YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 43:1-10

ဟေရှာယ 43:1-10 Judson Bible (JBMLE)

အို ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​နွယ်၊ သင့်​ကို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မ​စိုး​ရိမ်​နှင့်။ သင့်​ကို ငါ​ရွေး​နုတ်​ပြီ။ ငါ့​နာ​မ​ဖြင့် မှည့်​ပြီ။ သင့်​ကို ငါ​ဆိုင်၏။ သင်​သည် ရေ​ကို​လျှောက်​သွား​သော​အ​ခါ၊ သင်​နှင့်​အ​တူ ငါ​ရှိ၏။ မြစ်​တို့​ကို လျှောက်​သွား​သော​အ​ခါ၊ မ​နစ်​မ​မွန်း​ရ။ မီး​ကို ချင်း​နင်း​သော​အ​ခါ​လည်း မ​လောင်​ရ။ မီး​လျှံ​လည်း မ​ညိ​ရ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင့်​ကို ရွေး​သော​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား ဖြစ်၏။ သင့်​ကို​ရွေး​ဖို့၊ အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း၊ သင့်​အ​တွက် ကု​ရှ​ပြည်​နှင့် သေ​ဘ​ပြည်​ကို​လည်း​ကောင်း ငါ​ပေး၏။ သင်​သည် ငါ​မြတ်​နိုး​ရာ​ဖြစ်​သော​ကြောင့် အ​သ​ရေ​ရှိ​ပြီ။ ငါ​လည်း​ချစ်၏။ ထို​ကြောင့်၊ သင့်​အ​တွက် လူ​တို့​ကို​လည်း​ကောင်း၊ သင်၏​အ​သက်​အ​တွက် လူ​မျိုး​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင်​နှင့်​အ​တူ ရှိ၏။ အ​ရှေ့​မျက်​နှာ​မှ သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​ဆောင်​ခဲ့​မည်။ အ​နောက်​မျက်​နှာ​မှ သင့်​ကို စု​သိမ်း​မည်။ အပ်​လော့​ဟု မြောက်​မျက်​နှာ​ကို​လည်း​ကောင်း၊ မ​ထိမ်​နှင့်​ဟု တောင်​မျက်​နှာ​ကို​လည်း​ကောင်း ငါ​ပြော​မည်။ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ငါ့​သား​သ​မီး​တည်း​ဟူ​သော၊ ငါ့​နာ​မ​ဖြင့် သ​မုတ်​သော​သူ၊ ငါ၏​ဘုန်း​အ​သ​ရေ​ဖို့ ငါ​ဖန်​ဆင်း​ပြု​ပြင်၍၊ ဧ​ကန်​စင်​စစ် လုပ်​ပြီး​သော သူ​အ​ပေါင်း​တို့​ကို ဆောင်​ခဲ့​လော့​ဟု ငါ​ပြော​မည်။ မျက်​စိ​ရှိ​လျက်​ပင် မျက်​စိ​ကန်း​သော​သူ​နှင့်၊ နား​ရှိ​လျက်​ပင် နား​ပင်း​သော​သူ​တို့​ကို ဆောင်​ခဲ့​လော့။ လူ​အ​မျိုး​မျိုး အ​စု​စု​တို့​သည် စု​ရုံး​စည်း​ဝေး​ကြ​စေ။ သူ​တို့​တွင် အ​ဘယ်​သူ​သည် ဤ​အ​မှု​ကို ဖော်​ပြ​မည်​နည်း။ အ​ရင်​ဖြစ်​လ​တ္တံ့​သော အ​ရာ​ကို အ​ဘယ်​သူ ဟော​ပြော​မည်​နည်း။ သူ​တို့​သည် အ​ပြစ်​တင်​ခွင့်​နှင့် လွတ်​မည်​အ​ကြောင်း၊ သက်​သေ​တို့​ကို ပြ​ကြ​စေ။ သို့​မ​ဟုတ် နား​ထောင်၍၊ ဤ​သို့​မှန်​သည်​ဟု ဝန်​ခံ​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည်၊ ငါ့​ကို​သိ​မှတ်​ယုံ​ကြည်၍၊ ငါ​သည် မှန်​ပြီ​ဟု နား​လည်​မည်​အ​ကြောင်း၊ ငါ၏​သက်​သေ၊ ငါ​ရွေး​ကောက်​သော​ကျွန် ဖြစ်​ကြ၏။ ငါ့​ရှေ့​မှာ ဖန်​ဆင်း​ရာ​ထဲ​က အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ဖြစ်၊ ငါ့​နောက်​မှာ​လည်း၊ အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ရှိ​ရာ။

ဟေရှာယ 43:1-10 Common Language Bible (BCL)

အို ဣ​သ​ရေ​အ​မျိုး​သား​တို့၊ သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​က ``မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကို​ငါ​ကွယ်​ကာ စောင့်​ရှောက်​မည်။ သင်​တို့​အား​နာ​မည်​တပ်​၍​ငါ​ခေါ်​ယူ​ပြီ။ သင်​တို့​ကို​ငါ​ပိုင်​၏။ သင်​တို့​သည်​ရေ​နက်​ထဲ​သို့​လျှောက်​သွား​ရ​သော​အ​ခါ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ ဆင်း​ရဲ​ဒုက္ခ​များ​သည်​သင်​တို့​ကို​လွှမ်း​မိုး ရ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​မီး​ထဲ​သို့​လျှောက်​သွား​ရ​သော အ​ခါ မီး​အ​လောင်​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ပြင်း​ထန်​သော​စုံ​စမ်း​ခြင်း​များ​သည်​သင်​တို့​ကို ထိ​ခိုက်​နစ်​နာ​စေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့် မြတ်​သော ဘု​ရား​သ​ခင်၊ သင်​တို့​ကို​ကယ်​တင်​သော​အ​ရှင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သော​ကြောင့်​တည်း။ ငါ​သည်​သင်​တို့​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက်​ခွင့် ရ​ရှိ​ကြ​စေ​ရန် အီ​ဂျစ်​ပြည်​ကို​စွန့်​လွှတ်​မည်။ ဆူ​ဒန်​ပြည်​နှင့် သေ​ဘ​ပြည်​ကို​ငါ​စွန့်​လွှတ်​မည်။ သင်​တို့​သည်​ငါ့​အ​ဖို့​အ​လွန်​အ​ဖိုး​တန်​သူ​များ ဖြစ်​ပြီး ငါ​ချစ်​မြတ်​နိုး​၍​ဂုဏ်​ပြု​ချီး​မြှင့်​သူ​များ​ဖြစ် သ​ဖြင့် ငါ​သည်​သင်​တို့​၏​အ​သက်​ကို​ကယ်​ရန် လူ​မျိုး​စု​တို့​ကို​စွန့်​လွှတ်​မည်။ မ​ကြောက်​ကြ​နှင့်​ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ``ဝေး​လံ​သော​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်၊ အ​စွန်​ဆုံး​ဒေ​သ​မှ​သင်​တို့​အ​မျိုး​သား​များ ကို မိ​မိ​တို့​ပြည်​သို့​ငါ​ခေါ်​ဆောင်​ခဲ့​မည်။ သူ​တို့​အား​ထွက်​ခွာ​ခွင့်​ပြု​ရန် မြောက်​အ​ရပ်​ကို​လည်း​ကောင်း၊ သူ​တို့​အား​ဆီး​တား​၍​မ​ထား​ရန် တောင်​အ​ရပ်​ကို​လည်း​ကောင်း​ငါ​ပြော​မည်။ ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​ရပ်​ဝေး​နိုင်​ငံ​များ​မှ​ငါ​၏ လူ​မျိုး​တော်​များ​ပြန်​လာ​ကြ​ပါ​စေ၊ သူ​တို့​သည်​ငါ​ပိုင်​သည့်​လူ​မျိုး​တော် ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​ရန် ငါ​ဖန်​ဆင်း​ထား​သူ​များ​ဖြစ်​ပေ​သည်'' ဟု မိန့်​တော်​မူ​၏။ ဘု​ရား​သ​ခင်​က ``ငါ​၏​လူ​မျိုး​တော်​ကို​တ​ရား​ရုံး​တော်​သို့ ဆင့်​ခေါ်​ကြ​လော့။ သူ​တို့​သည်​မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​ကြ။ နား​ရှိ​လျက်​နှင့်​မ​ကြား​ကြ​ပါ​တ​ကား။ လူ​မျိုး​တ​ကာ​တို့​အား​တ​ရား​စီ​ရင်​ရာ​သို့ ဆင့်​ခေါ်​ကြ​လော့။ သူ​တို့​၏​အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည် အ​နာ​ဂတ်​ဟော​စ​တမ်း​ကို​ထုတ်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည်​ယ​ခု​ဖြစ် ပျက်​ဆဲ အ​မှု​အ​ရာ​များ​ကို​ကြို​တင်​ဟော​ကြား​ခဲ့​ပါ သ​နည်း။ ထို​ဘု​ရား​တို့​သည်​မိ​မိ​တို့​မှန်​ကန်​၍​နေ ကြောင်း အ​ထောက်​အ​ထား​ပြ​နိုင်​ရန်​နှင့် မိ​မိ​တို့​ပြော​ဆို​ခဲ့​သည့်​အ​တိုင်း​ဟုတ်​မှန်​၍ နေ​ပုံ​ကို အ​ကိုး​အ​ကား​ပြ​နိုင်​ရန်၊ အ​သိ​သက်​သေ​များ​ကို​ခေါ်​ဆောင်​ခဲ့​ကြ​ပါ​စေ။ ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ​၏​အ​သိ​သက်​သေ​များ​တည်း။ သင်​တို့​ငါ့​အား​သိ​ကျွမ်း​ယုံ​ကြည် ကြ​စေ​ရန်​လည်း​ကောင်း၊ ငါ​သည်​တစ်​ဆူ​တည်း​သော​ဘု​ရား​ဖြစ်​ကြောင်း သိ​ရှိ​နား​လည်​ကြ​စေ​ရန်​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​အား​ငါ​၏​အ​စေ​ခံ​လူ​မျိုး အ​ဖြစ် ရွေး​ချယ်​ခဲ့​ပေ​သည်။ ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ။ အ​ဘယ်​အ​ခါ​က​မျှ​မ​ရှိ​ခဲ့။ နောင်​ကို​လည်း ရှိ​လိမ့်​မည်​မ​ဟုတ်။

ဟေရှာယ 43:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ယာကုပ်​အမျိုး​၊ သင့်​ကို​ဖန်ဆင်း​သော​အရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ အို အစ္စရေး​လူမျိုး​၊ သင့်​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​ထာဝရဘုရား​က “​မ​ကြောက်​နှင့်​။ သင့်​ကို ငါ​ရွေးနုတ်​ပြီ​။ သင့်​ကို အမည်​ဖြင့် ငါ​ခေါ်​ပြီ​။ သင့်​ကို ငါ​ပိုင်​ပြီ​။ သင်​သည် ရေ​ကို​ဖြတ်ကူး​သောအခါ သင်​နှင့်အတူ​ငါ​ရှိ​မည်​။ မြစ်​ကို​ဖြတ်ကူး​သောအခါ သင့်​ကို ရေလွှမ်း​မည်​မ​ဟုတ်​။ မီး​ထဲ​လျှောက်​သောအခါ သင့်​ကို​မီးလောင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သင့်​ကို ဟပ်​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် သင်​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​ဖြစ်​၏​။ သင်​၏​ကယ်တင်ရှင်​ဖြစ်​၏​။ သင့်​ကို ရွေးနုတ်စရာ​အဖိုးအခ​အဖြစ် အီဂျစ်​ပြည်​ကို​လည်းကောင်း​၊ သင့်​ကိုယ်စား အီသီယိုးပီးယား​ပြည်​နှင့် သေဘ​ပြည်​တို့​ကို​လည်းကောင်း ငါ​ပေးအပ်​လိုက်​၏​။ ငါ့​အဖို့ သင်​သည် အဖိုးတန်​၏​။ သင်​သည် ဂုဏ်သရေ​ရှိ​၏​။ ငါ​သည် သင့်​ကို​ချစ်​၏​။ ထို့ကြောင့် သင့်​ကိုယ်စား လူ​တို့​ကို​လည်းကောင်း​၊ သင်​၏​အသက်​ကိုယ်စား လူမျိုး​တို့​ကို​လည်းကောင်း ငါ​ပေးအပ်​လိုက်​မည်​။ မ​ကြောက်​နှင့်​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ အရှေ့​အရပ်​မှ သင်​၏​အမျိုးအနွယ်​ကို ငါ​ဆောင်​ခဲ့​မည်​။ အနောက်​အရပ်​မှ သင့်​ကို ငါ​စုစည်း​မည်​။ မြောက်အရပ်​အား ‘​ပေး​လော့​’​၊ တောင်​အရပ်​အား ‘​မ​ထိန်းချုပ်​ထား​နှင့်​’​ဟု ငါ​ဆို​မည်​။ ဝေး​သော​အရပ်​မှ ငါ့​သား​များ​နှင့် မြေကြီး​စွန်း​မှ ငါ့​သမီး​များ​ကို ခေါ်ဆောင်​ခဲ့​လော့​။ သူ​တို့​အားလုံး​ကို ငါ့​နာမ​ဖြင့် ငါ​ခေါ်​၏​။ ငါ​၏​ဘုန်းအသရေ​အတွက် ငါ​ဖန်ဆင်း​၏​။ ငါ​ပုံဖော်ဖန်ဆင်း​၍ ငါ​ဖြစ်တည်​စေ​၏​”​ဟု မိန့်​တော်မူ​၏​။ မျက်စိ​ရှိ​သော်လည်း မမြင်​သော​သူ​၊ နား​ရှိ​သော်လည်း မကြား​သော​သူ​တို့​ကို ထုတ်ဆောင်​ခဲ့​လော့​။ လူမျိုး​အပေါင်း​တို့​သည် အတူတကွ​စုရုံး​ကြ​၏​။ လူ​တို့​သည် စုဝေး​ကြ​၏​။ သူ​တို့​တွင် မည်သူ​သည် ဤ​အမှု​ကို ပြောကြား​မည်နည်း​။ ယခင်က​ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို ကျွန်ုပ်​တို့​အား မည်သူ ကြားသိ​စေ​မည်နည်း​။ သူ​တို့​မှန်ကန်​ကြောင်း​သက်သေ​ပြ​ရန် သူ​တို့​၏​သက်သေ​များ​ကို ယူဆောင်​လာ​ကြ​ပါစေ​။ လူ​တို့​သည် ကြား​၍ မှန်​သည်​ဟု ပြောဆို​ကြ​ပါစေ​။ ထာဝရဘုရား​က “​သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ သင်​တို့​သည် ငါ့​ကို​သိ​၍​ယုံကြည်​မည့်​အကြောင်း​၊ ငါ​သည် ထို​အရှင်​ဖြစ်​သည်​ကို​နားလည်​မည့်​အကြောင်း ငါ​ရွေးချယ်​သော ငါ​၏​အစေအပါး​လည်း​ဖြစ်​ကြ​၏​။ ငါ့​အလျင် မည်သည့်​ဘုရား​မျှ​မ​ရှိ​။ ငါ့​နောက်၌​လည်း မည်သည့်​ဘုရား​မျှ ရှိ​မည်​မ​ဟုတ်​။