေရှာယ 65:17-25
ဟေရှာယ 65:17-25 Judson Bible (JBMLE)
ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလတ္တံ့သောအရာကြောင့်၊ သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏။ ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တစ်ဖန် မကြားရ။ ထိုမြို့၌ အသက်ငယ်သောသူငယ် မရှိရ။ အသက်မပြည့်စုံသော လူအိုလည်း မရှိရ။ အသက်တစ်ရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တစ်ရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကိုခံရသောသူဟူ၍ မှတ်ရ၏။ ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူ စားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။ ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့မခေါ်မီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။ တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော်မူ၏။
ဟေရှာယ 65:17-25 Common Language Bible (BCL)
ထာဝရဘုရားက``ငါသည်ကမ္ဘာမြေကြီး သစ်နှင့်မိုးကောင်းကင်သစ်ကိုဖန်ဆင်းမည်။ အတိတ်ကအဖြစ်အပျက်များသည်လုံးဝ မေ့ပျောက်၍သွားလိမ့်မည်။- ငါဖန်ဆင်းတော်မူသည့်အမှု၌ထာဝစဉ် အားရဝမ်းမြောက်ကြလော့။ ငါဖန်ဆင်းတော် မူသည့်ယေရုရှလင်မြို့သစ်သည်နှစ်ထောင်း အားရဖွယ်ကောင်း၍၊ ထိုမြို့မှလူတို့သည် လည်းဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။- ငါကိုယ်တိုင်ပင်လျှင်ယေရုရှလင်မြို့အတွက် ကြောင့်လည်းကောင်း၊ ထိုမြို့ရှိမြို့သူမြို့သား တို့၏အတွက်ကြောင့်လည်းကောင်းဝမ်းမြောက် ရွှင်လန်းရလိမ့်မည်။ ထိုမြို့တွင်ငိုကြွေးမှုနှင့် ကူပါကယ်ပါဟုဆိုသောသူများရှိလိမ့် မည်မဟုတ်။- နို့စို့သူငယ်တို့သည်လည်းအရွယ်မရောက်မီ သေကြရတော့မည်မဟုတ်။ လူတိုင်းပင်သက် တမ်းစေ့နေရကြလိမ့်မည်။ အသက်တစ်ရာနေရ သူတို့ကိုပင်ငယ်ရွယ်သူများဟုထင်မှတ်ရ ကြလိမ့်မည်။ အသက်တစ်ရာမတိုင်မီသေဆုံး သူတို့ကိုမူကား ငါ၏အပြစ်ဒဏ်ခံရသည့် လက္ခဏာဟုမှတ်ယူကြလိမ့်မည်။- လူတို့သည်အိမ်များကိုတည်ဆောက်၍မိမိ တို့ကိုယ်တိုင်နေထိုင်ရကြလိမ့်မည်။ ထိုအိမ် များတွင်မဆိုင်သူများနေရမည်မဟုတ် ပေ။ လူတို့သည်စပျစ်ဥယျာဉ်များကိုစိုက် ပျိုး၍စပျစ်သီးများကိုစားရကြလိမ့် မည်။- စပျစ်ရည်ကိုလည်းအခြားသူများသောက် ရကြမည်မဟုတ်။ သစ်ပင်များသဖွယ်ငါ ၏လူမျိုးတော်သည်အသက်ရှည်ကြလိမ့် မည်။ သူတို့သည်မိမိတို့လုပ်အား၏အကျိုး ကျေးဇူးကိုအပြည့်အဝခံစားရကြ လိမ့်မည်။- သူတို့ဆောင်ရွက်သည့်အလုပ်သည်အောင်မြင် ၍သူတို့၏သားသမီးများသည်ဘေးအန္တ ရာယ်ရောက်ရကြလိမ့်မည်မဟုတ်။ ငါသည် သူတို့နှင့်သူတို့သားမြေးများအားလာ လတ္တံ့ကာလအစဉ်အဆက်ကောင်းချီးပေး မည်။- သူတို့ပြုသည့်ဆုတောင်းပတ္ထနာမပြီးမဆုံး မီ၌ပင်လျှင် ငါသည်သူတို့၏ပန်ကြားချက် ကိုနားညောင်းမည်။- ဝံပုလွေနှင့်သိုးတို့သည်အတူအစာစား လျက် ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက် ကိုစားကြလိမ့်မည်။ မြွေများသည်မြေမှုန့်ကို သာစားကြလိမ့်မည်။ ငါ၏သန့်ရှင်းမြင့်မြတ် သည့်ဇိအုန်တောင်တော်ပေါ်တွင် ဘေးအန္တရာယ် ဖြစ်စေတတ်သည့်အရာနှင့်ဆိုးညစ်သည့် အရာရှိရလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
ဟေရှာယ 65:17-25 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကြည့်ရှုလော့။ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အတိတ်မှအဖြစ်အပျက်တို့ကို မှတ်မိတော့မည်မဟုတ်။ စိတ်ထဲဝင်လာတော့မည်မဟုတ်။ ကြည့်ရှုလော့။ ဂျေရုဆလင်မြို့ကို ပျော်ရွှင်ဖွယ်ရာမြို့အဖြစ်၊ မြို့သားတို့ကို ဝမ်းမြောက်သောသူများအဖြစ် ငါဖန်ဆင်းသည်ဖြစ်၍ ငါဖန်ဆင်းသောအရာ၌ အစဉ်ထာဝရဝမ်းမြောက်ရွှင်လန်းကြလော့။ ငါသည်လည်း ဂျေရုဆလင်မြို့ကြောင့် ရွှင်လန်းမည်။ ငါ၏လူတို့ကြောင့် ဝမ်းမြောက်မည်။ ထိုမြို့၌ ငိုကြွေးသံ၊ အော်ဟစ်သံကို ကြားရတော့မည်မဟုတ်။ ထိုအရပ်၌ ရက်အနည်းငယ်သာအသက်ရှင်ပြီးသေသွားသော နို့စို့ကလေး၊ သက်တမ်းစေ့မနေရသော လူကြီး ဟူ၍ရှိတော့မည်မဟုတ်။ အသက်တစ်ရာအရွယ်၌ကွယ်လွန်သောသူကို လူငယ်ဟုသာမှတ်ရမည်။ အသက်တစ်ရာမနေရသောသူသည် ကျိန်ခြင်းခံရသောသူဖြစ်၏။ သူတို့သည် အိမ်ကိုဆောက်ပြီး နေထိုင်ကြမည်။ စပျစ်ခြံကိုလည်းစိုက်ပြီး အသီးကိုစားကြမည်။ သူတို့ဆောက်သောအိမ်၌ အခြားသူ နေရမည်မဟုတ်။ သူတို့စိုက်သောစပျစ်သီးကိုလည်း အခြားသူစားရမည်မဟုတ်။ ငါ့လူတို့၏သက်တမ်းသည် သစ်ပင်၏သက်တမ်းတမျှ ရှည်မည်။ ငါရွေးချယ်သောသူတို့သည် သူတို့လက်ဖြင့်လုပ်ဆောင်သောအရာကို ရေရှည်အကျိုးခံစားရမည်။ သူတို့၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးဖြစ်မည်မဟုတ်။ သူတို့မွေးဖွားသောသားသမီးများ ဒုက္ခရောက်မည်မဟုတ်။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ကောင်းချီးမင်္ဂလာကိုခံစားရသောအမျိုးအနွယ် ဖြစ်လိမ့်မည်။ သူတို့နှင့်အတူ သူတို့သားမြေးတို့လည်း ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။ သူတို့မခေါ်မီ ငါထူးမည်။ သူတို့တောင်းလျှောက်နေစဉ် ငါနားထောင်မည်။ ဝံပုလွေနှင့်သိုးကလေးတို့ အတူအစာစားကြမည်။ ခြင်္သေ့သည် နွားကဲ့သို့ ကောက်ရိုးကိုစားမည်။ မြွေသည် မြေမှုန့်ကိုစားမည်။ ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်”ဟု မိန့်တော်မူ၏။