အို ရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့လာကြလော့။ မိမိ၌ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍စားကြလော့။ ငွေမပါဘဲ၊ အဖိုးအခမပေးဘဲ စပျစ်ဝိုင်၊ နို့တို့ကို လာ၍ဝယ်ကြလော့။ အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။ ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။ ငါသည် သူ့ကိုလူမျိုးတကာတို့အတွက်သက်သေ၊ လူမျိုးတကာတို့အတွက် အုပ်ချုပ်သူမင်း၊ တရားမင်းဖြစ်စေမည်။ သင်မသိသောလူမျိုးကို သင်ဆင့်ခေါ်ရမည်။ သင့်ကိုမသိသောလူမျိုးသည် သင်၏ဘုရားသခင်ထာဝရဘုရား၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကြောင့် သင့်ထံသို့ပြေးလာကြမည်။ အကြောင်းမူကား ကိုယ်တော်သည် သင်၏ဘုန်းကို ထင်ရှားစေတော်မူပြီ။ တွေ့နိုင်သည့်ကာလတွင် ထာဝရဘုရားကိုရှာကြလော့။ အနီး၌ရှိတော်မူသည့်ကာလတွင် ကိုယ်တော့်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။ ထာဝရဘုရားက “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏နည်းလမ်းသည်လည်း သင်တို့၏နည်းလမ်းနှင့်မတူ။ မိုးကောင်းကင်သည် ကမ္ဘာမြေကြီးထက်သာ၍မြင့်သကဲ့သို့ ငါ၏နည်းလမ်းသည် သင်တို့၏နည်းလမ်းထက်၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက် သာ၍မြင့်၏။ မိုးရေနှင့်နှင်းပွင့်တို့သည် မိုးကောင်းကင်မှကျလာပြီး မိုးကောင်းကင်သို့ပြန်မတက်ဘဲ မြေကိုစိုစွတ်စေလျက်၊ အပင်ပေါက်စေလျက်၊ သီးပွင့်စေလျက် မျိုးကြဲသောသူအတွက် မျိုးစေ့၊ စားသောသူအတွက် အစားအစာကို ပေးသကဲ့သို့ ငါ့နှုတ်မှထွက်သောစကားသည်လည်း ထိုနည်းတူဖြစ်မည်။ ငါ့ထံသို့အချည်းနှီး ပြန်လာမည်မဟုတ်။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှုကို အောင်မြင်စေမည်။ သင်တို့သည် ဝမ်းမြောက်စွာထွက်ခွာလာ၍ ငြိမ်းချမ်းစွာပို့ဆောင်ခြင်းခံရမည်။ တောင်ကြီး၊ တောင်ငယ်တို့သည် သင်တို့ရှေ့၌ ဝမ်းမြောက်စွာသီချင်းဟစ်ကြော်သီဆိုကြလိမ့်မည်။ တော၌ရှိသောအပင်အားလုံးတို့သည် လက်ခုပ်တီးကြလိမ့်မည်။ ဆူးချုံအစား ထင်းရှူးပင်ပေါက်၍ နှင်းဆီရိုင်းပင်အစား မုရတုပင် ပေါက်လိမ့်မည်။ ဤအမှုသည် ထာဝရဘုရားအတွက်အထိမ်းအမှတ်၊ ဖျက်ဆီး၍မရသော ထာဝရအမှတ်လက္ခဏာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဟေရှာယအနာဂတ္တိကျမ်း 55 ကိုဖတ်ပါ။
နားထောင်ပါ။ ဟေရှာယအနာဂတ္တိကျမ်း 55
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယအနာဂတ္တိကျမ်း 55:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ