YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 43:1-10

ဟေရှာယအနာဂတ္တိကျမ်း 43:1-10 MSBU

အို ယာကုပ်​အမျိုး​၊ သင့်​ကို​ဖန်ဆင်း​သော​အရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ အို အစ္စရေး​လူမျိုး​၊ သင့်​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​ထာဝရဘုရား​က “​မ​ကြောက်​နှင့်​။ သင့်​ကို ငါ​ရွေးနုတ်​ပြီ​။ သင့်​ကို အမည်​ဖြင့် ငါ​ခေါ်​ပြီ​။ သင့်​ကို ငါ​ပိုင်​ပြီ​။ သင်​သည် ရေ​ကို​ဖြတ်ကူး​သောအခါ သင်​နှင့်အတူ​ငါ​ရှိ​မည်​။ မြစ်​ကို​ဖြတ်ကူး​သောအခါ သင့်​ကို ရေလွှမ်း​မည်​မ​ဟုတ်​။ မီး​ထဲ​လျှောက်​သောအခါ သင့်​ကို​မီးလောင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သင့်​ကို ဟပ်​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် သင်​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​ဖြစ်​၏​။ သင်​၏​ကယ်တင်ရှင်​ဖြစ်​၏​။ သင့်​ကို ရွေးနုတ်စရာ​အဖိုးအခ​အဖြစ် အီဂျစ်​ပြည်​ကို​လည်းကောင်း​၊ သင့်​ကိုယ်စား အီသီယိုးပီးယား​ပြည်​နှင့် သေဘ​ပြည်​တို့​ကို​လည်းကောင်း ငါ​ပေးအပ်​လိုက်​၏​။ ငါ့​အဖို့ သင်​သည် အဖိုးတန်​၏​။ သင်​သည် ဂုဏ်သရေ​ရှိ​၏​။ ငါ​သည် သင့်​ကို​ချစ်​၏​။ ထို့ကြောင့် သင့်​ကိုယ်စား လူ​တို့​ကို​လည်းကောင်း​၊ သင်​၏​အသက်​ကိုယ်စား လူမျိုး​တို့​ကို​လည်းကောင်း ငါ​ပေးအပ်​လိုက်​မည်​။ မ​ကြောက်​နှင့်​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ အရှေ့​အရပ်​မှ သင်​၏​အမျိုးအနွယ်​ကို ငါ​ဆောင်​ခဲ့​မည်​။ အနောက်​အရပ်​မှ သင့်​ကို ငါ​စုစည်း​မည်​။ မြောက်အရပ်​အား ‘​ပေး​လော့​’​၊ တောင်​အရပ်​အား ‘​မ​ထိန်းချုပ်​ထား​နှင့်​’​ဟု ငါ​ဆို​မည်​။ ဝေး​သော​အရပ်​မှ ငါ့​သား​များ​နှင့် မြေကြီး​စွန်း​မှ ငါ့​သမီး​များ​ကို ခေါ်ဆောင်​ခဲ့​လော့​။ သူ​တို့​အားလုံး​ကို ငါ့​နာမ​ဖြင့် ငါ​ခေါ်​၏​။ ငါ​၏​ဘုန်းအသရေ​အတွက် ငါ​ဖန်ဆင်း​၏​။ ငါ​ပုံဖော်ဖန်ဆင်း​၍ ငါ​ဖြစ်တည်​စေ​၏​”​ဟု မိန့်​တော်မူ​၏​။ မျက်စိ​ရှိ​သော်လည်း မမြင်​သော​သူ​၊ နား​ရှိ​သော်လည်း မကြား​သော​သူ​တို့​ကို ထုတ်ဆောင်​ခဲ့​လော့​။ လူမျိုး​အပေါင်း​တို့​သည် အတူတကွ​စုရုံး​ကြ​၏​။ လူ​တို့​သည် စုဝေး​ကြ​၏​။ သူ​တို့​တွင် မည်သူ​သည် ဤ​အမှု​ကို ပြောကြား​မည်နည်း​။ ယခင်က​ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို ကျွန်ုပ်​တို့​အား မည်သူ ကြားသိ​စေ​မည်နည်း​။ သူ​တို့​မှန်ကန်​ကြောင်း​သက်သေ​ပြ​ရန် သူ​တို့​၏​သက်သေ​များ​ကို ယူဆောင်​လာ​ကြ​ပါစေ​။ လူ​တို့​သည် ကြား​၍ မှန်​သည်​ဟု ပြောဆို​ကြ​ပါစေ​။ ထာဝရဘုရား​က “​သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ သင်​တို့​သည် ငါ့​ကို​သိ​၍​ယုံကြည်​မည့်​အကြောင်း​၊ ငါ​သည် ထို​အရှင်​ဖြစ်​သည်​ကို​နားလည်​မည့်​အကြောင်း ငါ​ရွေးချယ်​သော ငါ​၏​အစေအပါး​လည်း​ဖြစ်​ကြ​၏​။ ငါ့​အလျင် မည်သည့်​ဘုရား​မျှ​မ​ရှိ​။ ငါ့​နောက်၌​လည်း မည်သည့်​ဘုရား​မျှ ရှိ​မည်​မ​ဟုတ်​။