YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 65:17-25

ဟေရှာယအနာဂတ္တိကျမ်း 65:17-25 MSBU

ကြည့်ရှု​လော့​။ ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​ဖန်ဆင်း​မည်​။ အတိတ်မှ​အဖြစ်အပျက်​တို့​ကို မှတ်မိ​တော့​မည်​မ​ဟုတ်​။ စိတ်​ထဲ​ဝင်လာ​တော့​မည်​မ​ဟုတ်​။ ကြည့်ရှု​လော့​။ ဂျေရုဆလင်​မြို့​ကို ပျော်ရွှင်ဖွယ်​ရာ​မြို့​အဖြစ်​၊ မြို့သား​တို့​ကို ဝမ်းမြောက်​သော​သူ​များ​အဖြစ် ငါ​ဖန်ဆင်း​သည်​ဖြစ်၍ ငါ​ဖန်ဆင်း​သော​အရာ​၌ အစဉ်ထာဝရ​ဝမ်းမြောက်​ရွှင်လန်း​ကြ​လော့​။ ငါ​သည်​လည်း ဂျေရုဆလင်​မြို့​ကြောင့် ရွှင်လန်း​မည်​။ ငါ​၏​လူ​တို့​ကြောင့် ဝမ်းမြောက်​မည်​။ ထို​မြို့​၌ ငိုကြွေးသံ​၊ အော်ဟစ်သံ​ကို ကြား​ရ​တော့​မည်​မ​ဟုတ်​။ ထို​အရပ်​၌ ရက်​အနည်းငယ်​သာ​အသက်ရှင်​ပြီး​သေ​သွား​သော နို့စို့ကလေး​၊ သက်တမ်းစေ့​မ​နေ​ရ​သော လူကြီး ဟူ၍​ရှိ​တော့​မည်​မ​ဟုတ်​။ အသက်​တစ်ရာ​အရွယ်​၌​ကွယ်လွန်​သော​သူ​ကို လူငယ်​ဟု​သာ​မှတ်​ရ​မည်​။ အသက်​တစ်ရာ​မ​နေ​ရ​သော​သူ​သည် ကျိန်​ခြင်း​ခံရ​သော​သူ​ဖြစ်​၏​။ သူ​တို့​သည် အိမ်​ကို​ဆောက်​ပြီး နေထိုင်​ကြ​မည်​။ စပျစ်ခြံ​ကို​လည်း​စိုက်​ပြီး အသီး​ကို​စား​ကြ​မည်​။ သူ​တို့​ဆောက်​သော​အိမ်​၌ အခြားသူ နေ​ရ​မည်​မ​ဟုတ်​။ သူ​တို့​စိုက်​သော​စပျစ်သီး​ကို​လည်း အခြားသူ​စား​ရ​မည်​မ​ဟုတ်​။ ငါ့​လူ​တို့​၏​သက်တမ်း​သည် သစ်ပင်​၏​သက်တမ်း​တမျှ ရှည်​မည်​။ ငါ​ရွေးချယ်​သော​သူ​တို့​သည် သူ​တို့​လက်​ဖြင့်​လုပ်ဆောင်​သော​အရာ​ကို ရေရှည်အကျိုး​ခံစား​ရ​မည်​။ သူ​တို့​၏​ကြိုးစားအားထုတ်​မှု​သည် အချည်းနှီး​ဖြစ်​မည်​မ​ဟုတ်​။ သူ​တို့​မွေးဖွား​သော​သားသမီး​များ ဒုက္ခရောက်​မည်​မ​ဟုတ်​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​ကို​ခံစား​ရ​သော​အမျိုးအနွယ် ဖြစ်​လိမ့်မည်​။ သူ​တို့​နှင့်အတူ သူ​တို့​သားမြေး​တို့​လည်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​လိမ့်မည်​။ သူ​တို့​မ​ခေါ်​မီ ငါ​ထူး​မည်​။ သူ​တို့​တောင်းလျှောက်​နေစဉ် ငါ​နားထောင်​မည်​။ ဝံပုလွေ​နှင့်​သိုးကလေး​တို့ အတူ​အစာ​စား​ကြ​မည်​။ ခြင်္သေ့​သည် နွား​ကဲ့သို့ ကောက်ရိုး​ကို​စား​မည်​။ မြွေ​သည် မြေမှုန့်​ကို​စား​မည်​။ ငါ​၏​သန့်ရှင်း​သော​တောင်​တစ်တောင်လုံး​ကို ထိခိုက်​ဖျက်ဆီး​ကြ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။