YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 5

5
စပျစ်ဥယျာဉ်ဖွဲ့သီချင်း
1ငါ​ချစ်​သော​သူ​အတွက် သူ​၏​စပျစ်ခြံ​ကို​ရည်စူး​၍ မေတ္တာ​သီချင်း​ကို ငါ​သီဆို​မည်​။ မြေဆီမြေနှစ်​ကောင်း​သော​တောင်ကုန်း​ပေါ်တွင် ငါ​ချစ်​သော​သူ​၏​စပျစ်ခြံ​ရှိ​၏​။ 2သူ​သည် မြေ​ကို​တူးဆွ​၍ ကျောက်ခဲ​တို့​ကို​ရှင်းလင်း​ပြီးမှ အကောင်းဆုံး​စပျစ်ပင်​ကို​စိုက်​၏​။ ထို​ခြံ​အလယ်​တွင် လင့်စင်​တစ်​ခု​ကို​ဆောက်​ပြီး စပျစ်သီးနယ်ရာကျင်း​ကို​လည်း တူး​၏​။ သူ​သည် ကောင်း​သော​စပျစ်သီး သီး​လာ​ရန် စောင့်မျှော်​ခဲ့​သော်လည်း စပျစ်သီး​အရိုင်း​များ​သာ သီး​ပါ​သည်​တကား​။ 3ယခုမှာ အို ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​၊ ငါ​နှင့်​ငါ့​စပျစ်ခြံ​အမှု​ကို တရားစီရင်​ပေး​ကြ​လော့​။ 4ငါ​၏​စပျစ်ခြံ​အတွက် မည်သည့်​အရာ​ကို ထပ်​လုပ်ပေး​ရ​မည်နည်း​။ ငါ​မ​လုပ်ပေး​ခဲ့​သည့်​အရာ ရှိ​သေး​သလော​။ ကောင်း​သော​စပျစ်သီး သီး​လာ​ရန် ငါ​စောင့်မျှော်​ခဲ့​သော်လည်း အဘယ်ကြောင့် စပျစ်သီး​အရိုင်း​များ သီး​ရ​သနည်း​။ 5ယခု ငါ​၏​စပျစ်ခြံ​ကို ငါ​မည်သို့​ပြု​မည်​ကို သင်​တို့​အား ငါ​ပြော​မည်​။ ခြံစည်းရိုး​ကို ငါ​ဖယ်ရှား​သဖြင့် စပျစ်ခြံ​သည် ဝါးမျို​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ တံတိုင်း​ကို ငါ​ဖြိုဖျက်​သဖြင့် စပျစ်ခြံ​သည် နင်းချေ​ခြင်း​ခံရ​မည်​။ 6ရှင်းလင်းပြုစု​ခြင်း​၊ တူးဆွပေါင်းသင်​ခြင်း​မ​ခံရ​ဘဲ ချုံပင်​၊ ဆူးပင်​များ​ပေါက်ရောက်​ရာ ဖုန်းဆိုးမြေ​ဖြစ်​မည်​။ ထို​ခြံ​အပေါ် မိုး​မ​ရွာသွန်း​စေရန် တိမ်တိုက်​တို့​ကို ငါ​မိန့်မှာ​မည်​။ 7ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စပျစ်ခြံ​ကား အစ္စရေး​အမျိုးအနွယ်​ပေတည်း​။ ကိုယ်တော်​နှစ်သက်​တော်မူ​သော​အပင်​ကား ယုဒ​အမျိုးသား​ပေတည်း​။ ကိုယ်တော်​သည် တရားမျှတမှု​ကို စောင့်မျှော်​တော်မူ​သော်လည်း ကြည့်ရှု​လော့​။ သတ်ဖြတ်မှု​သာ​ဖြစ်​ပါ​သည်​တကား​။ ဖြောင့်မတ်​ခြင်း​အစား အော်ဟစ်ငိုကြွေး​ခြင်း​သာ​ရှိ​ပါ​သည်​တကား​။
ယုဒလူမျိုးတို့ကိုပြစ်တင်ရှုတ်ချခြင်း
8နေရာလပ်​မ​ရှိ​တော့​သည်​အထိ အိမ်​တစ်​အိမ်​နှင့်​တစ်​အိမ်​ကပ်နေအောင်​၊ လယ်​တစ်​ကွက်​နှင့်​တစ်​ကွက်​ဆက်နေအောင် ပြု​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ ထို​မြေ​အလယ်​၌ သင်တစ်ဦးတည်း နေထိုင်​ရ​လိမ့်မည်​။ 9ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အကယ်စင်စစ် အိမ်​များစွာ​တို့​သည် လူသူကင်းမဲ့​လိမ့်မည်​၊ ကြီးမား​ထည်ဝါ​သော​အိမ်​တို့​သည် နေထိုင်​သူ​ကင်းမဲ့​လိမ့်မည်​”​ဟူ၍ မိန့်​တော်မူ​သည်​ကို ငါ​ကြား​ရ​၏​။ 10စပျစ်ခြံ​ဆယ်​ဧက​သည် တစ်​ဗတ်#5:10 “22 လီတာ”။​သာ ထွက်​မည်​။ မျိုးစေ့​တစ်​ဟောမဲ#5:10 “220 လီတာ”။​သည် တစ်​ဧဖာ#5:10 “22 လီတာ”။​သာ​ထွက်​မည်​။ 11နံနက်​စောစောထ​၍ သေရည်သေရက်​နောက်လိုက်​သော​သူ​၊ ညဥ့်နက်​သည်​အထိ စပျစ်ဝိုင်​နှင့်​ယစ်မူး​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ 12သူ​တို့​၏​စားသောက်ပွဲ​များ​၌ စောင်းကောက်​၊ စောင်းပြား​၊ ပတ်သာ​၊ ပလွေ​၊ စပျစ်ဝိုင်​တို့​ပါရှိ​၏​။ သူ​တို့​သည် ထာဝရဘုရား​ပြု​သော​အမှု​ကို အလေး​မ​ထား​ကြ​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​လုပ်​သော​အရာ​ကို​လည်း မ​မြင်​ကြ​။ 13ငါ​၏​လူမျိုး​တော်​သည် ထိုသို့ အသိပညာ​မဲ့​သဖြင့် ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်​။ ဂုဏ်သရေ​ရှိ​သော​သူ​တို့​သည် ငတ်မွတ်​သော​သူ​ဖြစ်​ကြ​လိမ့်မည်​။ လူအလုံးအရင်း​သည် ရေငတ်​၍ သေ#5:13 တိုက်ရိုက်ပြန်ဆိုလျှင် “ခြောက်ကပ်”။​ကြ​ရ​လိမ့်မည်​။ 14မရဏာနိုင်ငံ​သည် အလိုရမ္မက်​ကြီးစွာ​ဖြင့် မိမိ​ပါးစပ်​ကို​အတိုင်းအဆ​မ​ရှိ ကျယ်​စွာ​ဖွင့်​လျက်​ရှိ​၍ ဇိအုန်​မြို့​ဂုဏ်သရေရှိသူ​များ​၊ ဆူညံ​နေ​သော​လူအုပ်ကြီး​၊ သောက်စားပျော်ပါး​နေ​သူ​များ​သည် မရဏာနိုင်ငံ​သို့ ဆင်းသွား​ကြ​ရ​လိမ့်မည်​။ 15လူ​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ လူတိုင်း နိမ့်ကျ​ကြ​ရ​လိမ့်မည်​။ မျက်နှာ​မောက်မာ#5:15 တိုက်ရိုက်ပြန်ဆိုလျှင် “မျက်နှာမြင့်”။​သော​သူ​တို့​သည် မာန်စွယ်ကျိုး​ကြ​ရ​လိမ့်မည်​။ 16ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မူကား တရားမျှတ​ခြင်း​ကြောင့် ချီးမြှောက်​ခြင်း​ခံရ​မည်​။ သန့်ရှင်း​သော​အရှင်​သည် မိမိ​သန့်ရှင်း​တော်မူ​ကြောင်း​ကို ဖြောင့်မတ်​ခြင်း​အားဖြင့် ထင်ရှား​စေ​တော်မူ​မည်​။ 17သိုးသငယ်​တို့​သည် မိမိ​တို့​စားကျက်​၌ ကျက်စား​ကြ​လိမ့်မည်​။ သူစိမ်းတစ်ရံဆံ​တို့​သည် သူဌေး​တို့​၏​ပြိုပျက်​ရာ​ကို ဝါးမျို​ကြ​လိမ့်မည်​။ 18ဒုစရိုက်​ကို မုသား​ကြိုး​ဖြင့်​ဆွဲ​သော​သူ​၊ အပြစ်​ကို လှည်း​ကြိုး​ဆွဲ​သကဲ့သို့ ဆွဲ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ 19သူ​တို့​က “​ငါ​တို့​တွေ့​ဖို့ ကိုယ်တော်​သည် မိမိ​အမှု​ကို အလျင်အမြန်​ပြု​ပါစေ​။ အလျင်အမြန်​ပြု​ပါစေ​။ ငါ​တို့​သိ​ဖို့ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၏​အကြံဉာဏ်​သည် နီးလာ​ပါစေ​။ ရောက်လာ​ပါစေ​”​ဟု ဆို​တတ်​ကြ​၏​။ 20အဆိုး​ကို အကောင်း​၊ အကောင်း​ကို အဆိုး​ဟု ဆို​တတ်​သော​သူ​၊ အလင်း​ကို အမှောင်​၊ အမှောင်​ကို အလင်း ဖြစ်စေ​သော​သူ​၊ အခါး​ကို အချို​၊ အချို​ကို အခါး ဖြစ်စေ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ 21မိမိကိုယ်မိမိ​ပညာရှိ​သူ​၊ အသိဉာဏ်​ရှိ​သူ​ဟု ထင်မှတ်​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ 22စပျစ်ဝိုင်​အလွန်အကြူး​သောက်​သူ​၊ သေရည်သေရက်​ရောစပ်​ရာ​တွင်​ကျွမ်းကျင်သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ 23ထို​သူ​တို့​သည် တံစိုးလက်ဆောင်​ကြောင့် ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​စီရင်​၍ ဖြောင့်မတ်​သော​သူ​တို့​၏​ဖြောင့်မတ်​ခြင်း​ကို ဖယ်ရှား​တတ်​ကြ​၏​။ 24သူ​တို့​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ပညတ်တရား​ကို​ပယ်​၍ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​မိန့်​တော်မူ​သော​စကား​ကို မထီလေးစား​ပြု​ကြ​၏​။ ထို့ကြောင့် မီးတောက်​သည် ရိုးပြတ်​ကို​လောင်မြိုက်​သကဲ့သို့​၊ မီးလျှံ​သည် မြက်ခြောက်​ကို​လောင်ကျွမ်း​သကဲ့သို့ သူ​တို့​၏​အမြစ်​သည် ဆွေးမြည့်​၍ သူ​တို့​၏​အပွင့်​သည်​လည်း မြေမှုန့်​ကဲ့သို့​လွင့်သွား​လိမ့်မည်​။ 25ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို အမျက်ထွက်​၍ သူ​တို့​အပေါ်​လက်​တော်​ကို​ဆန့်​လျက် ဒဏ်ခတ်​တော်မူ​မည်​။ တောင်​တို့​သည်​လှုပ်ခတ်​ကြ​လိမ့်မည်​။ သူ​တို့​အလောင်း​သည် လမ်းမ​အလယ်​၌ အမှိုက်သရိုက်​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။ 26ကိုယ်တော်​သည် ဝေး​သော​အရပ်​မှ​လူမျိုး​တို့​အတွက် အချက်ပြအလံ​ကို​လွှင့်ထူ​တော်မူ​၏​။ မြေကြီး​စွန်း​အရပ်​ရှိ​လူ​တို့​ကို လေချွန်​၍​ခေါ်​တော်မူ​၏​။ ကြည့်ရှု​လော့​။ သူ​တို့​သည် အလျင်အမြန်​ပြေးလာ​ကြ​လိမ့်မည်​။ 27သူ​တို့​တွင် မောပန်း​သော​သူ​မ​ရှိ​၊ ခလုတ်တိုက်​၍​လဲ​သော​သူ​မ​ရှိ​၊ ငိုက်မျဉ်း​သော​သူ​မ​ရှိ​၊ အိပ်ပျော်​သော​သူ​မ​ရှိ​။ သူ​တို့​၏​ခါးပန်း​မ​ပြေ​။ သူ​တို့​၏​ဖိနပ်​ကြိုး​မ​ပြတ်​။ 28သူ​တို့​၏​မြား​တို့​သည် ချွန်ထက်​၍ သူ​တို့​၏​လေး​ရှိသမျှ​တို့​သည်​လည်း တင်​ထား​လျက်​ရှိ​၏​။ မြင်း​တို့​၏​ခွာ​သည် မီးခတ်ကျောက်​နှင့်​တူ​သည်​ဟု​ထင်​ရ​၏​။ စစ်ရထား​ဘီး​တို့​သည် လေပွေ​ကဲ့သို့​ဖြစ်​၏​။ 29သူ​တို့​၏​အော်ဟစ်သံ​သည် ခြင်္သေ့​ဟိန်းဟောက်​သံ​နှင့်​တူ​၏​။ သူ​တို့​သည် ခြင်္သေ့ပျို​ကဲ့သို့​ဟိန်းဟောက်​မာန်ဖီ​လျက် သားကောင်​ကို​ဖမ်း​ပြီး ဆောင်ယူ​သွား​လိမ့်မည်​။ ကယ်​မည့်​သူ​မ​ရှိ​။ 30ထို​နေ့ရက်​တွင် သူ​တို့​သည် သမုဒ္ဒရာ​မြည်ဟည်း​သကဲ့သို့ မာန်ဖီ​ကြ​လိမ့်မည်​။ ထို​ပြည်​ကို​ကြည့်​လျှင် ဆင်းရဲဒုက္ခ​အမှောင်ထု​သာ​ရှိ​၏​။ မိုးတိမ်​များ​ကြောင့် အလင်း​သည် မှောင်မိုက်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ