ထာဝရဘုရားက “သားမဖွားဖူးသောအမြုံမ၊ ရွှင်လန်းစွာသီချင်းဆိုလော့။ ကလေးမမွေးဖူးသောမိန်းမ၊ သီချင်းဟစ်ကြော်သီဆိုလော့။ ကြွေးကြော်လော့။ အကြောင်းမူကား စွန့်ပစ်ခံရသောမိန်းမ၏သားသမီးသည် ယောက်ျားရှိသောမိန်းမ၏သားသမီးထက် သာ၍များ၏”ဟု မိန့်တော်မူ၏။ သင်၏ဘုရားသခင်ထာဝရဘုရားက “သင်၏တဲနေရာကိုကျယ်ဝန်းစေလော့။ သင်၏တဲရွက်ထည်များကိုလည်း ဖြန့်ကြက်လော့။ ချုံ့မထားနှင့်။ ကြိုးတို့ကိုရှည်ရှည်ထားလော့။ ငုတ်တိုင်တို့ကိုလည်း ခိုင်ခံ့စေလော့။ အကြောင်းမူကား သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့ ပျံ့နှံ့ရောက်ရှိမည်။ သင်၏သားစဉ်မြေးဆက်တို့သည် တိုင်းနိုင်ငံတို့ကိုပိုင်ဆိုင်မည်။ လူသူကင်းမဲ့သောမြို့တို့၌ နေထိုင်ကြမည်။ သင်မကြောက်နှင့်၊ အရှက်ကွဲရမည်မဟုတ်။ သင်မရှက်နှင့်၊ မျက်နှာပျက်ရမည်မဟုတ်။ အကယ်စင်စစ် ငယ်ရွယ်စဉ်ကအရှက်ကွဲခဲ့ရသည်ကို သင်မေ့လျော့သွားမည်။ မုဆိုးမဘဝကကဲ့ရဲ့ခံခဲ့ရသည်ကို သင်သတိရတော့မည်မဟုတ်။ အကြောင်းမူကား သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည် သင်၏ခင်ပွန်းဖြစ်၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ သင့်ကိုရွေးနုတ်တော်မူသောအရှင်သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ဖြစ်၏။ မြေကြီးတစ်ပြင်လုံး၏ဘုရားဟု ခေါ်ဝေါ်ခြင်းခံရ၏။ စွန့်ပစ်ခြင်းခံရ၍ စိတ်ထိခိုက်နေသော၊ ငယ်ရွယ်စဉ်ကပေါင်းဖော်ခဲ့ပြီးမှ ငြင်းပယ်ခံရသောမိန်းမကို ပြန်ခေါ်သကဲ့သို့ သင့်ကိုထာဝရဘုရားပြန်ခေါ်တော်မူပြီ”ဟု မိန့်တော်မူ၏။ သင့်ကိုရွေးနုတ်သောအရှင်ထာဝရဘုရားက “သင့်ကို ခေတ္တခဏသာ ငါစွန့်ပစ်၏။ ကြီးမားသောကရုဏာဖြင့် သင့်ကို ပြန်လည်စုစည်းမည်။ ငါ ပြင်းစွာအမျက်ထွက်၍ ငါ့မျက်နှာကို သင့်ထံမှ ခေတ္တလွှဲသော်လည်း ထာဝရမေတ္တာကရုဏာဖြင့် သင့်ကိုငါသနားစုံမက်ဦးမည်”ဟု မိန့်တော်မူ၏။ သင့်ကိုသနားစုံမက်တော်မူသောထာဝရဘုရားက “ဤအမှုသည် နောဧလက်ထက် ရေလွှမ်းမိုးသကဲ့သို့ဖြစ်၏။ နောဧလက်ထက်၌ ရေလွှမ်းမိုးသကဲ့သို့ ကမ္ဘာမြေကြီးကို နောက်တစ်ဖန်ရေမလွှမ်းမိုးရဟု ငါကျိန်ဆိုခဲ့သည့်နည်းတူ သင့်ကိုအမျက်မထွက်၊ အပြစ်တင်ဆုံးမခြင်းလည်းမပြုဟု ငါကျိန်ဆို၏။ တောင်ကြီးတို့သည်ရွေ့သွား၍ တောင်ငယ်တို့သည် တုန်လှုပ်ကြလျှင်လည်း ငါ၏မေတ္တာကရုဏာသည် သင့်ထံမှမရွေ့ရ။ ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ငါ၏ပဋိညာဉ်သည်လည်း မရွေ့ရ”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “မုန်တိုင်းဒဏ်အလူးအလိမ့်ခံရ၍ နှစ်သိမ့်ခြင်းမရသော အချင်းအဖိနှိပ်ခံရသူ၊ ကြည့်ရှုလော့။ သင်၏တိုက်ကို စိမ်းပြာရောင်ကျောက်ဖြင့်တည်၍ နီလာဖြင့်အုတ်မြစ်ချမည်။ သင်၏သူရဲခိုတို့ကို ပတ္တမြားဖြင့်လည်းကောင်း၊ မြို့တံခါးတို့ကို သလင်းကျောက်များဖြင့်လည်းကောင်း၊ မြို့တံတိုင်းကို အဖိုးတန်ကျောက်များဖြင့်လည်းကောင်း ငါတည်မည်။ သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား၏သွန်သင်တော်မူခြင်းကိုခံရမည်။ သူတို့၌ ငြိမ်သက်ခြင်းအတိရှိမည်။ သင့်ကို ဖြောင့်မတ်ခြင်း၌ တည်စေမည်။ သင်သည် အနိုင်အထက်ပြုသူနှင့်ဝေးသောကြောင့် ကြောက်ရွံ့ရမည်မဟုတ်။ ထိတ်လန့်ခြင်းသည် သင့်ထံသို့ရောက်လာမည်မဟုတ်သောကြောင့် ထိတ်လန့်ရမည်မဟုတ်။ တစ်စုံတစ်ဦးသည် သင့်ကို ရန်ပြုခဲ့လျှင် ထိုအမှုသည် ငါ့ထံမှလာသည်မဟုတ်။ သင့်ကိုရန်ပြုသောသူသည် သင့်ရှေ့၌ကျဆုံးလိမ့်မည်။ ကြည့်ရှုလော့။ မီးခဲကို မီးတောက်အောင်မှုတ်ပြီး လက်နက်ကိုထုတ်လုပ်တတ်သော ပန်းပဲဆရာကို ငါကိုယ်တော်တိုင်ဖန်ဆင်း၏။ ဖျက်ဆီးတတ်သော အဖျက်သမားကိုလည်း ငါကိုယ်တော်တိုင်ဖန်ဆင်း၏။ သင့်ကိုတိုက်ခိုက်ရန် ထုတ်လုပ်သောလက်နက်ရှိသမျှသည် အထမြောက်မည်မဟုတ်။ သင်နှင့်တရားဆိုင်၍ သင့်ကိုဆန့်ကျင်သောလျှာရှိသမျှတို့ကို သင်က အောင်နိုင်လိမ့်မည်။ ဤသည်ကား ထာဝရဘုရား၏အစေအပါးတို့ ရရှိသောအမွေ၊ ငါ့ထံမှရရှိသောဖြောင့်မတ်ခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
ဟေရှာယအနာဂတ္တိကျမ်း 54 ကိုဖတ်ပါ။
နားထောင်ပါ။ ဟေရှာယအနာဂတ္တိကျမ်း 54
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယအနာဂတ္တိကျမ်း 54:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ