YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟဗက္ကုတ် 3:2-19

ဟဗက္ကုတ် 3:2-19 Judson Bible (JBMLE)

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဗျာ​ဒိတ်​တော်​သံ​ကို ကြား၍ ကြောက်​ရွံ့​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​နှစ်​များ​အ​တွင်း​တွင် အ​မှု​တော်​ကို ပြု​ပြင်​တော်​မူ​ပါ။ ယ​ခု​နှစ်​များ​အ​တွင်း​တွင် ထင်​ရှား​စေ​တော်​မူ​ပါ။ အ​မျက်​ထွက်​တော်​မူ​သော်​လည်း က​ရု​ဏာ​တ​ရား​ကို အောက်​မေ့​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည် တေ​မန်​မြို့​မှ​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဘု​ရား​သည် ပါ​ရန်​တောင်​မှ​လည်း​ကောင်း ကြွ​တော်​မူ၏။ ဘုန်း​တော်​သည် မိုး​ကောင်း​ကင်​ကို ဖုံး​အုပ်​လျက်၊ မြေ​ကြီး​သည် ဂုဏ်​အ​သ​ရေ​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ၏။ အ​ဆင်း​အ​ရောင်​တော်​သည် နေ​ရောင်​ကဲ့​သို့ ဖြစ်၏။ လက်​တော်​မှ ရောင်​ခြည်​သည် ထွက်၍၊ ဘုန်း​အာ​နု​ဘော်​တော်​ကို ကွယ်​ကာ​လေ၏။ ရှေ့​တော်၌ ကာ​လ​နာ​ဘေး​သည်​သွား၍၊ ပူ​လောင်​ခြင်း​ဘေး​သည် ခြေ​တော်​ကို ခြံ​ရံ​လျက်​ရှိ၏။ ရပ်၍ မြေ​ကြီး​ကို​တိုင်း​တော်​မူ၏။ ကြည့်​ရှု၍ လူ​မျိုး​တို့​ကို တုန်​လှုပ်​စေ​တော်​မူ၏။ အ​စဉ်​အ​မြဲ​တည်​သော တောင်​တို့​သည် ကျိုး​ပဲ့၍၊ ထာ​ဝ​ရ​ကုန်း​ရိုး​တို့​သည် ညွတ်​ကြ၏။ ထာ​ဝ​ရ​လမ်း​တို့​ကို ကြွ​တော်​မူ၏။ ကု​ရှန်​ပြည်၌ တဲ​တို့​သည် ဆင်း​ရဲ​ခံ​ခြင်း၊ မိ​ဒျန်​ပြည်၌ ကု​လား​ကာ​တို့​သည် လှုပ်​ရှား​ခြင်း​ကို ငါ​မြင်၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကယ်​တင်​ရာ​မြင်း​ရ​ထား​တော်​ကို စီး​တော်​မူ​မည်​အ​ကြောင်း၊ မြစ်​တို့​ကို အ​မျက်​ထွက်​တော်​မူ​သ​လော။ မြစ်​များ​တစ်​ဖက်၌ စိတ်​ထ​တော်​မူ​သ​လော။ ပင်​လယ်​ကို ရန်​ငြိုး​ဖွဲ့​တော်​မူ​သ​လော။ ကိုယ်​တော်​သည် အ​မျိုး​အ​နွယ်​တော်​တို့၌ ထား​တော်​မူ​သော သ​စ္စာ​က​တိ​ရှိ​သည်​အ​တိုင်း၊ လေး​လက်​နက်​တော်​ကို ထုတ်​ပြ​တော်​မူ၏။ မြေ​ကြီး၌ မြစ်​တို့​ကို ပေါက်​စေ​တော်​မူ၏။ တောင်​တို့​သည် ကိုယ်​တော်​ကို မြင်၍ တုန်​လှုပ်​ကြ​ပါ၏။ လျှံ​သော​ရေ​သည် လွှမ်း​မိုး​ပါ၏။ ပင်​လယ်​သည် အော်​ဟစ်၍ လက်​ကို ချီ​ပါ၏။ နေ​နှင့် လ​သည် မိ​မိ​တို့​နေ​ရာ၌ ရပ်၍ နေ​ပါ၏။ သူ​တို့ အ​လင်း၌ မြား​တော်​တို့​သည် သွား၍၊ သူ​တို့​ရောင်​ခြည်၌ လှံ​တော်​သည်​လည်း လျှပ်​စစ်​ပြက်​ပါ၏။ အ​မျက်​တော်​ထွက်​လျက် တစ်​ပြည်​လုံး ချီ​သွား၍၊ ဒေါ​သ​စိတ်​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို နင်း​နယ်​တော်​မူ၏။ ကိုယ်​တော်၏​လူ​တို့​ကို ကယ်​တင်​ခြင်း၊ ကိုယ်​တော်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ ထွက်​ကြွ​တော်​မူ၏။ အ​ဓ​မ္မ​လူ၏​အိမ်၌ ဦး​ခေါင်း​ကို နှိပ်​စက်၍၊ မူ​လ​အ​မြစ်​ကို လည်​ပင်း​တိုင်​အောင် ပယ်​ရှင်း​တော်​မူ၏။ ဗိုလ်​မင်း​တို့၏ ဦး​ခေါင်း​ကို မြား​တော်​တို့​နှင့် ထုတ်​ချင်း​ခပ် ထိုး​တော်​မူ၏။ ထို​သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို လွင့်​စေ​ခြင်း​ငှာ လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့ တိုက်​ကြ​ပါ၏။ ဆင်း​ရဲ​သား​တို့​ကို အ​မှတ်​တ​မဲ့ ကိုက်​စား​မည့်​အ​ကြံ​ရှိ​သ​ကဲ့​သို့ ဝမ်း​မြောက်​ကြ​ပါ၏။ ကိုယ်​တော်​သည် မြင်း​တော်​များ​ကို စီး၍၊ ရေ​ဟုန်း​ဟုန်း​မြည်​သော ပင်​လယ်​အ​လယ်​သို့ ချီ​သွား​တော်​မူ၏။ ဗျာ​ဒိတ်​တော်​သံ​ကို ငါ​ကြား​သော​အ​ခါ ရင်၌ လှုပ်​ရှား​ခြင်း၊ မေး​ခိုင်​ခြင်း၊ အ​ရိုး​ဆွေး​မြေ့​ခြင်း၊ တစ်​ကိုယ်​လုံး တုန်​လှုပ်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​မှု​ရောက်​သော​နေ့၊ လုပ်​ကြံ​သော​သူ​သည် ငါ၏​လူ​မျိုး​ကို တိုက်​လာ​သော နေ့​တိုင်​အောင် ငါ​သည် နေ​ရစ်​ရ​မည်။ သင်္ဘော​သ​ဖန်း​ပင် မ​ပွင့်​ရ၊ စ​ပျစ်​ပင် မ​သီး​ရ၊ သံ​လွင်​ပင်၏​ကျေး​ဇူး​ကို မျှော်​လင့်၍​မ​ခံ​ရ၊ လယ်​တို့​သည် အ​သီး​အ​နှံ​ကို မ​ပေး​ရ၊ သိုး​ခြံ၌ သိုး​ကုန်၍ တင်း​ကုပ်၌ နွား​မ​ရှိ​ရ။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဝမ်း​မြောက်၍၊ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​မည်။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့​ဖြစ်​စေ၍၊ ငါ၏​မြင့်​ရာ အ​ရပ်​ပေါ်​မှာ ငါ့​ကို​နေ​ရာ​ချ​တော်​မူ​မည်။ ပ​ရော​ဖက်​ဟ​ဗ​က္ကုတ် စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ဟဗက္ကုတ် 3:2-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော့်​အကြောင်း​ကို​ကြား​ရ​၍ အကျွန်ုပ်​ကြောက်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​များ​ကို အကျွန်ုပ်​တို့​ခေတ်​ကာလ​တွင် ထပ်မံ​ပြု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​ခေတ်​ကာလ​တွင် ထင်ရှား​စေ​တော်မူ​ပါ​။ အမျက်​ထွက်​သော်လည်း ကရုဏာ​တော်​ကို ပြန်လည်​အောက်မေ့​တော်မူ​ပါ​။ ဘုရားသခင်​သည် တေမန်​မြို့​မှ ကြွလာ​တော်မူ​၏​။ သန့်ရှင်း​တော်မူ​သော​အရှင်​သည် ပါရန်​တောင်​မှ ကြွလာ​တော်မူ​၏​။ ကိုယ်တော်​၏​ဘုန်း​တော်​သည် ကောင်းကင်​တစ်ပြင်လုံး​ကို​ဖုံးလွှမ်း​၍ ဂုဏ်တော်ချီးမွမ်းသံ​သည်​လည်း မြေ​တစ်ပြင်လုံး ပျံ့နှံ့​လေ​၏​။ (စေလာ) ရောင်ခြည်​တော်​သည် အရုဏ်တက်​အလင်း​ကဲ့သို့​ဖြစ်​၏​။ လက်​တော်​မှ​အလင်း​ဖြာထွက်​၍ ထို​အထဲ​တွင် ကိုယ်တော်​၏​တန်ခိုး​တော် ကိန်းအောင်း​လျက်​နေ​၏​။ ကပ်ရောဂါ​သည် ကိုယ်တော့်​ရှေ့​မှ​သွား​၍ ပူလောင်​ခြင်း​သည် ခြေ​တော်​ရာ​နောက်​မှ​ထက်ကြပ်မကွာ​လိုက်​၏​။ ရပ်​တော်မူ​လျှင် မြေကြီး​လှုပ်​၍ ကြည့်​တော်မူ​လျှင် တိုင်းနိုင်ငံ​တို့ တုန်လှုပ်​ကြ​လေ​၏​။ ရှေး​တောင်ကြီး​များ​လည်း ကွဲလွင့်​၍ ရှေး​တောင်ကုန်း​များ​လည်း နိမ့်ဝင်​ကုန်​၏​။ နည်းလမ်း​တော်​တို့​မူကား ထာဝရ​တည်​၏​။ ကုရှန်​ပြည်​၏​တဲ​တို့​သည် စုတ်ပြတ်​၍ မိဒျန်​ပြည်​၏​ရွက်ထည်​တို့​သည် လှုပ်ခတ်​နေ​သည်​ကို ငါ​မြင်​ရ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အောင်ပွဲခံ​မြင်း​တော်​၊ ရထား​တော်​တို့​ကို စီး​တော်မူ​သည်​မှာ ချောင်း​တို့​ကို စိတ်ဆိုး​၍​လော​။ မြစ်​တို့​ကို အမျက်ထွက်​၍​လော​။ ပင်လယ်​ကို ဒေါသ​ထွက်​၍​လော​။ ကိုယ်တော်​သည် လေး​ကို​ထုတ်​တော်မူ​ပြီ​။ မြား​တို့​ကို​လည်း အသင့်ပြင်​ထား​တော်မူ​ပြီ​။ (​စေလာ​) ကိုယ်တော်​သည် မြေကြီး​ကို မြစ်ရေ​များ​ဖြင့် တိုက်ခွဲ​တော်မူ​ပြီ​။ တောင်​များ​သည် ကိုယ်တော်​ကို​မြင်​လျှင် တုန်လှုပ်​ကြ​ပါ​၏​။ မိုးသက်မုန်တိုင်း​လည်း တိုက်ခတ်​ပါ​၏​။ နက်ရှိုင်း​ရာ​အရပ်​သည် ဟုန်းသံ​ပေး​၍ မိမိ​လက်​များ​ကို​လည်း အထက်​သို့​မြှောက်​ပါ​၏​။ မြား​တော်​တို့​မှ လင်းလက်​သော​အရောင်​နှင့် လှံ​တော်​မှ ဖြာထွက်​သော​အလင်းရောင်ခြည်​တို့​ကြောင့် နေ​၊ လ​တို့​သည် ကောင်းကင်​တွင် တန့်​လျက်​နေ​ပါ​၏​။ ကိုယ်တော်​သည် မြေ​တစ်ပြင်လုံး​သို့ အမျက်​နှင့်​ချီသွား​၍ ဒေါသ​နှင့် လူမျိုးတကာ​တို့​ကို​နင်းချေ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​လူမျိုး​တော်​ကို​ကယ်တင်​ရန်​နှင့် ကိုယ်တော်​ဘိသိက်ပေး​ထား​သော​သူ​ကို​ကယ်တင်​ရန် ကြွလာ​တော်မူ​ပြီ​။ အိမ်​ကို အုတ်မြစ်​မှ​အမိုး​တိုင်အောင်​လှန်ပစ်​သကဲ့သို့ ဆိုးယုတ်​သော​အမျိုးအနွယ်​၏​အကြီးအမှူး​ကို ချေမှုန်း​တော်မူ​၏​။ (စေလာ) အဖိနှိပ်​ခံရ​သော​သူ​တို့​ကို ကွယ်​ရာ​၌ ဝါးမျို​ရ​သည်​ကို အားရ​နှစ်သက်​၍ အကျွန်ုပ်​တို့​ကို​ကွဲလွင့်​သွား​အောင် လေပွေ​သဖွယ်​တိုက်ခိုက်​လာ​သော​သူ​၏​စစ်သည်​တို့​ဦးခေါင်း​ကို သူ​၏​လှံ​ဖြင့်​ပင် ထိုးဖောက်​တော်မူ​၏​။ ကိုယ်တော်​သည် မြင်း​တော်​များ​ဖြင့် လှိုင်းထန်​နေ​သော​ပင်လယ်ပြင်​ကြီး​ကို ဖြတ်သွား​တော်မူ​၏​။ အကျွန်ုပ်​သည် အသံ​တော်​ကို​ကြား​ရ​သောအခါ ရင်တုန်​ရ​ပါ​၏​၊ အသံ​တော်​ကြောင့် နှုတ်ခမ်း​လည်း တုန်ခါ​ပါ​၏​။ အရိုး​များ​လည်း ဆွေးမြည့်​ပါ​၏​။ ခြေ​များ​လည်း မခိုင်​တော့​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အကျွန်ုပ်​တို့​အား ကျူးကျော်တိုက်ခိုက်​သော​လူမျိုး​တို့​ရောက်လာ​သော​နေ့​တိုင်အောင် အကျွန်ုပ်​သည် နေရစ်​ရ​ပါ​မည်​။ သဖန်းပင် မ​ပွင့်​၊ စပျစ်ပင် မ​သီး​၊ သံလွင်ပင်​လည်း မ​ဖြစ်ထွန်း​၊ လယ်ယာ​သီးနှံ​လည်း မ​ထွက်​၊ သိုး​ခြံ​မှ သိုး​ပြတ်​၍ တင်းကုပ်​များ​၌ နွား​တစ်​ကောင်​မျှ​မ​ရှိ​သော်လည်း ငါ​သည် ထာဝရဘုရား​၌ ဝမ်းမြောက်​မည်​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၌ ရွှင်လန်း​မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ခွန်အား ဖြစ်​တော်မူ​၏​။ ငါ​၏​ခြေ​တို့​ကို သမင်​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍ မြင့်မြတ်​ကောင်းမွန်​သော​နေရာ​တို့​၌ ငါ့​ကို သွားလာ​စေ​တော်မူ​၏​။ (​ဂီတမှူး​အတွက်​၊ ကြိုးတပ်​တူရိယာ​သံစဉ်)​။