ဟေဗြဲ 11:20-31
ဟေဗြဲ 11:20-31 Judson Bible (JBMLE)
ဣဇာက်သည်လည်း၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ကို အမှတ်ပြု၍ ယာကုပ်နှင့် ဧသောကို ကောင်းချီးပေး၏။- ယာကုပ်သည်လည်း၊ သေချိန်နီးသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ယောသပ်၏ သားနှစ်ယောက်ကို ကောင်းချီးပေး၍၊ တောင်ဝှေးထိပ်အပေါ်မှာ ကိုးကွယ်လေ၏။- ယောသပ်သည် သေဆဲရှိသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးသားတို့၏ ထွက်မြောက်ခြင်းအရာကို ပြ၍၊ မိမိအရိုးတို့၏ အကြောင်းကို မှာထားလေ၏။ မောရှေကို ဖွားမြင်ပြီးမှ အဆင်းလှသော သူငယ်ဖြစ်သည်ကို မိဘတို့သည်မြင်လျှင်၊ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံး သူ့ကို ဝှက်ထားလေ၏။- မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကို သာ၍ အလိုရှိသဖြင့်လည်းကောင်း၊ အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်လည်းကောင်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖာရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကို ပယ်၏။ အကြောင်းမူကား၊ နောက်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်လျက်နေ၏။- ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကို စွန့်သွား၏။ အကြောင်းမူကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။- သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှာ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကိုလည်းကောင်း၊ အသွေးဖျန်းဆွတ်ခြင်းကိုလည်းကောင်း စောင့်လေ၏။- ဣသရေလလူတို့သည် ကုန်းကြောင်းသွားသကဲ့သို့၊ ယုံကြည်ခြင်းအားဖြင့် ဧဒုံပင်လယ်အလယ်၌ လျှောက်သွားရကြ၏။ ထိုသူတို့နည်းတူ အဲဂုတ္တုလူတို့သည် သွားမည်အားထုတ်သောအခါ နစ်မြုပ်ကြ၏။- ယေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံးဝိုင်း၍ လှည့်ပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ၏။- ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့် အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။
ဟေဗြဲ 11:20-31 Common Language Bible (BCL)
ဣဇာက်သည်ယုံကြည်ခြင်းအားဖြင့်အနာဂတ် ကာလကိုရည်မှန်း၍ယာကုပ်နှင့်ဧသောအား ကောင်းချီးပေး၏။ ယာကုပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် ယောသပ်၏သားနှစ်ယောက်ကို ကောင်းချီးပေးလေသည်။ သူသည်မိမိ၏တောင် ဝှေးထိပ်ကိုမှီပြီးလျှင်ဘုရားသခင်အား ဆုတောင်းလေ၏။ ယောသပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့လွတ်မြောက်လာမည့်အခြင်းအရာ ကိုရည်ညွှန်းပြောကြားကာ မိမိ၏အရိုး များနှင့်ပတ်သက်၍မှာကြား၏။ မောရှေကိုဖွားမြင်ပြီးနောက်သူ၏မိဘတို့သည် ယုံကြည်ခြင်းအားဖြင့်သူ့အားသုံးလတိုင်တိုင် ဝှက်ထားကြ၏။ မောရှေသည်ချစ်စရာကောင်း သောသူငယ်ဖြစ်သဖြင့် သူတို့သည်ရှင်ဘုရင် ၏အမိန့်တော်ကိုပင်လွန်ဆန်ရန်မကြောက် ကြ။ မောရှေသည်ကြီးပြင်းလာသောအခါယုံကြည် ခြင်းအားဖြင့် မိမိကိုယ်ကိုဖာရောဘုရင့်သမီး တော်၏သားဟူ၍အခေါ်မခံဘဲနေ၏။- သူသည်ခဏတာမျှအပြစ်၌ပျော်မွေ့ရသည် ထက် ဘုရားသခင်၏လူစုတော်နှင့်အတူ ဆင်းရဲဒုက္ခခံရသည်ကိုပိုမို၍လိုလား၏။- မေရှိယအရှင်၏အတွက်ခံရသောကဲ့ရဲ့ခြင်း သည် အီဂျစ်ပြည်၏စည်းစိမ်ချမ်းသာရှိသမျှ တို့ထက်ပို၍တန်ဖိုးရှိသည်ဟုယူဆ၏။ အဘယ် ကြောင့်ဆိုသော်သူသည်အနာဂတ်ကာလတွင် ရရှိမည့်အကျိုးကို အာရုံစူးစိုက်လျက်နေ သောကြောင့်ဖြစ်ပေသည်။ မောရှေသည်ယုံကြည်ခြင်းအားဖြင့်ရှင်ဘုရင် ၏အမျက်တော်သင့်မည်ကိုမကြောက်ဘဲအီဂျစ် ပြည်မှထွက်ခွာခဲ့၏။ သူသည်မျက်စိဖြင့်မတွေ့ မမြင်နိုင်သောဘုရားသခင်အားတွေ့မြင်ရ ဘိသကဲ့သို့နောက်မဆုတ်ဘဲနေ၏။- ဣသရေလအမျိုးသားတို့၏သားဦးများကို သေမင်းတမန်မသတ်စေရန် သူသည်ယုံကြည် ခြင်းအားဖြင့်ပသခါပွဲကိုစီမံ၍ တံခါး တိုင်များကိုသွေးဖြင့်ပက်ဖျန်းစေ၏။ ယုံကြည်ခြင်းအားဖြင့်ဣသရေလအမျိုးသား တို့သည်ကုန်းလမ်းခရီးပြုသည့်အလားပင် လယ်နီကိုဖြတ်ကျော်ကြ၏။ အီဂျစ်အမျိုးသား တို့ ယင်းသို့ဖြတ်ကျော်ကြသောအခါမူရေနစ်၍ သေဆုံးကြကုန်၏။ ယုံကြည်ခြင်းအားဖြင့်ဣသရေလအမျိုးသား တို့သည်ခုနစ်ရက်တိုင်တိုင်ယေရိခေါမြို့ကို လှည့်ပတ်ချီတက်ကြပြီးနောက်မြို့ရိုးများ ကိုပြိုကျစေ၏။- ပြည့်တန်ဆာရာခပ်သည်ဣသရေလသူလျှိုတို့ အားဖော်ရွေစွာလက်ခံခဲ့သည့်အတွက် ဘုရား သခင်၏စကားကိုနားမထောင်သူတို့နှင့် အတူအသတ်မခံရပေ။
ဟေဗြဲ 11:20-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယုံကြည်ခြင်းအားဖြင့် ဣဇက်သည် နောင်ဖြစ်မည့်အရာများနှင့်ပတ်သက်၍ ယာကုပ်နှင့်ဧသောတို့ကို ကောင်းချီးပေး၏။ ယာကုပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် ယောသပ်၏သားတစ်ဦးစီကို ကောင်းချီးပေး၍ မိမိတောင်ဝှေးထိပ်ကိုမှီလျက်ရှိခိုးလေ၏။ ယောသပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် အစ္စရေးအမျိုးသားတို့၏ထွက်မြောက်ခြင်းအကြောင်းကို ပြောပြလျက် မိမိ၏အရိုးများနှင့်ပတ်သက်၍ မှာကြားခဲ့၏။ မောရှေဖွားမြင်သောအခါ အဆင်းလှသောသူငယ်ဖြစ်ကြောင်း သူ၏မိဘတို့မြင်သဖြင့် ရှင်ဘုရင်၏အမိန့်တော်ကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် သူ့ကိုသုံးလပတ်လုံးဝှက်ထားကြ၏။ မောရှေသည် အရွယ်ရောက်သောအခါ ဖာရောဘုရင်သမီးတော်၏သားဟုခေါ်ဝေါ်ခြင်းခံရသည်ကိုငြင်းပယ်၍ အပြစ်နှင့်ဆိုင်သောပျော်ရွှင်မှုကို ခဏသာခံစားရခြင်းထက် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကို ယုံကြည်ခြင်းအားဖြင့်ရွေးချယ်၏။ သူသည် အကျိုးကျေးဇူးကို ရှေးရှုမျှော်မှန်းလျက်နေသောကြောင့် ခရစ်တော်အတွက်ကဲ့ရဲ့ပြစ်တင်ခြင်းခံရသည်ကို အီဂျစ်ပြည်၏ဥစ္စာဘဏ္ဍာများထက် ပို၍မြတ်သောစည်းစိမ်ဖြစ်သည်ဟု မှတ်ယူလေ၏။ သူသည် မမြင်ရသောအရှင်ကိုမြင်နေရသကဲ့သို့ သည်းခံတည်ကြည်ခဲ့သည်ဖြစ်၍ ရှင်ဘုရင်၏ပြင်းစွာသောဒေါသကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် အီဂျစ်ပြည်ကိုစွန့်ခွာခဲ့၏။ သားဦးတို့ကိုဖျက်ဆီးသောသူသည် အစ္စရေးလူမျိုးတို့ကိုမထိခိုက်စေရန် သူသည် ယုံကြည်ခြင်းအားဖြင့် ပသခါပွဲတော်နှင့်သွေးဖျန်းခြင်းတို့ကို စီမံဆောင်ရွက်လေ၏။ အစ္စရေးအမျိုးသားတို့သည် ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီကို ခြောက်သွေ့သောမြေကဲ့သို့ဖြတ်သွားကြ၏။ ထိုနည်းတူပြုရန် ကြံစည်အားထုတ်သောအီဂျစ်အမျိုးသားတို့သည် နစ်မြုပ်ကြကုန်၏။ ယုံကြည်ခြင်းအားဖြင့် ဂျေရိခေါမြို့ကို ခုနစ်ရက်တိုင်တိုင် ဝိုင်းရံလှည့်ပတ်ကြရာ မြို့ရိုးသည်ပြိုကျလေ၏။ ပြည့်တန်ဆာရာခပ်သည် ယုံကြည်ခြင်းအားဖြင့် သူလျှိုတို့ကို ငြိမ်းချမ်းစွာလက်ခံသောကြောင့် မယုံကြည်သောသူတို့နှင့်အတူမပျက်စီးခဲ့ရပေ။