ဟေရှာယ 55:1-13
ဟေရှာယ 55:1-13 Judson Bible (JBMLE)
အို ရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍ စားသောက်ကြလော့။ ငွေမပါဘဲ၊ အဖိုးကိုမပေးဘဲလာ၍ စပျစ်ရည်နှင့် နို့ကို ဝယ်ကြလော့။ အစာမဟုတ်သောအရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သော အရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။ နူးညွတ်သောနားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရပဋိညာဉ်ပြု၍၊ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့အားပေးမည်။ ကြည့်ရှုလော့။ ထိုသူကို ဥပဇ္ဈာယ်ဆရာ ဖြစ်စေခြင်းငှာလည်းကောင်း၊ စီရင်အုပ်စိုးသော အရှင်ဖြစ်စေခြင်းငှာလည်းကောင်း၊ လူမျိုးတို့အား ငါပေးပြီ။ ကြည့်ရှုလော့။ သင်သည် မသိဖူးသောလူမျိုးကို ခေါ်လိမ့်မည်။ သင့်ကို မသိဖူးသော လူမျိုးတို့သည်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကြောင့်၊ သင့်ထံသို့ ပြေးလာကြလိမ့်မည်။ ထိုဘုရားသည် သင်၏ဘုန်းကို ပွင့်စေတော်မူ၏။ တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်းပတ္ထနာ ပြုကြလော့။ ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍၊ ထာဝရဘုရား ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ ဘုရားသခင့် ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။ မိုးရေနှင့် မိုးပွင့်တို့သည် မိုးကောင်းကင်မှ ဆင်းသက်၍ နောက်တစ်ဖန် မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာစားသောသူအား အစာကိုလည်းကောင်းပေးမည်အကြောင်း၊ မြေကိုစိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊ ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။ သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ထွက်၍၊ ချမ်းသာစွာပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီး တောင်ငယ်တို့သည် သင်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေးကြော်၍၊ တော၌ရှိသမျှသော အပင်တို့သည် လက်ခုပ်တီးကြလိမ့်မည်။ အမျိုးမျိုးသော ဆူးပင်အရာ၌ ထင်းရှူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။ ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဖို့ရာ၊ မပျောက်မပျက်ရသော ထာဝရသက်သေဖြစ်ရလိမ့်မည်။
ဟေရှာယ 55:1-13 Common Language Bible (BCL)
ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။ နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။ အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။ အစာအာဟာရမဖြစ်သည့်အရာအတွက် အဘယ်ကြောင့်ငွေအကုန်အကျခံကြပါ မည်နည်း။ သင်၏လုပ်အားခများကိုအကုန်ခံကာ အဘယ်ကြောင့်မွတ်သိပ်လျက်နေကြပါ မည်နည်း။ ငါ့စကားကိုနားထောင်လျက်၊ငါပြောသည့်အတိုင်း ပြုလုပ်ကြပါမူ သင်တို့သည်အမွန်မြတ်ဆုံးသောအစားအစာ များကို စားသောက်ရကြလိမ့်မည်။ ``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုနားထောင်၍ ငါ့ထံသို့လာကြလော့။ ဤသို့ပြုလျှင်သင်တို့သည်အသက်ရှင်ခွင့် ရရှိကြလိမ့်မည်။ ငါသည်သင်တို့နှင့်ထာဝရပဋိညာဉ်ပြုပြီးလျှင်၊ ဒါဝိဒ်အားကတိထားခဲ့သည့်ကောင်းချီး မင်္ဂလာများကိုသင်တို့အားချပေးမည်။ ငါသည်သူ့ကိုလူမျိုးတကာတို့၏ခေါင်းဆောင် ဗိုလ်ချုပ်အဖြစ်ခန့်ထားစေပြီးလျှင်၊ ငါ၏ တန်ခိုးတော် ကိုလူတို့ရှေ့၌သက်သေဖြစ်စေမည်။ ယခုတွင်နိုင်ငံခြားအမျိုးသားတို့ကိုသင်သည်ဆင့်ခေါ်မည်။ အခါတစ်ပါးကသူတို့သည်သင်တို့ကို မသိကြသော်လည်း၊ ယခုအခါ၌မူသင်တို့ထံသို့ပြေး၍ ဝင်လာကြလိမ့်မည်။ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့် ဘုရားဖြစ်တော်မူသောသင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ဤအမှုအရာအပေါင်းကို ဖြစ်ပျက်စေတော်မူလိမ့်မည်။ ငါသည်သင်တို့အားဂုဏ်အသရေနှင့် ဘုန်းအသရေကိုပေးတော်မူမည်။'' ထာဝရဘုရားသည်ယခုသင်တို့အနီးတွင် ရှိတော်မူပြီဖြစ်၍၊ အထံတော်သို့လှည့်၍ဆုတောင်းပတ္ထနာပြု ကြလော့။ သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။ ထာဝရဘုရားက၊ ``ငါ၏အကြံအစည်တော်များသည်သင်တို့ အကြံအစည်များနှင့်မတူ။ ငါ၏နည်းနာများသည်လည်းသင်တို့ နည်းနာများနှင့်ခြားနား၏။ မိုးကောင်းကင်သည်ကမ္ဘာမြေကြီးထက် မြင့်မားသကဲ့သို့၊ ငါ၏အကြံအစည်တော်များသည်သင်တို့၏ အကြံအစည်များထက်မြင့်မားသတည်း။ ``ငါ၏နှုတ်ကပတ်တော်သည်ကမ္ဘာမြေကြီးကို ရေပေးရန်သက်ရောက်လာသည့် မိုးနှင့်မိုးပွင့်များကဲ့သို့ဖြစ်၏။ ထိုအရာတို့သည်ကောက်ပဲသီးနှံပင်များကို ပေါက်စေတတ်၏။ စိုက်ပျိုးရန်မျိုးစေ့များနှင့်စားသုံးရန် အစားအစာများကိုဖြစ်ပွားစေတတ်၏။ ငါမြွက်ဆိုသည့်နှုတ်ကပတ်စကားသည်လည်း ဤနည်းအတိုင်းဖြစ်လိမ့်မည်။ ထိုနှုတ်ကပတ်တော်သည်ငါ၏အကြံအစည် တော်ကို ပြည့်စုံစေလိမ့်မည်။ ငါစေခိုင်းသမျှသောအမှုတို့ကိုပြုလိမ့်မည်။ ``သင်တို့သည်ဗာဗုလုန်ပြည်မှဝမ်းမြောက်စွာ ထွက်ခွာရကြလိမ့်မည်။ မြို့ထဲမှငြိမ်းချမ်းစွာထုတ်ဆောင်ခေါ်ယူခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီးတောင်ငယ်တို့သည်ဟစ်အော်၍ သီချင်းဆိုကြလိမ့်မည်။ သစ်ပင်များသည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။ ယခုဆူးပင်များပေါက်လျက်ရှိရာအရပ်တွင် အာရဇ်ပင်(သစ်ကတိုး) များပေါက်၍လာလိမ့်မည်။ ဆူးခြုံများရှိရာအရပ်တွင်မုရတုပင်များ ပေါက်ရောက်လာလိမ့်မည်။ ဤအမှုအရာသည်၊ငါထာဝရဘုရား၏ လက်ရာတော်ကိုအောက်မေ့သတိရစေရန် ထာဝစဉ်တည်မြဲသည့်အမှတ်လက္ခဏာတစ်ရပ် ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ဟေရှာယ 55:1-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အို ရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့လာကြလော့။ မိမိ၌ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍စားကြလော့။ ငွေမပါဘဲ၊ အဖိုးအခမပေးဘဲ စပျစ်ဝိုင်၊ နို့တို့ကို လာ၍ဝယ်ကြလော့။ အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။ ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။ ငါသည် သူ့ကိုလူမျိုးတကာတို့အတွက်သက်သေ၊ လူမျိုးတကာတို့အတွက် အုပ်ချုပ်သူမင်း၊ တရားမင်းဖြစ်စေမည်။ သင်မသိသောလူမျိုးကို သင်ဆင့်ခေါ်ရမည်။ သင့်ကိုမသိသောလူမျိုးသည် သင်၏ဘုရားသခင်ထာဝရဘုရား၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကြောင့် သင့်ထံသို့ပြေးလာကြမည်။ အကြောင်းမူကား ကိုယ်တော်သည် သင်၏ဘုန်းကို ထင်ရှားစေတော်မူပြီ။ တွေ့နိုင်သည့်ကာလတွင် ထာဝရဘုရားကိုရှာကြလော့။ အနီး၌ရှိတော်မူသည့်ကာလတွင် ကိုယ်တော့်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။ ထာဝရဘုရားက “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏နည်းလမ်းသည်လည်း သင်တို့၏နည်းလမ်းနှင့်မတူ။ မိုးကောင်းကင်သည် ကမ္ဘာမြေကြီးထက်သာ၍မြင့်သကဲ့သို့ ငါ၏နည်းလမ်းသည် သင်တို့၏နည်းလမ်းထက်၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက် သာ၍မြင့်၏။ မိုးရေနှင့်နှင်းပွင့်တို့သည် မိုးကောင်းကင်မှကျလာပြီး မိုးကောင်းကင်သို့ပြန်မတက်ဘဲ မြေကိုစိုစွတ်စေလျက်၊ အပင်ပေါက်စေလျက်၊ သီးပွင့်စေလျက် မျိုးကြဲသောသူအတွက် မျိုးစေ့၊ စားသောသူအတွက် အစားအစာကို ပေးသကဲ့သို့ ငါ့နှုတ်မှထွက်သောစကားသည်လည်း ထိုနည်းတူဖြစ်မည်။ ငါ့ထံသို့အချည်းနှီး ပြန်လာမည်မဟုတ်။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှုကို အောင်မြင်စေမည်။ သင်တို့သည် ဝမ်းမြောက်စွာထွက်ခွာလာ၍ ငြိမ်းချမ်းစွာပို့ဆောင်ခြင်းခံရမည်။ တောင်ကြီး၊ တောင်ငယ်တို့သည် သင်တို့ရှေ့၌ ဝမ်းမြောက်စွာသီချင်းဟစ်ကြော်သီဆိုကြလိမ့်မည်။ တော၌ရှိသောအပင်အားလုံးတို့သည် လက်ခုပ်တီးကြလိမ့်မည်။ ဆူးချုံအစား ထင်းရှူးပင်ပေါက်၍ နှင်းဆီရိုင်းပင်အစား မုရတုပင် ပေါက်လိမ့်မည်။ ဤအမှုသည် ထာဝရဘုရားအတွက်အထိမ်းအမှတ်၊ ဖျက်ဆီး၍မရသော ထာဝရအမှတ်လက္ခဏာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။