YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 40:1-11

ဟေရှာယအနာဂတ္တိကျမ်း 40:1-11 MSBU

သင်​တို့​၏​ဘုရားသခင်​က “​ငါ​၏​လူမျိုး​တော်​ကို နှစ်သိမ့်​ပေး​ကြ​။ နှစ်သိမ့်​ပေး​ကြ​”​ဟု မိန့်​တော်မူ​၏​။ “​စစ်ပွဲ ပြီးဆုံး​ပြီ​။ ထာဝရဘုရား​၏​လက်​တော်​မှ မိမိ​အပြစ်​အတွက် နှစ်ဆ​ခံယူ​ပြီး​ပြီ​ဖြစ်၍ အပြစ်​လည်း ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​”​ဟု ဂျေရုဆလင်​မြို့​အား ကြေညာ​ပြီး နှစ်သိမ့်​ပေး​လော့​။ ကြွေးကြော်​သံ​တစ်​ခု​မှာ “​တောကန္တာရ​၌ ထာဝရဘုရား​ကြွ​တော်မူ​မည့်​လမ်း​ကို ပြင်ဆင်​ကြ​လော့​။ သဲကန္တာရ​၌ ငါ​တို့​၏​ဘုရားသခင်​ကြွ​တော်မူ​မည့် လမ်းမကြီး​ကို ဖြောင့်တန်း​စေ​ကြ​လော့​။ ချိုင့်ဝှမ်း​ရှိသမျှ​ကို ဖို့​၍ တောင်ကြီး​တောင်ငယ်​ရှိသမျှ​ကို ဖြို​ရ​မည်​။ မညီညာ​သော​မြေ​သည် ချောမွေ့​၍ ကြမ်းတမ်း​သော​နေရာ​တို့​သည် လွင်ပြင်​ဖြစ်သွား​မည်​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် ထင်ရှား​တော်မူ​မည်​။ လူ​အပေါင်း​တို့​သည် အတူတကွ​ဖူးမြင်​ရ​ကြ​လိမ့်မည်​။ အကယ်စင်စစ် ထာဝရဘုရား​၏​နှုတ်​တော်​မှ မိန့်​တော်မူ​ပြီ​”​ဟူ၍​ဖြစ်​၏​။ အသံ​တစ်​ခု​က “​ဟစ်ကြော်​လော့​”​ဟု ဆို​လျှင် တစ်ယောက်​က “​မည်သည့်​အရာ​ကို ဟစ်ကြော်​ရ​မည်နည်း​”​ဟု မေး​သော် “​လူ​အပေါင်း​တို့​သည် မြက်ပင်​ဖြစ်​ကြ​၏​။ သူ​တို့​၏​ကောင်းမြတ်​ခြင်း​ရှိသမျှ​သည်​လည်း ကွင်းပြင်​၌​ရှိ​သော​ပန်းပွင့်​ကဲ့သို့​ဖြစ်​ကြ​၏​။ ထာဝရဘုရား​အသက်​ရှူထုတ်​လိုက်​သောအခါ မြက်ပင်​သည် ခြောက်သွေ့​၍ ပန်းပွင့်​သည် ညှိုးနွမ်း​သွား​၏​။ အကယ်စင်စစ် လူ​တို့​သည် မြက်ပင်​ဖြစ်​ကြ​၏​။ မြက်ပင်​သည် ခြောက်သွေ့​တတ်​၏​။ ပန်းပွင့်​သည် ညှိုးနွမ်း​တတ်​၏​။ ငါ​တို့​ဘုရားသခင်​၏​နှုတ်ကပတ်တော်​မူကား အစဉ်အမြဲ​တည်​လိမ့်မည်​”​ဟု ဆို​လေ​၏​။ အို ဇိအုန်​တောင်​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​၊ မြင့်မား​သော​တောင်​ပေါ်သို့ တက်​လော့​။ အို ဂျေရုဆလင်​မြို့​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​၊ သင့်​အသံ​ကို အစွမ်း​ကုန်​လွှင့်​လော့​။ အသံ​ကို​လွှင့်​လော့​။ မ​ကြောက်​နှင့်​။ “​ကြည့်ရှု​လော့​။ ဤသည်ကား သင်​တို့​၏​ဘုရားသခင်​ပေတည်း​”​ဟု ယုဒ​မြို့​တို့​အား ပြောကြား​လော့​။ ကြည့်ရှု​လော့​။ ဘုရားရှင်​ထာဝရဘုရား​သည် တန်ခိုး​ဖြင့်​ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် လက်ရုံး​တော်​ဖြင့် အုပ်စိုး​တော်မူ​၏​။ ကြည့်ရှု​လော့​။ ဆုလာဘ်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​၏​။ အဖိုးအခ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​။ ကိုယ်တော်​သည် သိုးထိန်း​ကဲ့သို့ သိုးစု​ကို ထိန်းကျောင်း​တော်မူ​မည်​။ သိုးသငယ်​တို့​ကို လက်ရုံး​တော်​ဖြင့်​စုစည်း​၍ ရင်ခွင်​၌​ပွေ့ပိုက်​တော်မူ​မည်​။ သားငယ်​ရှိ​သော​သိုးမ​တို့​ကို​လည်း ညင်ညင်သာသာ​ပို့ဆောင်​တော်မူ​မည်​။

​ဟေရှာယအနာဂတ္တိကျမ်း 40:1-11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။