YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 11:20-31

ဟေဗြဲဩဝါဒစာ 11:20-31 MSBU

ယုံကြည်​ခြင်း​အားဖြင့် ဣဇက်​သည် နောင်​ဖြစ်​မည့်​အရာ​များ​နှင့်​ပတ်သက်၍ ယာကုပ်​နှင့်​ဧသော​တို့​ကို ကောင်းချီး​ပေး​၏။ ယာကုပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံကြည်​ခြင်း​အားဖြင့် ယောသပ်​၏​သား​တစ်ဦးစီ​ကို ကောင်းချီး​ပေး​၍ မိမိ​တောင်ဝှေး​ထိပ်​ကို​မှီ​လျက်​ရှိခိုး​လေ​၏။ ယောသပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံကြည်​ခြင်း​အားဖြင့် အစ္စရေး​အမျိုးသား​တို့​၏​ထွက်မြောက်​ခြင်း​အကြောင်း​ကို ပြောပြ​လျက် မိမိ​၏​အရိုး​များ​နှင့်​ပတ်သက်၍ မှာကြား​ခဲ့​၏။ မောရှေ​ဖွားမြင်​သောအခါ အဆင်းလှ​သော​သူငယ်​ဖြစ်​ကြောင်း သူ​၏​မိဘ​တို့​မြင်​သဖြင့် ရှင်ဘုရင်​၏​အမိန့်​တော်​ကို​ပင်​မ​ကြောက်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ့​ကို​သုံး​လ​ပတ်လုံး​ဝှက်​ထား​ကြ​၏။ မောရှေ​သည် အရွယ်ရောက်​သောအခါ ဖာရော​ဘုရင်​သမီး​တော်​၏​သား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သည်​ကို​ငြင်းပယ်​၍ အပြစ်​နှင့်ဆိုင်သော​ပျော်ရွှင်​မှု​ကို ခဏ​သာ​ခံစား​ရ​ခြင်း​ထက် ဘုရားသခင်​၏​လူမျိုး​တော်​နှင့်အတူ ဆင်းရဲ​ဒုက္ခ​ခံရ​ခြင်း​ကို ယုံကြည်​ခြင်း​အားဖြင့်​ရွေးချယ်​၏။ သူ​သည် အကျိုးကျေးဇူး​ကို ရှေးရှု​မျှော်မှန်း​လျက်​နေ​သောကြောင့် ခရစ်တော်​အတွက်​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​သည်​ကို အီဂျစ်​ပြည်​၏​ဥစ္စာ​ဘဏ္ဍာ​များ​ထက် ပို၍​မြတ်​သော​စည်းစိမ်​ဖြစ်​သည်​ဟု မှတ်ယူ​လေ​၏။ သူ​သည် မ​မြင်ရ​သော​အရှင်​ကို​မြင်​နေ​ရ​သကဲ့သို့ သည်းခံ​တည်ကြည်​ခဲ့​သည်​ဖြစ်၍ ရှင်ဘုရင်​၏​ပြင်းစွာ​သော​ဒေါသ​ကို​ပင်​မ​ကြောက်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် အီဂျစ်​ပြည်​ကို​စွန့်ခွာ​ခဲ့​၏။ သားဦး​တို့​ကို​ဖျက်ဆီး​သော​သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ထိခိုက်​စေရန် သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ပသခါ​ပွဲတော်​နှင့်​သွေး​ဖျန်း​ခြင်း​တို့​ကို စီမံ​ဆောင်ရွက်​လေ​၏။ အစ္စရေး​အမျိုးသား​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ပင်လယ်​နီ​ကို ခြောက်သွေ့​သော​မြေ​ကဲ့သို့​ဖြတ်​သွား​ကြ​၏။ ထိုနည်းတူ​ပြု​ရန် ကြံစည်​အားထုတ်​သော​အီဂျစ်​အမျိုးသား​တို့​သည် နစ်မြုပ်​ကြ​ကုန်​၏။ ယုံကြည်​ခြင်း​အားဖြင့် ဂျေရိခေါ​မြို့​ကို ခုနစ်​ရက်​တိုင်တိုင် ဝိုင်းရံ​လှည့်ပတ်​ကြ​ရာ မြို့ရိုး​သည်​ပြိုကျ​လေ​၏။ ပြည့်တန်ဆာ​ရာခပ်​သည် ယုံကြည်​ခြင်း​အားဖြင့် သူလျှို​တို့​ကို ငြိမ်းချမ်း​စွာ​လက်ခံ​သောကြောင့် မ​ယုံကြည်​သော​သူ​တို့​နှင့်အတူ​မ​ပျက်စီး​ခဲ့​ရ​ပေ။