YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 5:8-30

ဟေရှာယ 5:8-30 Judson Bible (JBMLE)

မိ​မိ​တို့​သည် မြေ၏​အ​လယ်၌ တစ်​စု​တည်း​နေ​ရာ​ကျ၍၊ လပ်​သော​အ​ရပ်​မ​ရှိ​စေ​ခြင်း​ငှာ၊ အိမ်​တစ်​ဆောင်​နှင့် တစ်​ဆောင်​ကို​လည်း​ကောင်း၊ လယ်​တစ်​ကွက်​နှင့် တစ်​ကွက်​ကို​လည်း​ကောင်း၊ ဆက်​တတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ၏​နား​အ​ပါး၌ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ကြီး​ကျယ်​တင့်​တယ်​သော အိမ်​အ​များ​တို့​သည် နေ​သော​သူ​မ​ရှိ။ လူ​ဆိတ်​ညံ​ရာ ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ စ​ပျစ်​ဥ​ယျာဉ်​တစ်​ပယ်​သည် စ​ပျစ်​ရည်​တစ်​ဗတ်​ကို​မျှ​သာ ဖြစ်​စေ​မည်။ မျိုး​စေ့​ကို​လည်း ကြဲ​သော​အ​ခါ၊ ဆယ်​ဖို့​တွင် တစ်​ဖို့​ကို​မျှ​သာ​ရ​ကြ​လိမ့်​မည်။ သေ​ရည်​သေ​ရက်​ကို သောက်​အံ့​သော​ငှာ၊ နံ​နက် စော​စော​ထ၍ စ​ပျစ်​ရည်​နှင့် ယစ်​မူး​အံ့​သော​ငှာ၊ ည​ကို​လည်း လွန်​စေ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့၏​ပွဲ၌ စောင်း၊ တ​ယော၊ ပတ်​သာ၊ ပု​လွေ၊ စ​ပျစ်​ရည် ပါ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ကား၊ ပ​မာ​ဏ​မ​ပြု​ကြ။ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ရာ​ကို မ​ရိပ်​မိ​ကြ။ ထို​ကြောင့် ငါ၏​လူ​တို့​သည် ပ​ညာ​မ​ရှိ၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ၏။ မှူး​မတ်​တို့​သည် မွတ်​သိပ်၍ သေ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည် ရေ​ငတ်၍ ပူ​ဆွေး​လျက်​ရှိ​ကြ၏။ ထို​ကြောင့်၊ မ​ရ​ဏ​နိုင်​ငံ​သည် မိ​မိ​လော​ဘ​ကို ကျယ်​စေ၍ မိ​မိ​ပါး​စပ်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ဖွင့်​ဟ​သ​ဖြင့်၊ သူ​တို့၏ ဂုဏ်​အ​သ​ရေ အ​လုံး​အ​ရင်း၊ အ​သံ​ဗ​လံ​ပြု​ခြင်း၊ ရွှင်​လန်း​ခြင်း​တို့​သည် ဆင်း​မြုပ်​ရ​ကြ၏။ ယုတ်​သော​သူ​လည်း ဦး​နှိမ့်​ခြင်း၊ မြတ်​သော​သူ​လည်း ရှုတ်​ချ​ခြင်း​ကို​ခံ​ရ၍၊ မာ​န​ကြီး​သော သူ​တို့၏​မျက်​နှာ​လည်း ပျက်​ရ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​ခြင်း​အား​ဖြင့် ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။ သန့်​ရှင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်၊ သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ သိုး​သ​ငယ်​တို့​သည် အ​လို​အ​လျောက် ကျက်​စား​ကြ​လိမ့်​မည်။ သူ​ဌေး​သူ​ကြွယ်​ပိုင်​ဖူး၍ လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌​လည်း ဧည့်​သည်​တို့​သည် စား​ရ​ကြ​လိမ့်​မည်။ ဒု​က္ခ​ကို ဒု​စ​ရိုက်​ဖြင့်​ဆွဲ​သော​သူ၊ လှည်း​ကြိုး​ဖြင့် ဆွဲ​သ​ကဲ့​သို့၊ အ​ပြစ်​ကို ဆွဲ​ငင်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏​အ​မှု​ကို ငါ​တို့​သည် မြင်​ရ​မည်​အ​ကြောင်း၊ အ​လျင်​အ​မြန်​ကြိုး​စား​တော်​မူ​ပါ​စေ။ ငါ​တို့​သည် သိ​နား​လည်​ရ​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏​အ​ကြံ​တော်​သည်၊ အ​နီး​သို့​ချဉ်း၍​ပြည့်​စုံ​ပါ​စေ​ဟု ဆို​တတ်​ကြ၏။ မ​ကောင်း​ကို​အ​ကောင်း၊ အ​ကောင်း​ကို​မ​ကောင်း​ဟု ခေါ်​တတ်​သော​သူ၊ အ​လင်း​အ​ရာ၌ အ​မိုက်၊ အ​မိုက်​အ​ရာ၌ အ​လင်း​ကို​လည်း​ကောင်း၊ အ​ချို​အ​ရာ၌ အ​ခါး၊ အ​ခါး​အ​ရာ၌ အ​ချို​ကို​လည်း​ကောင်း၊ အ​လွဲ​ယူ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​သည် ပ​ညာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​သော​သူ၊ သ​မ္မာ​သ​တိ​နှင့် ပြည့်​စုံ​သည်​ဟု ထင်​မှတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ စ​ပျစ်​ရည်​ကို များ​စွာ​သောက်​နိုင်​သော​သူ၊ ဆေး​နှင့်​ရော​သော သေ​ရည်​သေ​ရက်​ကို​သောက်​ခြင်း​အ​မှု၌၊ အား​ကြီး​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ထို​သူ​တို့​သည် တံ​စိုး​ကို​စား​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့​ကို အ​ပြစ်​မ​ပေး​ဘဲ​လွှတ်၍၊ ဖြောင့်​မတ်​သော​သူ​တို့၏​ဖြောင့်​မတ်​ခြင်း​ကို ဝန်​မ​ခံ၊ ပယ်​ရှား​တတ်​ကြ၏။ ထို​ကြောင့်၊ မီး​လျှာ​သည် ကောက်​ရိုး​ကို​လျက်၊ မီး​လျှံ​သည် မြက်​ခြောက်​ကို ကျွမ်း​စေ​သည်​နည်း​တူ၊ သူ​တို့၏​အ​မြစ်​သည် ဆွေး​မြေ့​သော သစ်​သား​ကဲ့​သို့ ဖြစ်၍၊ အ​ပွင့်​သည်​လည်း မြေ​မှုန့်​ကဲ့​သို့ လွင့်​တက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို ကယ်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​မျက်​တော်​ထွက်​လျက်၊ သူ​တို့၌​လက်​တော်​ကို​ဆန့်၍ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ တောင်​တို့​သည် တုန်​လှုပ်၍၊ သူ​တို့၏​အ​သေ​ကောင်​တို့​သည် လမ်း​များ၌ မ​စင်​ကဲ့​သို့​ဖြစ်​ကြ၏။ သို့​သော်​လည်း အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။ ဝေး​သော​အ​ရပ်​မှာ​နေ​သော လူ​မျိုး​တို့​အ​ဖို့ အ​လံ​ကို​ထူ၍၊ မြေ​ကြီး​စွန်း​သား​တို့​ကို နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​လျင်​အ​မြန်​လာ​ကြ​လိမ့်​မည်။ သူ​တို့​တွင် မော​သော​သူ​မ​ရှိ။ ထိ​မိ၍ လဲ​သော​သူ မ​ရှိ။ ငိုက်​မျဉ်း​သော​သူ၊ အိပ်​ပျော်​သော​သူ​လည်း​မ​ရှိ။ သူ​တို့​ခါး​စည်း မ​ပြေ။ ခြေ​နင်း​ကြိုး​လည်း​မ​ကျွတ်။ သူ​တို့​မြား​တို့​သည် ထက်​ကြ၏။ လေး​တို့​သည်​လည်း တင်း​လျက်​ရှိ​ကြ၏။ မြင်း​ခွာ​တို့​သည် မီး​ကျောက်​ကဲ့​သို့​လည်း​ကောင်း၊ ရ​ထား​ဘီး​တို့​သည်​လည်း၊ လေ​ပွေ​ကဲ့​သို့​လည်း​ကောင်း ထင်​ကြ၏။ သူ​တို့​အ​သံ​ဗ​လံ​သည် ခြင်္သေ့​ဟောက်​သံ​နှင့်​တူ၍၊ ခြင်္သေ့​ပျို​ကဲ့​သို့ ဟောက်​ကြ​လိမ့်​မည်။ ဟောက်​လျက် အ​ကောင်​ကို​ဖမ်း၍ ဆောင်​သွား​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​ရ။ ထို​ကာ​လ၌ သူ​တို့​သည် သ​မု​ဒ္ဒ​ရာ အ​သံ​ဗ​လံ​ကဲ့​သို့ ဟုန်း​ဟုန်း​မြည်​ကြ​လိမ့်​မည်။ ထို​ပြည်​ကို ကြည့်​ရှု​လျှင်၊ မှောင်​မိုက်​အ​တိ၊ ဒု​က္ခ​ဆင်း​ရဲ​သက်​သက် ရှိ၍၊ မိုး​ကောင်း​ကင်​အ​လင်း​သည် ကွယ်​ပျောက်​လိမ့်​သ​တည်း။

ဟေရှာယ 5:8-30 Common Language Bible (BCL)

သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့​တွင် ရှိ​ပြီး​အိမ်​များ၊ လယ်​ယာ​များ​ကို​အ​ရေ​အ​တွက် တိုး​ပွား​အောင်​ပြု​ကြ​သူ​တို့။ မ​ကြာ​မီ​ပင် အ​ခြား​သူ​များ​အ​တွက် နေ​ရာ​ထိုင်​ခင်း​ကျန် ရှိ​တော့​မည်​မ​ဟုတ်။ သင်​တို့​ချည်း​သာ​လျှင် ပြည်​တော်​တွင်​နေ​ထိုင်​ရ​ကြ​ပေ​တော့​အံ့။- အ​နန္တ​တန်ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဤ​ကြီး ကျယ်​လှ​ပ​သည့်​အိမ်​များ​သည်​လူ​သူ​မ​ရှိ သည့်​အိမ်​ပျက်​များ​ဖြစ်​ရ​ကြ​လိမ့်​မည်။- ငါး​ဧ​က​ရှိ​သည့်​စ​ပျစ်​ခြံ​မှ​စ​ပျစ်​ရည် သည် တစ်​ဂါ​လံ​မျှ​သာ​ရ​ရှိ​လိမ့်​မည်။ မျိုး စေ့​ဆယ်​တင်း​ကြဲ​သော်​လည်း​တစ်​တင်း သာ​လျှင်​ပြန်​လည်​ရ​ရှိ​လိမ့်​မည်။'' သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် သေ​ရည်​သေ​ရက်​သောက်​ရန် စော​စော​ထ​၍ ည နေ​ချိန်​၌​လည်း​ကြာ​မြင့်​စွာ​မူး​ယစ်​၍​နေ တတ်​ကြ​၏။- သင်​တို့​၏​ပွဲ​လမ်း​သ​ဘင်​များ​တွင်​စောင်း​များ၊ ပတ်​သာ​များ၊ ပ​လွေ​များ​နှင့်​စ​ပျစ်​ရည်​ပါ တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​ပြု​တော်​မူ​လျက်​နေ​သည်​ကို သင်​တို့​မ​သိ ကြ။- ထို့​ကြောင့်​သင်​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့်​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ သင်​တို့​၏​ခေါင်း​ဆောင်​များ​သည် အ​စာ​ငတ်​၍​သေ​ဆုံး​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း တို့​သည်​ရေ​ငတ်​ကြ​လိမ့်​မည်။- မ​ရ​ဏ​နိုင်​ငံ​သည်​သူ​တို့​အား​ဝါး​မျို​လို သ​ဖြင့် မိ​မိ​၏​ပါး​စပ်​ကို​ကျယ်​စွာ​ဟ​လျက် နေ​၏။ ယေ​ရု​ရှ​လင်​မြို့​မှ​မှူး​မတ်​များ​ကို​လည်း ယောက်​ယက်​ခတ်​ဆူ​ညံ​နေ​သော​ဆင်း​ရဲ​သား လူ​အုပ်​ကြီး​နှင့်​အ​တူ​မျို​ချ​လိုက်​လေ​သည်။ လူ​တိုင်း​ပင်​အ​ရှက်​ကွဲ​၍​မာန်​မာ​န​ကြီး​သူ မှန်​သ​မျှ​တို့​သည်​လည်း ရှုတ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။- သို့​ရာ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ဖြောင့်​မှန်​စွာ​ပြု​တော်​မူ​ခြင်း​အား​ဖြင့် မိ​မိ​၏​ကြီး​မြတ်​မှု​ကို​ဖော်​ပြ​တော်​မူ​လိမ့် မည်။ မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကို​ထင်​ရှား စေ​တော်​မူ​လိမ့်​မည်။- ပျက်​စီး​ယို​ယွင်း​နေ​သော​မြို့​များ​တွင်​သိုး​ငယ် တို့​သည်​မြက်​များ​ကို​စား​လျက်၊ ဆိတ်​ငယ်​တို့ သည်​လည်း​စား​ကျက်​များ​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။ သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့​အ​ပြစ် များ​၏​အ​နှောင်​အ​ဖွဲ့​မှ​သင်​တို့​မ​ရုန်း​မ​ထွက် နိုင်​ကြ။- သင်​တို့​က၊``ငါ​တို့​တွေ့​မြင်​ရကြ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​လျင် အ​မြန်​ပြု​တော်​မူ​ပါ​စေ​သော။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​အ​ကြံ​အ​စည်​တော်​တို့​ကို အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​ကို​ငါ တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​ချေ​သည်။ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကောင်း ကို​အ​ဆိုး၊ အ​ဆိုး​ကို​အ​ကောင်း​ဟု​သင်​တို့ ခေါ်​ဆို​တတ်​ကြ​၏။ အ​မှောင်​ကို​အ​လင်း အ​ဖြစ်​သို့၊ အ​လင်း​ကို​အ​မှောင်​အ​ဖြစ်​သို့ ပြောင်း​လဲ​တတ်​ကြ​၏။ သင်​တို့​က​အ​ချို​ကို အ​ခါး၊ အ​ခါး​ကို​အ​ချို​ဖြစ်​စေ​တတ်​ကြ​၏။ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့ ကိုယ်​ကို​အ​လွန်​ပညာ​ရှိ​သည်။ တတ်​သိ​လိမ္မာ သည်​ဟု​ထင်​မှတ်​တတ်​ကြ​၏။ သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ချင်း​အ​ရက် ပု​လင်း​သူ​ရဲ​ကောင်း​တို့၊ သင်​တို့​သည်​အ​ရက် ရော​စပ်​မှု​တွင်​သတ္တိ​ကောင်း​၍​ကြောက်​စိတ်​ကင်း ကြ​ပါ​သည်​တ​ကား။- သို့​ရာ​တွင်​သင်​တို့​သည်​တံ​စိုး​လက်​ဆောင်​ရ ခဲ့​သော် အ​ပြစ်​ရှိ​သူ​တို့​ကို​အ​ပြစ်​မ​ပေး​ဘဲ လွှတ်​ပစ်​ကာ၊ အ​ပြစ်​မဲ့​သူ​တို့​ကို​မူ​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​၍​မ​ပေး​ကြ။- ထို့​ကြောင့်​ကောက်​ရိုး​နှင့်​မြက်​ခြောက်​တို့​သည် မီး လျှံ​တွင်​တွန့်​လိမ်​လောင်​ကျွမ်း​သွား​သ​ကဲ့​သို့၊ သင်​တို့​၏​အ​မြစ်​များ​သည်​ဆွေး​မြေ့​လျက် အ​ပွင့်​များ​သည်​လည်း​ခြောက်​သွေ့​လွင့်​စင်​လျက် သွား​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့ သည်​ငါ​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟော​ပြော​သွန်​သင်​တော်​မူ သည့်​တ​ရား​တော်​ကို​ပစ်​ပယ်​ကြ​သော​ကြောင့် ဖြစ်​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား​အ​မျက်​ထွက်​တော်​မူ​၍ အ​ပြစ်​ဒဏ်​ခတ် တော်​မူ​ရန်​လက်​တော်​ကို​ဆန့်​တော်​မူ​သ​ဖြင့် တောင်​တို့​သည်​တုန်​လှုပ်​ကြ​လိမ့်​မည်။ သေ​သော သူ​တို့​၏​အ​လောင်း​များ​သည်​လမ်း​များ​ပေါ် တွင်​အ​မှိုက်​သ​ရိုက်​ကဲ့​သို့​ကျန်​ရစ်​လိမ့်​မည်။ ထို​အ​ခါ​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက် တော်​သည်​ပြေ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော် သည်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို ဆန့်​လျက်​ပင်​ထား​ရှိ​လိမ့်​ဦး​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ချက်​ပြ​၍​ရပ်​ဝေး နေ​လူ​မျိုး​ခြား​တို့​အား​ခေါ်​ယူ​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​သူ​တို့​အား​ကမ္ဘာ​မြေ​ကြီး စွန်း​မှ​လာ​ရောက်​ကြ​ရန်​လေ​ချွန်​သံ​ဖြင့် အ​ချက်​ပေး​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လည်း​ဤ​အ​ရပ်​သို့​အ​လျင်​အ​မြန်​လာ ရောက်​ကြ​လိမ့်​မည်။- သူ​တို့​တွင်​မော​ပန်း​သူ၊ ခြေ​ချော်​သူ​ဟူ​၍ မ​ရှိ။ ငိုက်​မြည်း​သူ၊ အိပ်​ပျော်​သူ​လည်း​မ​ရှိ။ သူ​တို့​၏​ခါး​စည်း​များ​သည်​မ​ပြေ။ ဖိ​နပ် ကြိုး​များ​သည်​လည်း​မ​ပြတ်။- သူ​တို့​၏​မြား​များ​သည်​ထက်​လျက်၊ လေး​တို့ သည်​လည်း​တင်​ရန်​အ​သင့်​ရှိ​ကြ​၏။ သူ​တို့ ၏​မြင်း​ခွာ​များ​သည်​မီး​ခတ်​ကျောက်​ကဲ့​သို့ မာ​၍​ရ​ထား​ဘီး​များ​သည်​လည်း​လေ​ဗွေ ကဲ့​သို့​လျင်​မြန်​စွာ​လည်​ကြ​၏။- သူ​တို့​၏​ကြွေး​ကြော်​သံ​သည်​သား​ကောင်​လိုက် သတ်​ဆွဲ​ယူ​ကာ မိ​မိ​တို့​လက်​မှ​အ​ဘယ်​သူ​မျှ လု​မ​ယူ​နိုင်​စေ​ရန်​မာန်​ဖီ​တတ်​သည့်​ခြင်္သေ့​တို့ ၏​ဟောက်​သံ​နှင့်​တူ​၏။ ထို​ကာ​လ​၌​သူ​တို့​သည်​ပင်​လယ်​မြည်​ဟည်း​သံ ကဲ့​သို့ ကျယ်​စွာ​ဣ​သ​ရေ​လ​ပြည်​တွင်​ကြွေး​ကြော် ကြ​လိမ့်​မည်။ ထို​ပြည်​ကို​ကြည့်​ရှု​ကြ​လော့။ ယင်း သည်​မှောင်​အ​တိ၊ ဆင်း​ရဲ​ဒုက္ခ​အ​တိ​ဖြစ်​၍​နေ​လိမ့် မည်။ အ​လင်း​ကား​အ​မှောင်​တွင်​ကွယ်​ပျောက် သွား​လေ​တော့​သ​တည်း။

ဟေရှာယ 5:8-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နေရာလပ်​မ​ရှိ​တော့​သည်​အထိ အိမ်​တစ်​အိမ်​နှင့်​တစ်​အိမ်​ကပ်နေအောင်​၊ လယ်​တစ်​ကွက်​နှင့်​တစ်​ကွက်​ဆက်နေအောင် ပြု​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ ထို​မြေ​အလယ်​၌ သင်တစ်ဦးတည်း နေထိုင်​ရ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အကယ်စင်စစ် အိမ်​များစွာ​တို့​သည် လူသူကင်းမဲ့​လိမ့်မည်​၊ ကြီးမား​ထည်ဝါ​သော​အိမ်​တို့​သည် နေထိုင်​သူ​ကင်းမဲ့​လိမ့်မည်​”​ဟူ၍ မိန့်​တော်မူ​သည်​ကို ငါ​ကြား​ရ​၏​။ စပျစ်ခြံ​ဆယ်​ဧက​သည် တစ်​ဗတ်​သာ ထွက်​မည်​။ မျိုးစေ့​တစ်​ဟောမဲ​သည် တစ်​ဧဖာ​သာ​ထွက်​မည်​။ နံနက်​စောစောထ​၍ သေရည်သေရက်​နောက်လိုက်​သော​သူ​၊ ညဥ့်နက်​သည်​အထိ စပျစ်ဝိုင်​နှင့်​ယစ်မူး​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​၏​စားသောက်ပွဲ​များ​၌ စောင်းကောက်​၊ စောင်းပြား​၊ ပတ်သာ​၊ ပလွေ​၊ စပျစ်ဝိုင်​တို့​ပါရှိ​၏​။ သူ​တို့​သည် ထာဝရဘုရား​ပြု​သော​အမှု​ကို အလေး​မ​ထား​ကြ​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​လုပ်​သော​အရာ​ကို​လည်း မ​မြင်​ကြ​။ ငါ​၏​လူမျိုး​တော်​သည် ထိုသို့ အသိပညာ​မဲ့​သဖြင့် ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်​။ ဂုဏ်သရေ​ရှိ​သော​သူ​တို့​သည် ငတ်မွတ်​သော​သူ​ဖြစ်​ကြ​လိမ့်မည်​။ လူအလုံးအရင်း​သည် ရေငတ်​၍ သေ​ကြ​ရ​လိမ့်မည်​။ မရဏာနိုင်ငံ​သည် အလိုရမ္မက်​ကြီးစွာ​ဖြင့် မိမိ​ပါးစပ်​ကို​အတိုင်းအဆ​မ​ရှိ ကျယ်​စွာ​ဖွင့်​လျက်​ရှိ​၍ ဇိအုန်​မြို့​ဂုဏ်သရေရှိသူ​များ​၊ ဆူညံ​နေ​သော​လူအုပ်ကြီး​၊ သောက်စားပျော်ပါး​နေ​သူ​များ​သည် မရဏာနိုင်ငံ​သို့ ဆင်းသွား​ကြ​ရ​လိမ့်မည်​။ လူ​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ လူတိုင်း နိမ့်ကျ​ကြ​ရ​လိမ့်မည်​။ မျက်နှာ​မောက်မာ​သော​သူ​တို့​သည် မာန်စွယ်ကျိုး​ကြ​ရ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မူကား တရားမျှတ​ခြင်း​ကြောင့် ချီးမြှောက်​ခြင်း​ခံရ​မည်​။ သန့်ရှင်း​သော​အရှင်​သည် မိမိ​သန့်ရှင်း​တော်မူ​ကြောင်း​ကို ဖြောင့်မတ်​ခြင်း​အားဖြင့် ထင်ရှား​စေ​တော်မူ​မည်​။ သိုးသငယ်​တို့​သည် မိမိ​တို့​စားကျက်​၌ ကျက်စား​ကြ​လိမ့်မည်​။ သူစိမ်းတစ်ရံဆံ​တို့​သည် သူဌေး​တို့​၏​ပြိုပျက်​ရာ​ကို ဝါးမျို​ကြ​လိမ့်မည်​။ ဒုစရိုက်​ကို မုသား​ကြိုး​ဖြင့်​ဆွဲ​သော​သူ​၊ အပြစ်​ကို လှည်း​ကြိုး​ဆွဲ​သကဲ့သို့ ဆွဲ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​က “​ငါ​တို့​တွေ့​ဖို့ ကိုယ်တော်​သည် မိမိ​အမှု​ကို အလျင်အမြန်​ပြု​ပါစေ​။ အလျင်အမြန်​ပြု​ပါစေ​။ ငါ​တို့​သိ​ဖို့ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၏​အကြံဉာဏ်​သည် နီးလာ​ပါစေ​။ ရောက်လာ​ပါစေ​”​ဟု ဆို​တတ်​ကြ​၏​။ အဆိုး​ကို အကောင်း​၊ အကောင်း​ကို အဆိုး​ဟု ဆို​တတ်​သော​သူ​၊ အလင်း​ကို အမှောင်​၊ အမှောင်​ကို အလင်း ဖြစ်စေ​သော​သူ​၊ အခါး​ကို အချို​၊ အချို​ကို အခါး ဖြစ်စေ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ မိမိကိုယ်မိမိ​ပညာရှိ​သူ​၊ အသိဉာဏ်​ရှိ​သူ​ဟု ထင်မှတ်​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ စပျစ်ဝိုင်​အလွန်အကြူး​သောက်​သူ​၊ သေရည်သေရက်​ရောစပ်​ရာ​တွင်​ကျွမ်းကျင်သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ ထို​သူ​တို့​သည် တံစိုးလက်ဆောင်​ကြောင့် ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​စီရင်​၍ ဖြောင့်မတ်​သော​သူ​တို့​၏​ဖြောင့်မတ်​ခြင်း​ကို ဖယ်ရှား​တတ်​ကြ​၏​။ သူ​တို့​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ပညတ်တရား​ကို​ပယ်​၍ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​မိန့်​တော်မူ​သော​စကား​ကို မထီလေးစား​ပြု​ကြ​၏​။ ထို့ကြောင့် မီးတောက်​သည် ရိုးပြတ်​ကို​လောင်မြိုက်​သကဲ့သို့​၊ မီးလျှံ​သည် မြက်ခြောက်​ကို​လောင်ကျွမ်း​သကဲ့သို့ သူ​တို့​၏​အမြစ်​သည် ဆွေးမြည့်​၍ သူ​တို့​၏​အပွင့်​သည်​လည်း မြေမှုန့်​ကဲ့သို့​လွင့်သွား​လိမ့်မည်​။ ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို အမျက်ထွက်​၍ သူ​တို့​အပေါ်​လက်​တော်​ကို​ဆန့်​လျက် ဒဏ်ခတ်​တော်မူ​မည်​။ တောင်​တို့​သည်​လှုပ်ခတ်​ကြ​လိမ့်မည်​။ သူ​တို့​အလောင်း​သည် လမ်းမ​အလယ်​၌ အမှိုက်သရိုက်​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။ ကိုယ်တော်​သည် ဝေး​သော​အရပ်​မှ​လူမျိုး​တို့​အတွက် အချက်ပြအလံ​ကို​လွှင့်ထူ​တော်မူ​၏​။ မြေကြီး​စွန်း​အရပ်​ရှိ​လူ​တို့​ကို လေချွန်​၍​ခေါ်​တော်မူ​၏​။ ကြည့်ရှု​လော့​။ သူ​တို့​သည် အလျင်အမြန်​ပြေးလာ​ကြ​လိမ့်မည်​။ သူ​တို့​တွင် မောပန်း​သော​သူ​မ​ရှိ​၊ ခလုတ်တိုက်​၍​လဲ​သော​သူ​မ​ရှိ​၊ ငိုက်မျဉ်း​သော​သူ​မ​ရှိ​၊ အိပ်ပျော်​သော​သူ​မ​ရှိ​။ သူ​တို့​၏​ခါးပန်း​မ​ပြေ​။ သူ​တို့​၏​ဖိနပ်​ကြိုး​မ​ပြတ်​။ သူ​တို့​၏​မြား​တို့​သည် ချွန်ထက်​၍ သူ​တို့​၏​လေး​ရှိသမျှ​တို့​သည်​လည်း တင်​ထား​လျက်​ရှိ​၏​။ မြင်း​တို့​၏​ခွာ​သည် မီးခတ်ကျောက်​နှင့်​တူ​သည်​ဟု​ထင်​ရ​၏​။ စစ်ရထား​ဘီး​တို့​သည် လေပွေ​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​၏​အော်ဟစ်သံ​သည် ခြင်္သေ့​ဟိန်းဟောက်​သံ​နှင့်​တူ​၏​။ သူ​တို့​သည် ခြင်္သေ့ပျို​ကဲ့သို့​ဟိန်းဟောက်​မာန်ဖီ​လျက် သားကောင်​ကို​ဖမ်း​ပြီး ဆောင်ယူ​သွား​လိမ့်မည်​။ ကယ်​မည့်​သူ​မ​ရှိ​။ ထို​နေ့ရက်​တွင် သူ​တို့​သည် သမုဒ္ဒရာ​မြည်ဟည်း​သကဲ့သို့ မာန်ဖီ​ကြ​လိမ့်မည်​။ ထို​ပြည်​ကို​ကြည့်​လျှင် ဆင်းရဲဒုက္ခ​အမှောင်ထု​သာ​ရှိ​၏​။ မိုးတိမ်​များ​ကြောင့် အလင်း​သည် မှောင်မိုက်​လေ​၏​။