YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 40:1-11

ဟေရှာယ 40:1-11 Judson Bible (JBMLE)

သင်​တို့၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို နှစ်​သိမ့်​စေ​ကြ​လော့။ နှစ်​သိမ့်​စေ​ကြ​လော့။ စစ်​မှု​ကို ထမ်း​ရ​သော​အ​ချိန်​စေ့​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ယေ​ရု​ရှ​လင်​မြို့​အား နှစ်​သိမ့်​စေ​သော​စ​ကား​ကို ပြော၍ ကြွေး​ကြော်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ မိ​မိ​အ​ပြစ်​အ​တွက် နှစ်​ဆ​ခံ​ရ​ပြီ။ တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။ ငါ​တို့ ဘု​ရား​သ​ခင်၏ လမ်း​ခ​ရီး​တော်​ကို လွင်​ပြင်၌ ဖြောင့်​စေ​ကြ​လော့။ ချိုင့်​ဝှမ်း​ရာ ရှိ​သ​မျှ​တို့​ကို ဖို့​ရ​မည်။ တောင်​ကြီး​တောင်​ငယ် ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​စေ​ရ​မည်။ ကြမ်း​တမ်း​သော လမ်း​များ​ကို​လည်း သုတ်​သင်​ပြင်​ဆင်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ပေါ်​ထွန်း၍၊ လူ​အ​ပေါင်း​တို့​သည် အ​တူ​မြင်​ရ​ကြ​လ​တ္တံ့​ဟု ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။ တစ်​ဖန် ထို​အ​သံ​က၊ ဟစ်​ကြော်​လော့​ဟု​ဆို​လျှင် ငါ​က၊ အ​ဘယ်​အ​ရာ​ကို ဟစ်​ကြော်​ရ​မည်​နည်း​ဟု မေး​သော်၊ လူ​မျိုး​ရှိ​သ​မျှ​သည် မြက်​ပင်​ဖြစ်၏။ လူ​မျိုး၏​ဘုန်း​ရှိ​သ​မျှ​သည်​လည်း တော​အ​ပွင့်​ကဲ့​သို့ ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား၏​လေ​တိုက်​သော​အ​ခါ၊ မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။ အ​ကယ်​စင်​စစ် လူ​တို့​သည် မြက်​ပင်​ဖြစ်​ကြ၏။ မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​မူ​ကား၊ ကာ​လ​စဉ်​အ​မြဲ​တည်၏​ဟု ဆို​သ​တည်း။ ဇိ​အုန်​တောင်​သို့ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ဆောင်​ခဲ့​သော​သူ၊ မြင့်​သော​တောင်​ပေါ်​သို့ တက်​လော့။ ယေ​ရု​ရှ​လင်​မြို့​သို့ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို​ဆောင်​ခဲ့​သော​သူ၊ ကျယ်​သော​အ​သံ​ကို လွှင့်​လော့။ မ​စိုး​ရိမ်​ဘဲ အ​သံ​ကို​လွှင့်​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ကြည့်​ရှု​ကြ​ဟု ယု​ဒ​မြို့​ရွာ​တို့​အား​ပြော​လော့။ ကြည့်​ရှု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ကြီး​သော​တန်​ခိုး​နှင့် ကြွ​လာ၍၊ လက်​ရုံး​တော်​အား​ဖြင့် အ​စိုး​ရ​တော်​မူ​လိမ့်​မည်။ မိ​မိ​ခံ​တော်​မူ​ထိုက်​သော​အ​ခ မိ​မိ၌​ပါ​လျက်၊ ဆု​လာဘ်​တော်​သည် ရှေ့​တော်၌​ရှိ၏။ မိ​မိ​သိုး​စု​ကို သိုး​ထိန်း​ကဲ့​သို့ ကျွေး​မွေး​တော်​မူ​မည်။ သိုး​သ​ငယ်​တို့​ကို ချီ၍ ပိုက်​ပွေ့​တော်​မူ​မည်။ သား​ငယ်​ရှိ​သော သိုး​မ​တို့​ကို​လည်း ဖြည်း​ညင်း​စွာ ပို့​ဆောင်​တော်​မူ​မည်။

ဟေရှာယ 40:1-11 Common Language Bible (BCL)

သင်​တို့​ဘု​ရား​သ​ခင်​က``ငါ​၏​လူ​မျိုး​တော်​ကို နှစ်​သိမ့်​စေ​ကြ​လော့။ သူ​တို့​ကို​နှစ်​သိမ့်​စေ​ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ကို အား​ပေး​ကြ​လော့။ သူ​တို့​သည်​ကြာ​မြင့်​စွာ​ဆင်း​ရဲ​ဒုက္ခ ရောက်​ခဲ့​ကြ​သ​ဖြင့်၊ သူ​တို့​၏​အ​ပြစ်​များ​ကို​ယ​ခု ငါ​ဖြေ​လွှတ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ သူ​တို့​အား​ကြား​ပြော​ကြ​လော့။ ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​များ အ​တွက် အ​ပြစ်​ဒဏ်​အ​ပြည့်​အ​ဝ​ခတ်​ခဲ့​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။ အ​သံ​တစ်​ခု​က``တော​ကန္တာ​ရ​၌​ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရန်​ခ​ရီး​လမ်း​ကို​အ​သင့်​ပြင်​ကြ​လော့၊ ငါ​တို့​ဘု​ရား​သ​ခင်​ကြွ​တော်​မူ​ရန် လမ်း​ကို​ရှင်း​လင်း​ကြ​လော့။ ချိုင့်​ဝှမ်း​ရှိ​သ​မျှ​ကို​ဖို့​၍​တောင်​ကြီး​တောင်​ငယ် အ​ပေါင်း​ကို​ဖြို​ချ​ရ​ကြ​လိမ့်​မည်။ တောင်​ကုန်း​များ​သည် မြေ​ညီ​ဖြစ်​လျက် ကြမ်း​တမ်း​သည့်​နယ်​မြေ​သည် ချော​မော​၍​လာ​ရ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ တော်​သည် ပေါ်​လွင်​ထင်​ရှား​လာ​မည်​ဖြစ်​၍၊ လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ထို​ဘုန်း အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရကြ​လိမ့်​မည်။ ယင်း​သို့​ဖြစ်​ပျက်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​က​တိ​ပြု​တော်​မူ​လေ​ပြီ'' ဟု ကြွေး​ကြော်​လေ​သည်။ ထို​အ​သံ​က``ကြွေး​ကြော်​လော့'' ဟု​ဆို​သ​ဖြင့် ``အ​ဘယ်​အ​ရာ​ကို​ကြွေး​ကြော်​ရ​ပါ​မည်​နည်း'' ဟု​ငါ​မေး​လျှင် ``လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​မြက်​ပင်​နှင့်​တူ ကြောင်း​နှင့် တော​ပန်း​များ​ကဲ့​သို့​တာ​ရှည်​မ​ခံ​ကြောင်း​ကို ကြွေး​ကြော်​လော့။ ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သည့်​လေ​နှင့် ထိ​သော​အ​ခါ၊ မြက်​ပင်​သည်​သွေ့​ခြောက်​လျက်​ပန်း​များ​သည်​လည်း ညှိုး​နွမ်း​၍​သွား​တတ်​၏။ လူ​တို့​သည်​မြက်​ပင်​တ​မျှ​သာ​လျှင် သန်​မာ​ကြ​ပါ​သည်​တ​ကား။ မြက်​ပင်​သည်​အ​မှန်​ပင်​ခြောက်​သွေ့​လျက် ပန်း​များ​သည်​လည်း​အ​မှန်​ပင်​ညှိုး​နွမ်း​တတ်​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျောက်​မ​ပျက်​တတ်'' ဟု ဆို​၏။ အို ယေ​ရု​ရှ​လင်​မြို့၊ မြင့်​သော​တောင်​ပေါ်​သို့​တက်​၍၊ သ​တင်း​ကောင်း​ကို​ကြေ​ညာ​လော့။ အို ဇိ​အုန်​တောင်၊ အ​သံ​ကျယ်​စွာ​ဟစ်​၍​သ​တင်း​ကောင်း​ကို ကြေ​ညာ​လော့။ မ​ကြောက်​နှင့်၊ ပွင့်​လင်း​စွာ​ပြော​ကြား​လော့။ ယု​ဒ​မြို့​များ​အား​သူ​တို့​၏​ဘု​ရား​သ​ခင် ကြွ​လာ​စေ​တော်​မူ​မည့်​အ​ကြောင်း​ကို​ပြော​ကြား​လော့။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကယ်​တင်​ထား​တော်​မူ​သည့် လူ​တို့​ကို​ခေါ်​၍ တန်​ခိုး​တော်​နှင့်​အုပ်​စိုး​ရန်​ကြွ​လာ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သိုး​ထိန်း​ကဲ့​သို့​မိ​မိ​၏​လူ​မျိုး တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​ငယ်​များ​ကို​စု​သိမ်း​၍ လက်​ဖြင့်​ချီ​ပွေ့​ကာ သူ​တို့​၏​မိ​ခင်​များ​ကို​ဖြည်း​ညှင်း​စွာ​လမ်း​ပြ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။

ဟေရှာယ 40:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​၏​ဘုရားသခင်​က “​ငါ​၏​လူမျိုး​တော်​ကို နှစ်သိမ့်​ပေး​ကြ​။ နှစ်သိမ့်​ပေး​ကြ​”​ဟု မိန့်​တော်မူ​၏​။ “​စစ်ပွဲ ပြီးဆုံး​ပြီ​။ ထာဝရဘုရား​၏​လက်​တော်​မှ မိမိ​အပြစ်​အတွက် နှစ်ဆ​ခံယူ​ပြီး​ပြီ​ဖြစ်၍ အပြစ်​လည်း ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​”​ဟု ဂျေရုဆလင်​မြို့​အား ကြေညာ​ပြီး နှစ်သိမ့်​ပေး​လော့​။ ကြွေးကြော်​သံ​တစ်​ခု​မှာ “​တောကန္တာရ​၌ ထာဝရဘုရား​ကြွ​တော်မူ​မည့်​လမ်း​ကို ပြင်ဆင်​ကြ​လော့​။ သဲကန္တာရ​၌ ငါ​တို့​၏​ဘုရားသခင်​ကြွ​တော်မူ​မည့် လမ်းမကြီး​ကို ဖြောင့်တန်း​စေ​ကြ​လော့​။ ချိုင့်ဝှမ်း​ရှိသမျှ​ကို ဖို့​၍ တောင်ကြီး​တောင်ငယ်​ရှိသမျှ​ကို ဖြို​ရ​မည်​။ မညီညာ​သော​မြေ​သည် ချောမွေ့​၍ ကြမ်းတမ်း​သော​နေရာ​တို့​သည် လွင်ပြင်​ဖြစ်သွား​မည်​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် ထင်ရှား​တော်မူ​မည်​။ လူ​အပေါင်း​တို့​သည် အတူတကွ​ဖူးမြင်​ရ​ကြ​လိမ့်မည်​။ အကယ်စင်စစ် ထာဝရဘုရား​၏​နှုတ်​တော်​မှ မိန့်​တော်မူ​ပြီ​”​ဟူ၍​ဖြစ်​၏​။ အသံ​တစ်​ခု​က “​ဟစ်ကြော်​လော့​”​ဟု ဆို​လျှင် တစ်ယောက်​က “​မည်သည့်​အရာ​ကို ဟစ်ကြော်​ရ​မည်နည်း​”​ဟု မေး​သော် “​လူ​အပေါင်း​တို့​သည် မြက်ပင်​ဖြစ်​ကြ​၏​။ သူ​တို့​၏​ကောင်းမြတ်​ခြင်း​ရှိသမျှ​သည်​လည်း ကွင်းပြင်​၌​ရှိ​သော​ပန်းပွင့်​ကဲ့သို့​ဖြစ်​ကြ​၏​။ ထာဝရဘုရား​အသက်​ရှူထုတ်​လိုက်​သောအခါ မြက်ပင်​သည် ခြောက်သွေ့​၍ ပန်းပွင့်​သည် ညှိုးနွမ်း​သွား​၏​။ အကယ်စင်စစ် လူ​တို့​သည် မြက်ပင်​ဖြစ်​ကြ​၏​။ မြက်ပင်​သည် ခြောက်သွေ့​တတ်​၏​။ ပန်းပွင့်​သည် ညှိုးနွမ်း​တတ်​၏​။ ငါ​တို့​ဘုရားသခင်​၏​နှုတ်ကပတ်တော်​မူကား အစဉ်အမြဲ​တည်​လိမ့်မည်​”​ဟု ဆို​လေ​၏​။ အို ဇိအုန်​တောင်​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​၊ မြင့်မား​သော​တောင်​ပေါ်သို့ တက်​လော့​။ အို ဂျေရုဆလင်​မြို့​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​၊ သင့်​အသံ​ကို အစွမ်း​ကုန်​လွှင့်​လော့​။ အသံ​ကို​လွှင့်​လော့​။ မ​ကြောက်​နှင့်​။ “​ကြည့်ရှု​လော့​။ ဤသည်ကား သင်​တို့​၏​ဘုရားသခင်​ပေတည်း​”​ဟု ယုဒ​မြို့​တို့​အား ပြောကြား​လော့​။ ကြည့်ရှု​လော့​။ ဘုရားရှင်​ထာဝရဘုရား​သည် တန်ခိုး​ဖြင့်​ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် လက်ရုံး​တော်​ဖြင့် အုပ်စိုး​တော်မူ​၏​။ ကြည့်ရှု​လော့​။ ဆုလာဘ်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​၏​။ အဖိုးအခ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​။ ကိုယ်တော်​သည် သိုးထိန်း​ကဲ့သို့ သိုးစု​ကို ထိန်းကျောင်း​တော်မူ​မည်​။ သိုးသငယ်​တို့​ကို လက်ရုံး​တော်​ဖြင့်​စုစည်း​၍ ရင်ခွင်​၌​ပွေ့ပိုက်​တော်မူ​မည်​။ သားငယ်​ရှိ​သော​သိုးမ​တို့​ကို​လည်း ညင်ညင်သာသာ​ပို့ဆောင်​တော်မူ​မည်​။