YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟာဗက္ကုတ်အနာဂတ္တိကျမ်း 3:2-19

ဟာဗက္ကုတ်အနာဂတ္တိကျမ်း 3:2-19 MSBU

အို ထာဝရဘုရား​၊ ကိုယ်တော့်​အကြောင်း​ကို​ကြား​ရ​၍ အကျွန်ုပ်​ကြောက်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​များ​ကို အကျွန်ုပ်​တို့​ခေတ်​ကာလ​တွင် ထပ်မံ​ပြု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​ခေတ်​ကာလ​တွင် ထင်ရှား​စေ​တော်မူ​ပါ​။ အမျက်​ထွက်​သော်လည်း ကရုဏာ​တော်​ကို ပြန်လည်​အောက်မေ့​တော်မူ​ပါ​။ ဘုရားသခင်​သည် တေမန်​မြို့​မှ ကြွလာ​တော်မူ​၏​။ သန့်ရှင်း​တော်မူ​သော​အရှင်​သည် ပါရန်​တောင်​မှ ကြွလာ​တော်မူ​၏​။ ကိုယ်တော်​၏​ဘုန်း​တော်​သည် ကောင်းကင်​တစ်ပြင်လုံး​ကို​ဖုံးလွှမ်း​၍ ဂုဏ်တော်ချီးမွမ်းသံ​သည်​လည်း မြေ​တစ်ပြင်လုံး ပျံ့နှံ့​လေ​၏​။ (စေလာ) ရောင်ခြည်​တော်​သည် အရုဏ်တက်​အလင်း​ကဲ့သို့​ဖြစ်​၏​။ လက်​တော်​မှ​အလင်း​ဖြာထွက်​၍ ထို​အထဲ​တွင် ကိုယ်တော်​၏​တန်ခိုး​တော် ကိန်းအောင်း​လျက်​နေ​၏​။ ကပ်ရောဂါ​သည် ကိုယ်တော့်​ရှေ့​မှ​သွား​၍ ပူလောင်​ခြင်း​သည် ခြေ​တော်​ရာ​နောက်​မှ​ထက်ကြပ်မကွာ​လိုက်​၏​။ ရပ်​တော်မူ​လျှင် မြေကြီး​လှုပ်​၍ ကြည့်​တော်မူ​လျှင် တိုင်းနိုင်ငံ​တို့ တုန်လှုပ်​ကြ​လေ​၏​။ ရှေး​တောင်ကြီး​များ​လည်း ကွဲလွင့်​၍ ရှေး​တောင်ကုန်း​များ​လည်း နိမ့်ဝင်​ကုန်​၏​။ နည်းလမ်း​တော်​တို့​မူကား ထာဝရ​တည်​၏​။ ကုရှန်​ပြည်​၏​တဲ​တို့​သည် စုတ်ပြတ်​၍ မိဒျန်​ပြည်​၏​ရွက်ထည်​တို့​သည် လှုပ်ခတ်​နေ​သည်​ကို ငါ​မြင်​ရ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အောင်ပွဲခံ​မြင်း​တော်​၊ ရထား​တော်​တို့​ကို စီး​တော်မူ​သည်​မှာ ချောင်း​တို့​ကို စိတ်ဆိုး​၍​လော​။ မြစ်​တို့​ကို အမျက်ထွက်​၍​လော​။ ပင်လယ်​ကို ဒေါသ​ထွက်​၍​လော​။ ကိုယ်တော်​သည် လေး​ကို​ထုတ်​တော်မူ​ပြီ​။ မြား​တို့​ကို​လည်း အသင့်ပြင်​ထား​တော်မူ​ပြီ​။ (​စေလာ​) ကိုယ်တော်​သည် မြေကြီး​ကို မြစ်ရေ​များ​ဖြင့် တိုက်ခွဲ​တော်မူ​ပြီ​။ တောင်​များ​သည် ကိုယ်တော်​ကို​မြင်​လျှင် တုန်လှုပ်​ကြ​ပါ​၏​။ မိုးသက်မုန်တိုင်း​လည်း တိုက်ခတ်​ပါ​၏​။ နက်ရှိုင်း​ရာ​အရပ်​သည် ဟုန်းသံ​ပေး​၍ မိမိ​လက်​များ​ကို​လည်း အထက်​သို့​မြှောက်​ပါ​၏​။ မြား​တော်​တို့​မှ လင်းလက်​သော​အရောင်​နှင့် လှံ​တော်​မှ ဖြာထွက်​သော​အလင်းရောင်ခြည်​တို့​ကြောင့် နေ​၊ လ​တို့​သည် ကောင်းကင်​တွင် တန့်​လျက်​နေ​ပါ​၏​။ ကိုယ်တော်​သည် မြေ​တစ်ပြင်လုံး​သို့ အမျက်​နှင့်​ချီသွား​၍ ဒေါသ​နှင့် လူမျိုးတကာ​တို့​ကို​နင်းချေ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​လူမျိုး​တော်​ကို​ကယ်တင်​ရန်​နှင့် ကိုယ်တော်​ဘိသိက်ပေး​ထား​သော​သူ​ကို​ကယ်တင်​ရန် ကြွလာ​တော်မူ​ပြီ​။ အိမ်​ကို အုတ်မြစ်​မှ​အမိုး​တိုင်အောင်​လှန်ပစ်​သကဲ့သို့ ဆိုးယုတ်​သော​အမျိုးအနွယ်​၏​အကြီးအမှူး​ကို ချေမှုန်း​တော်မူ​၏​။ (စေလာ) အဖိနှိပ်​ခံရ​သော​သူ​တို့​ကို ကွယ်​ရာ​၌ ဝါးမျို​ရ​သည်​ကို အားရ​နှစ်သက်​၍ အကျွန်ုပ်​တို့​ကို​ကွဲလွင့်​သွား​အောင် လေပွေ​သဖွယ်​တိုက်ခိုက်​လာ​သော​သူ​၏​စစ်သည်​တို့​ဦးခေါင်း​ကို သူ​၏​လှံ​ဖြင့်​ပင် ထိုးဖောက်​တော်မူ​၏​။ ကိုယ်တော်​သည် မြင်း​တော်​များ​ဖြင့် လှိုင်းထန်​နေ​သော​ပင်လယ်ပြင်​ကြီး​ကို ဖြတ်သွား​တော်မူ​၏​။ အကျွန်ုပ်​သည် အသံ​တော်​ကို​ကြား​ရ​သောအခါ ရင်တုန်​ရ​ပါ​၏​၊ အသံ​တော်​ကြောင့် နှုတ်ခမ်း​လည်း တုန်ခါ​ပါ​၏​။ အရိုး​များ​လည်း ဆွေးမြည့်​ပါ​၏​။ ခြေ​များ​လည်း မခိုင်​တော့​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အကျွန်ုပ်​တို့​အား ကျူးကျော်တိုက်ခိုက်​သော​လူမျိုး​တို့​ရောက်လာ​သော​နေ့​တိုင်အောင် အကျွန်ုပ်​သည် နေရစ်​ရ​ပါ​မည်​။ သဖန်းပင် မ​ပွင့်​၊ စပျစ်ပင် မ​သီး​၊ သံလွင်ပင်​လည်း မ​ဖြစ်ထွန်း​၊ လယ်ယာ​သီးနှံ​လည်း မ​ထွက်​၊ သိုး​ခြံ​မှ သိုး​ပြတ်​၍ တင်းကုပ်​များ​၌ နွား​တစ်​ကောင်​မျှ​မ​ရှိ​သော်လည်း ငါ​သည် ထာဝရဘုရား​၌ ဝမ်းမြောက်​မည်​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၌ ရွှင်လန်း​မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ခွန်အား ဖြစ်​တော်မူ​၏​။ ငါ​၏​ခြေ​တို့​ကို သမင်​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍ မြင့်မြတ်​ကောင်းမွန်​သော​နေရာ​တို့​၌ ငါ့​ကို သွားလာ​စေ​တော်မူ​၏​။ (​ဂီတမှူး​အတွက်​၊ ကြိုးတပ်​တူရိယာ​သံစဉ်)​။