ဟေရှာယ 25:6-9
ဟေရှာယ 25:6-9 Judson Bible (JBMLE)
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသော စပျစ်ရည်ပွဲတည်းဟူသော၊ ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။ လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကိုလည်းကောင်း၊ ခပ်သိမ်းသော လူမျိုးတို့ကိုဖုံးလွှမ်းသော တင်းတိမ်ကိုလည်းကောင်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။ သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရားအမိန့်တော်ရှိ၏။ ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟု ဆိုကြလိမ့်မည်။
ဟေရှာယ 25:6-9 Common Language Bible (BCL)
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဇိအုန် တောင်တော်ပေါ်တွင်ကမ္ဘာပေါ်ရှိလူမျိုးတကာ တို့အတွက် အမွန်မြတ်ဆုံးစားဖွယ်ခဲဖွယ်များ နှင့်အကောင်းဆုံးစပျစ်ရည်များဖြင့် ညစာ စားပွဲကြီးကိုပြင်ဆင်တော်မူလိမ့်မည်။- ထိုအရပ်တွင်ကိုယ်တော်သည်အုံ့မှိုင်းလျက်ရှိ နေသည့်ဝမ်းနည်းဖွယ်မိုးတိမ်လွှာကို လူမျိုး တကာတို့အပေါ်မှဖယ်ရှားတော်မူလိမ့်မည်။- ထာဝရဘုရားသည်သေခြင်းတရားကိုထာဝ စဉ်ချေမှုန်းဖျက်ဆီးတော်မူလိမ့်မည်။ လူခပ်သိမ်း တို့၏မျက်နှာမှမျက်ရည်များကိုသုတ်တော်မူ ၍ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိ၏လူမျိုးတော်ကြုံ တွေ့ရသည့်အရှက်ကွဲအကျိုးနည်းမှုများကို လည်းဖယ်ရှားတော်မူလိမ့်မည်။ ဤကားထာဝရ ဘုရားကိုယ်တော်တိုင်မိန့်တော်မူသောစကား ပင်ဖြစ်၏။ ဤအမှုအရာများဖြစ်ပျက်လာသောအခါ လူအပေါင်းတို့က``ကိုယ်တော်သည်ငါတို့၏ ဘုရားသခင်ဖြစ်တော်မူပါသည်တကား။ ငါတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား သည်ဖြစ်၍ ကိုယ်တော်ကလည်းငါတို့အား ကယ်ဆယ်တော်မူလေပြီ။ ကိုယ်တော်ကား ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားခဲ့ကြ၏။ ကိုယ်တော်သည်ငါတို့ကိုကယ်တင်တော် မူပြီဖြစ်၍ယခုအခါ ငါတို့သည်ဝမ်း မြောက်ကြည်နူးရွှင်မြူးအားရကြပေ သည်'' ဟုဆိုကြလိမ့်မည်။
ဟေရှာယ 25:6-9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လူအပေါင်းတို့အတွက် အကောင်းဆုံးအစားအစာနှင့် နှစ်ချို့စပျစ်ဝိုင်စားသောက်ပွဲကို ဤတောင်ပေါ်၌ ပြင်ဆင်တော်မူမည်။ ထိုစားသောက်ပွဲတွင် အဆီအနှစ်နှင့်ပြည့်သောအကောင်းဆုံးအစားအစာများ၊ သန့်စင်ထားသောနှစ်ချို့စပျစ်ဝိုင်များဖြင့် တည်ခင်းတော်မူမည်။ ကိုယ်တော်သည် လူအားလုံးတို့ကို ဖုံးအုပ်သောအဝတ်စ၊ တိုင်းနိုင်ငံအားလုံးတို့အပေါ် လွှမ်းထားသောခြုံထည်တို့ကို ဤတောင်ပေါ်တွင် ဖျက်ဆီးတော်မူမည်။ သေခြင်းကို ထာဝရပျက်စီးစေတော်မူမည်။ ဘုရားရှင်ထာဝရဘုရားသည် လူခပ်သိမ်းတို့၏မျက်နှာမှ မျက်ရည်ကို သုတ်ပေးတော်မူမည်။ မိမိလူမျိုးတော်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို မြေတစ်ပြင်လုံးမှဖယ်ရှားတော်မူမည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။ ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။