YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 54:1-17

ဟေရှာယ 54:1-17 Judson Bible (JBMLE)

သား​မ​ဖွား​သော အ​မြုံ​မ၊ ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​သေး​သော မိန်း​မ၊ ကြွေး​ကြော်​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ စွန့်​ထား​သော မိန်း​မ​သည် လင်​ရှိ​သော​မိန်း​မ​ထက် သာ၍​များ​သော​သား​တို့​ကို ဖွား​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ သင်၏​တဲ​ရာ​ကို ကျယ်​စေ​လော့။ သင်၏​နေ​ရာ မျက်​နှာ​ကြက်​ကို ကြက်​ဦး​လော့။ နှ​မြော​သော စိတ်​မ​ရှိ​နှင့်။ ကြိုး​တို့​ကို ရှည်​စေ​ဦး​လော့။ တိုင်​တို့​ကို မြဲ​စွာ​စိုက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​သည် လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်၌ တိုး​ပွား​လိမ့်​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​မွေ​ခံ၍၊ သူ​တို့၏ ဆိတ်​ညံ​သော​မြို့​တို့၌ နေ​ကြ​လိမ့်​မည်။ မ​စိုး​ရိမ်​နှင့်။ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ။ မျက်​နှာ မ​ပျက်​နှင့်။ အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ အ​သက်​ငယ်​စဉ်​အ​ခါ ခံ​ရ​သော ရှက်​ကြောက်​ခြင်း​ကို မေ့​လျော့​လိမ့်​မည်။ မု​ဆိုး​မ​ဖြစ်၍ ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို နောက်​တစ်​ဖန် မ​အောက်​မေ့​ရ။ အ​ကြောင်း​မူ​ကား၊ သင့်​ကို ဖန်​ဆင်း​သော​သူ​သည် သင်၏​လင် ဖြစ်​တော်​မူ၏။ နာ​မ​တော်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း။ သင့်​ကို​ရွေး​နုတ်​သော​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​သော​ဘု​ရား​ဟူ၍ ခေါ်​ရ​ကြ၏။ စွန့်​ပစ်၍ စိတ်​ငြို​ငြင်​သော မိန်း​မ၊ ငယ်​စဉ်​တွင် မ​ယား​ဖြစ်၍၊ နောက်​မှ ငြင်း​ပယ်​သော​မိန်း​မ​ကို တစ်​ဖန်​ခေါ်​သ​ကဲ့​သို့ သင့်​ကို ငါ​ခေါ်​မည်​ဟု သင်၏​ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။ သင့်​ကို ခ​ဏ​သာ​ငါ​စွန့်​သည်​ဖြစ်၍၊ များ​စွာ​သော က​ရု​ဏာ​နှင့် တစ်​ဖန်​သိမ်း​ဆည်း​ဦး​မည်။ ပြင်း​စွာ​သော​အ​မျက်​ထွက်၍ ခ​ဏ​မျှ ငါ​မျက်​နှာ​လွှဲ​သော်​လည်း၊ ထာ​ဝ​ရ​မေ​တ္တာ​နှင့် သင့်​ကို ကယ်​မ​သ​နား​ဦး​မည်​ဟု သင့်​ကို ရွေး​နုတ်​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ နော​ဧ​လက်​ထက်၌ လွှမ်း​မိုး​သော​ရေ​ကို ငါ​သည်​မှတ်၍၊ ထို​ရေ​သည် မြေ​ကြီး​ကို နောက်​တစ်​ဖန် မ​လွှမ်း​မိုး​ရ​ဟု ကျိန်​ဆို​ခြင်း​ကို ပြု​သည်​နည်း​တူ၊ သင့်​ကို အ​မျက်​မ​ထွက်၊ မ​ဆုံး​မ​ဟု ကျိန်​ဆို​ခြင်း​ကို ပြု​ပြီ။ တောင်​ကြီး​တို့​သည်​ရွေ့၍၊ တောင်​ငယ်​တို့​သည် လှုပ်​ရှား​သော်​လည်း၊ ငါ၏​မေ​တ္တာ​သည် သင်​မှ​မ​ရွေ့​ရ။ ငါ၏​ငြိမ်​သက်​ခြင်း ပ​ဋိ​ညာဉ်​လည်း မ​လှုပ်​ရှား​ရ​ဟု သင်၌ သ​နား​ခြင်း​က​ရု​ဏာ​စိတ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ အို ညှဉ်း​ဆဲ​ခြင်း​နှင့် မိုး​သက်​မုန်​တိုင်း​တိုက်​ခြင်း​ကို​ခံ​ရ၍၊ သက်​သာ​မ​ရ​နိုင်​သော​သူ၊ သင်၏​တိုက်​ကို ဟ​င်္သာ​ပ​ဒါး​သ​ရွတ်​နှင့် ငါ​စေ့​စပ်​မည်။ တိုက်​မြစ်​ကို နီ​လာ​ဖြင့်​လည်း​ကောင်း၊ ပြ​အိုး​တို့​ကို ကျောက်​နီ​ဖြင့်​လည်း​ကောင်း၊ တံ​ခါး​တို့​ကို ပ​တ္တ​မြား​ဖြင့်​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်​တန်​ဆာ​များ​ကို ကျောက်​မြတ် အ​မျိုး​မျိုး​ဖြင့်​လည်း​ကောင်း ငါ​ပြီး​စေ​မည်။ သင်၏​သား​သ​မီး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်၍၊ များ​စွာ​သော စည်း​စိမ်​ချမ်း​သာ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။ သင်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့် တည်​လိမ့်​မည်။ ညှဉ်း​ဆဲ​ခြင်း​နှင့် ဝေး​သည်​ဖြစ်၍ မ​ကြောက်​ရ။ ထိတ်​လန့်​ခြင်း​သည်​လည်း ဝေး၍၊ သင့်​အ​နီး​သို့​မ​ရောက်​ရ။ ငါ၏​အ​ခွင့်​မ​ရှိ​ဘဲ သင့်​တစ်​ဖက်၌ အ​ဘယ်​သူ​မျှ နေ​ရာ​မ​ကျ​ရ။ နေ​ရာ​ကျ​ဖူး​သော​သူ​တို့​သည် သင့်​ဘက်​သို့ ဝင်​စား​ကြ​လိမ့်​မည်။ မီး​ကို​မှုတ်၍၊ မိ​မိ​အ​လုပ်​တည်း​ဟူ​သော လက်​နက်​ကို​လုပ်​တတ်​သော ပန်း​ပဲ​ကို​လည်း​ကောင်း၊ ဖျက်​ဆီး​စေ​ခြင်း​ငှာ ဖျက်​ဆီး​သော​သူ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း၏။ သင့်​တစ်​ဖက်၌ လုပ်​သော​လက်​နက်​တစ်​စုံ​တစ်​ခု​မျှ အ​ထ​မ​မြောက်​ရ။ သင့်​ကို တ​ရား​တွေ့​သော​သူ မည်​သည်​ကား၊ အ​ရှုံး​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကျွန်​တို့​သည် ထို​သို့​သော အ​မွေ​ကို​ခံ​ရ၍၊ ငါ့​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဟေရှာယ 54:1-17 Common Language Bible (BCL)

အို ယေ​ရု​ရှ​လင်​မြို့၊သင်​သည်​သား​သ​မီး​မ​ရ သည့် အ​မျိုး​သ​မီး​နှင့်​တူ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​၍​ကြွေး​ကြော်​နိုင်​လေ​ပြီ။ ယ​ခု​သင်​သည်​ခင်​ပွန်း​ဖြစ်​သူ​၏​စွန့်​ပစ်​မှု​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​ခံ​ရ​ဘူး​သည့် အ​မျိုး​သ​မီး​ထက်​ပင်​ပို​၍​သား​သ​မီး​များ​ကို ရ​ရှိ​ပေ​လိမ့်​မည်။ သင်​နေ​ထိုင်​သည့်​တဲ​ကို​တိုး​ချဲ့​ပါ​လော့။ တဲ​၏​ကု​လား​ကာ​များ​ကို​ဆန့်​ထုတ်​လော့၊ မ​တွန့်​ဆုတ်​နှင့်။ တဲ​ကြိုး​တို့​ကို​ရှည်​အောင်​ပြု​၍​ပန္နက်​တိုင်​များ​ကို ခိုင်​မြဲ​အောင်​ရိုက်​လော့။ သင်​သည်​မိ​မိ​၏​နယ်​နိ​မိတ်​များ​ကို​အ​ဘက်​ဘက်​မှ တိုး​ချဲ့​ရ​လိမ့်​မည်။ ယ​ခု​အ​ခါ၊လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ပြည်​ကို သင်​၏​အ​မျိုး​သား​တို့​သည်​ပြန်​လည်​ရ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​လူ​သူ​ဆိတ်​ငြိမ်​လျက်​နေ​သော​မြို့​တို့​သည် စည်​ကား​၍​လာ​လိမ့်​မည်။ မ​ကြောက်​နှင့်၊သင်​သည်​နောက်​တစ်​ဖန် အ​သ​ရေ​ပျက်​ရ​တော့​မည်​မ​ဟုတ်။ ရှုတ်​ချ​ခြင်း​ကို​လည်း​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​သစ္စာ​မဲ့​သည့် ဇ​နီး ဖြစ်​ခဲ့​မှု​ကို​လည်း​ကောင်း၊ မု​ဆိုး​မ​အ​ဖြစ်​ဖြင့်​မ​ကြံ​တတ်​အောင်​ပင် ကိုယ်​တိုင်​ကြုံ​ခဲ့​ရ​သည်​ကို​လည်း​ကောင်း၊ မေ့​လျော့​သွား​လိမ့်​မည်။ သင့်​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည်၊ သင်​၏​ခင်​ပွန်း​ပ​မာ​သင့်​အား​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ ထို​အ​ရှင်​၏​နာ​မ​တော်​ကား၊အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​သော ဘု​ရား​သ​ခင်​သည်​သင့်​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို အ​စိုး​ရ​တော်​မူ​ပါ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​သည်၊ ခင်​ပွန်း​ဖြစ်​သူ​စွန့်​ပစ်​သ​ဖြင့်၊အ​လွန်​စိတ်​ဒုက္ခ ရောက်​လျက်​နေ​သည့်​ဇ​နီး​ငယ်​တစ်​ဦး​နှင့်​တူ​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို ပြန်​လည်​ခေါ်​ယူ​တော်​မူ​ပါ​၏။ ``ငါ​သည်​သင်​တို့​အား​ခေတ္တ​မျှ​စွန့်​ပယ်​ခဲ့​သော်​လည်း နက်​နဲ​သည့်​မေတ္တာ​ဖြင့်​ပြန်​လည်​သိမ်း​ပိုက်​မည်။ ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ထံ​မှ မျက်​နှာ​လွှဲ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​မေတ္တာ​တော်​ကို​သင်​တို့​အား​ထာ​ဝ​စဉ် ငါ​ပြ​မည်'' ဟု သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။ ``ငါ​သည်​ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​စေ​လိမ့်​မည်​မ​ဟုတ်​ဟု နော​ဧ​၏​လက်​ထက်​၌​က​တိ​ပြု​ခဲ့​၏။ သင်​တို့​အား​နောက်​တစ်​ဖန် အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ယ​ခု​ငါ​က​တိ​ပြု​ပါ​၏။ ငါ​သည်​သင်​တို့​အား​ပြစ်​တင်​ဆုံး​မ​မှု​နှင့် အ​ပြစ်​ဒဏ်​ခတ်​မှု​ကို​ပြု​လိမ့်​မည်​မ​ဟုတ်​ပါ။ တောင်​ကြီး​တောင်​ငယ်​တို့​သည်​ပြို​ကွဲ ပျက်​စီး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​၌​ထား​ရှိ​သည့် ငါ​၏​မေတ္တာ​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​သုဉ်း​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​ရေး​ဆိုင်​ရာ​က​တိ​တော်​ကို​ငါ​သည် အ​စဉ်​တည်​မြဲ​စေ​မည်'' ဟု သင်​တို့​ကို​ချစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။ ``အို ယေ​ရု​ရှ​လင်​မြို့၊ဒုက္ခ​ရောက်​လျက်၊ အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ၊ နှစ်​သိမ့်​မည့်​သူ မ​ရှိ​သည့်​မြို့၊ ငါ​သည်​သင်​၏​အုတ်​မြစ်​များ​ကို​အ​ဖိုး​တန် ကျောက်​များ​ဖြင့်​ပြန်​လည်​တည်​ဆောက်​မည်။ သင်​၏​ပြ​အိုး​များ​ကို​ပတ္တ​မြား​ဖြင့်​လည်း​ကောင်း၊ သင်​၏​တံ​တိုင်း​တို့​ကို​ကျောက်​မျက်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ သင်​၏​နံ​ရံ​များ​ကို​အ​ဖိုး​တန်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ပြန်​လည်​တည်​ဆောက်​မည်။ ``သင်​၏​လူ​တို့​အား​ငါ​ကိုယ်​တိုင်​ဆုံး​မ​သွန်​သင်​မည်။ သင်​၏​သား​သ​မီး​တို့​အား​ချမ်း​သာ​ကြွယ်​ဝ​မှု​နှင့် ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​မည်။ သင်​သည်​သူ​တော်​ကောင်း​တ​ရား​တွင်​အ​ခြေ​ခံ သ​ဖြင့် တည်​တံ့​ခိုင်​မြဲ​လိမ့်​မည်။ နှိပ်​စက်​ညှင်း​ဆဲ​မှု၊ထိတ်​လန့်​တုန်​လှုပ်​မှု​တို့​နှင့် ကင်း​ဝေး​ရ​လိမ့်​မည်။ အ​ကယ်​၍​သင့်​အား​ထိ​ပါး​တိုက်​ခိုက်​လာ​သူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​မူ၊ ထို​သူ​သည်​ငါ​၏​ခွင့်​ပြု​ချက်​ကို​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်။ သင့်​အား​စစ်​ပြိုင်​လာ​သူ​မှန်​သ​မျှ​သည် ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ ``မီး​ကို​မွှေး​၍​လက်​နက်​များ​ကို​ပြု​လုပ်​သူ ပန်း​ပဲ​ဆ​ရာ​ကို​ငါ​ဖန်​ဆင်း​၏။ သတ်​ဖြတ်​ရန်​အ​တွက်​ထို​လက်​နက်​များ​ကို အ​သုံး​ပြု​သူ​စစ်​သူ​ရဲ​ကို​လည်း​ငါ​ဖန်​ဆင်း​၏။ သို့​ရာ​တွင်​အ​ဘယ်​လက်​နက်​မျှ​သင့်​အား​အ​နာ​တ​ရ ဖြစ်​စေ​နိုင်​လိမ့်​မည်​မဟုတ်။ သင်​သည်​မိ​မိ​အား​ပြစ်​တင်​စွပ်​စွဲ​သူ​မှန်​သ​မျှ​ကို ပြန်​လည်​ချေ​ပ​နိုင်​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​များ​ကာ​ကွယ်​စောင့်​ရှောက်​ရန် အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ပင်​ဖြစ်​သ​တည်း။

ဟေရှာယ 54:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က “​သား​မ​ဖွား​ဖူး​သော​အမြုံမ​၊ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ ကလေး​မ​မွေး​ဖူး​သော​မိန်းမ​၊ သီချင်း​ဟစ်ကြော်​သီဆို​လော့​။ ကြွေးကြော်​လော့​။ အကြောင်းမူကား စွန့်ပစ်​ခံရ​သော​မိန်းမ​၏​သားသမီး​သည် ယောက်ျားရှိ​သော​မိန်းမ​၏​သားသမီး​ထက် သာ၍​များ​၏​”​ဟု မိန့်​တော်မူ​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​က “သင်​၏​တဲ​နေရာ​ကို​ကျယ်ဝန်း​စေ​လော့​။ သင်​၏​တဲ​ရွက်ထည်​များ​ကို​လည်း ဖြန့်ကြက်​လော့​။ ချုံ့​မ​ထား​နှင့်​။ ကြိုး​တို့​ကို​ရှည်ရှည်​ထား​လော့​။ ငုတ်တိုင်​တို့​ကို​လည်း ခိုင်ခံ့​စေ​လော့​။ အကြောင်းမူကား သင်​သည် လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ ပျံ့နှံ့​ရောက်ရှိ​မည်​။ သင်​၏​သားစဉ်မြေးဆက်​တို့​သည် တိုင်းနိုင်ငံ​တို့​ကို​ပိုင်ဆိုင်​မည်​။ လူသူကင်းမဲ့​သော​မြို့​တို့​၌ နေထိုင်​ကြ​မည်​။ သင်​မ​ကြောက်​နှင့်​၊ အရှက်ကွဲ​ရ​မည်​မ​ဟုတ်​။ သင်​မ​ရှက်​နှင့်​၊ မျက်နှာပျက်​ရ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ငယ်ရွယ်စဉ်​က​အရှက်ကွဲ​ခဲ့​ရ​သည်​ကို သင်​မေ့လျော့​သွား​မည်​။ မုဆိုးမ​ဘဝ​က​ကဲ့ရဲ့​ခံ​ခဲ့​ရ​သည်​ကို သင်​သတိရ​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား သင့်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် သင်​၏​ခင်ပွန်း​ဖြစ်​၏​။ နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။ သင့်​ကို​ရွေးနုတ်​တော်မူ​သော​အရှင်​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ဖြစ်​၏​။ မြေကြီး​တစ်ပြင်လုံး​၏​ဘုရား​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​၏​။ စွန့်ပစ်​ခြင်း​ခံရ​၍ စိတ်​ထိခိုက်​နေ​သော​၊ ငယ်ရွယ်​စဉ်က​ပေါင်းဖော်​ခဲ့​ပြီးမှ ငြင်းပယ်​ခံရ​သော​မိန်းမ​ကို ပြန်ခေါ်​သကဲ့သို့ သင့်​ကို​ထာဝရဘုရား​ပြန်ခေါ်​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ သင့်​ကို​ရွေးနုတ်​သော​အရှင်​ထာဝရဘုရား​က “​သင့်​ကို ခေတ္တ​ခဏသာ ငါ​စွန့်ပစ်​၏​။ ကြီးမား​သော​ကရုဏာ​ဖြင့် သင့်​ကို ပြန်လည်​စုစည်း​မည်​။ ငါ ပြင်းစွာ​အမျက်ထွက်​၍ ငါ့​မျက်နှာ​ကို သင့်​ထံမှ ခေတ္တ​လွှဲ​သော်လည်း ထာဝရ​မေတ္တာကရုဏာ​ဖြင့် သင့်​ကို​ငါ​သနားစုံမက်​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။ သင့်​ကို​သနားစုံမက်​တော်မူ​သော​ထာဝရဘုရား​က “​ဤ​အမှု​သည် နောဧ​လက်ထက် ရေလွှမ်းမိုး​သကဲ့သို့​ဖြစ်​၏​။ နောဧ​လက်ထက်​၌ ရေလွှမ်းမိုး​သကဲ့သို့ ကမ္ဘာမြေကြီး​ကို နောက်တစ်ဖန်​ရေ​မ​လွှမ်းမိုး​ရ​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​နည်းတူ သင့်​ကို​အမျက်​မ​ထွက်​၊ အပြစ်တင်ဆုံးမ​ခြင်း​လည်း​မ​ပြု​ဟု ငါ​ကျိန်ဆို​၏​။ တောင်ကြီး​တို့​သည်​ရွေ့သွား​၍ တောင်ငယ်​တို့​သည် တုန်လှုပ်​ကြ​လျှင်လည်း ငါ​၏​မေတ္တာကရုဏာ​သည် သင့်​ထံမှ​မ​ရွေ့​ရ​။ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ငါ​၏​ပဋိညာဉ်​သည်​လည်း မ​ရွေ့​ရ​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “​မုန်တိုင်းဒဏ်​အလူးအလိမ့်​ခံရ​၍ နှစ်သိမ့်​ခြင်း​မ​ရ​သော အချင်း​အဖိနှိပ်​ခံရ​သူ​၊ ကြည့်ရှု​လော့​။ သင်​၏​တိုက်​ကို စိမ်းပြာရောင်​ကျောက်​ဖြင့်​တည်​၍ နီလာ​ဖြင့်​အုတ်မြစ်ချ​မည်​။ သင်​၏​သူရဲခို​တို့​ကို ပတ္တမြား​ဖြင့်​လည်းကောင်း​၊ မြို့​တံခါး​တို့​ကို သလင်းကျောက်​များ​ဖြင့်​လည်းကောင်း​၊ မြို့​တံတိုင်း​ကို အဖိုးတန်​ကျောက်​များ​ဖြင့်​လည်းကောင်း ငါ​တည်​မည်​။ သင်​၏​သားသမီး​အပေါင်း​တို့​သည် ထာဝရဘုရား​၏​သွန်သင်​တော်မူ​ခြင်း​ကို​ခံရ​မည်​။ သူ​တို့​၌ ငြိမ်သက်​ခြင်း​အတိ​ရှိ​မည်​။ သင့်​ကို ဖြောင့်မတ်​ခြင်း​၌ တည်​စေ​မည်​။ သင်​သည် အနိုင်အထက်ပြုသူ​နှင့်​ဝေး​သောကြောင့် ကြောက်ရွံ့​ရ​မည်​မ​ဟုတ်​။ ထိတ်လန့်​ခြင်း​သည် သင့်​ထံသို့​ရောက်လာ​မည်​မ​ဟုတ်​သောကြောင့် ထိတ်လန့်​ရ​မည်​မ​ဟုတ်​။ တစ်စုံတစ်ဦး​သည် သင့်​ကို ရန်ပြု​ခဲ့​လျှင် ထို​အမှု​သည် ငါ့​ထံမှ​လာ​သည်​မ​ဟုတ်​။ သင့်​ကို​ရန်ပြု​သော​သူ​သည် သင့်​ရှေ့​၌​ကျဆုံး​လိမ့်မည်​။ ကြည့်ရှု​လော့​။ မီးခဲ​ကို မီးတောက်​အောင်​မှုတ်​ပြီး လက်နက်​ကို​ထုတ်လုပ်​တတ်​သော ပန်းပဲဆရာ​ကို ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​၏​။ ဖျက်ဆီး​တတ်​သော အဖျက်သမား​ကို​လည်း ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​၏​။ သင့်​ကို​တိုက်ခိုက်​ရန် ထုတ်လုပ်​သော​လက်နက်​ရှိသမျှ​သည် အထမြောက်​မည်​မ​ဟုတ်​။ သင်​နှင့်​တရားဆိုင်​၍ သင့်​ကို​ဆန့်ကျင်​သော​လျှာ​ရှိသမျှ​တို့​ကို သင်​က အောင်​နိုင်​လိမ့်မည်​။ ဤသည်ကား ထာဝရဘုရား​၏​အစေအပါး​တို့ ရရှိ​သော​အမွေ​၊ ငါ့​ထံမှ​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။