ကမ္ဘာဦး 41:1-57
ကမ္ဘာဦး 41:1-57 Judson Bible (JBMLE)
ထိုနောက်နှစ်နှစ်လွန်သောအခါ၊ ဖာရောမင်းသည် အိပ်မက်ကိုမြင်မက်သည်ကား၊ မိမိသည် မြစ်နား၌ရပ်နေ၏။ အဆင်းလှ၍ဝသောနွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ မြစ်နားမှာပေါက်သောမြက်ပင်ကို စားလျက်နေကြ၏။ ထိုနွားတို့နောက်မှ အဆင်းမလှ၊ ပိန်သောနွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ အရင်နွားတို့အနား၌ ကမ်းပေါ်မှာရပ်နေကြ၏။ အဆင်းမလှပိန်သောနွားတို့သည်၊ အဆင်းလှ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ ဖာရောမင်းလည်းနိုးလေ၏။ တစ်ဖန်အိပ်ပြန်၍ အိပ်မက်ကိုမြင်မက်ပြန်သည်ကား၊ အလုံးကြီး၍ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတစ်ပင်တည်း၌ဖြစ်ကြ၏။ ထိုနောက်မှ အလုံးသေး၍ အရှေ့လေဖြင့်ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။ အလုံးသေးသောစပါးခုနစ်နှံတို့သည် အလုံးကြီး၍ကောင်းသော စပါးခုနစ်နှံတို့ကိုစားကြ၏။ ဖာရောမင်းလည်းနိုး၍ အိပ်မက်ဖြစ်သည်ကို သိလေ၏။ နံနက်အချိန်ရောက်သောအခါ၊ ဖာရောမင်းသည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်းတို့ကိုခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်းရှေ့တော်၌ အနက်ကိုဖတ်နိုင်သောသူ တစ်ယောက်မျှမရှိ။ ထိုအခါဖလားတော်ဝန်က၊ ကျွန်တော်သည်ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏။ ဖာရောဘုရင်သည် ကျွန်တော်နှင့် စားတော်ဝန်ကိုအမျက်ထွက်၍ ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော်မူသောအခါ၊ ကျွန်တော်တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသောအိပ်မက်ကို တစ်ညချင်းတွင် မြင်မက်ကြပါ၏။ ကျွန်တော်တို့၌ကိုယ်ရံတော်မှူး၏ကျွန် ဟေဗြဲလုလင်တစ်ယောက်ရှိ၏။ ထိုသူအားကျွန်တော်တို့သည် ကြားပြော၍ သူသည်အိပ်မက်၏အနက်ကို ဖတ်ပါ၏။ တစ်ယောက်စီမြင်မက်သည်အတိုင်း ဖတ်ပါ၏။ ဖတ်သည်အတိုင်းလည်းမှန်ပါ၏။ ကျွန်တော်သည် အရင်အရာကိုရပြန်၍၊ စားတော်ဝန်မူကား၊ ဆွဲထားခြင်းကိုခံရပါသည်ဟု လျှောက်လေ၏။ ထိုအခါဖာရောမင်းသည်လူကိုစေလွှတ်၍ ယောသပ်ကို ခေါ်တော်မူ၏။ ယောသပ်သည် ထောင်ထဲကအလျင်အမြန်ထွက်ရ၍၊ မုတ်ဆိတ်ညှပ်ခြင်း၊ အဝတ်လဲခြင်းကိုပြုပြီးမှ အထံတော်သို့ဝင်ရ၏။ ဖာရောမင်းကလည်း၊ ငါသည်အိပ်မက်ကိုမြင်မက်ပြီ။ အနက်ကို အဘယ်သူမျှမဖတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သောဉာဏ်နှင့် အနက်ဖတ်နိုင်သည်ကို ငါကြားရပြီဟုဆို၏။ ယောသပ်ကလည်း၊ ကျွန်တော်သည် အလိုအလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာအဖြေစကားကို ဖာရောဘုရင်အားပေးတော်မူပါစေသောဟု လျှောက်လေ၏။ ဖာရောမင်းကလည်း၊ ငါမြင်မက်သည်မှာ၊ မြစ်နား၌ငါရပ်နေ၏။ အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာပေါက်သော မြက်ပင်ကိုစားလျက်နေကြ၏။ ထိုနွားတို့နောက်မှ၊ အဆင်းမလှ ပိန်ကြုံသောနွားခုနစ်ကောင်တို့သည် ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသောနွားတို့ကို အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် တစ်ခါမျှမမြင်ရစဖူး။ အဆင်းမလှပိန်သောနွားတို့သည်၊ ဝသောအရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ စားပြီးသောနောက်၊ စားမှန်းကိုအဘယ်သူမျှမသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်းနိုး၏။ တစ်ဖန်ငါမြင်မက်ပြန်သည်ကား၊ အလုံးကြီး၍ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတစ်ပင်တည်း၌ဖြစ်ကြ၏။ ထိုနောက်မှ ညှိုးနွမ်းလျက်အလုံးသေး၍ အရှေ့လေဖြင့်ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။ အလုံးသေးသောစပါးနှံတို့သည် ကောင်းသောစပါးခုနစ်နှံတို့ကို စားကြ၏။ ထိုအိပ်မက်ကို ဗေဒင်တတ်တို့အားငါကြားပြော၍ အနက်ကို အဘယ်သူမျှမဖတ်နိုင်ဟု ယောသပ်အားပြောဆိုတော်မူ၏။ ယောသပ်ကလည်း၊ ဖာရောဘုရင်မြင်မက်တော်မူသော အိပ်မက်ကား တစ်ပါးတည်းဖြစ်ပါ၏။ ဘုရားသခင်ပြုလတ္တံ့သောအမှုကို ဖာရောဘုရင်အား ပြတော်မူပြီ။ ကောင်းသောနွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ ကောင်းသောစပါးခုနစ်နှံတို့သည်လည်း ခုနစ်နှစ်ဖြစ်ပါ၏။ အိပ်မက်တော်ကား တစ်ပါးတည်းဖြစ်ပါ၏။ ထိုနွားတို့နောက်ထွက်လာသောနွား၊ ပိန်၍အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်းခုနစ်နှံတို့သည်လည်း၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ၏။ ဖာရောဘုရင်အား ကျွန်တော်လျှောက်လိုသောအရာဟူမူကား၊ ဘုရားသခင်ပြုလတ္တံ့သောအမှုကို ဖာရောဘုရင်အားပြတော်မူ၏။ အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် ဝပြောသောနှစ်ခုနစ်နှစ်ရှိလိမ့်မည်။ ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ပေါ်လာ၍၊ အဲဂုတ္တုပြည်၌အလုံးစုံသောဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တစ်ပြည်လုံးပျက်စီးလိမ့်မည်။ အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသောကြောင့်၊ အရင်ဝပြောခြင်း၏ လက္ခဏာမထင်ရ။ ဖာရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည်အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင်အမြန်စီရင်တော်မူလိမ့်မည်။ သို့ဖြစ်၍ ဖာရောဘုရင်သည် ဉာဏ်ပညာနှင့်ပြည့်စုံသောသူကို ရွေးချယ်၍ အဲဂုတ္တုပြည်ကို အုပ်စိုးစေတော်မူပါ။ ခန့်ထားတော်မူသောသူသည်လည်း တစ်ပြည်လုံး၌ အကြီးအကြပ်တို့ကိုခန့်ထား၍၊ ဝပြောသောနှစ် ခုနစ်နှစ်ပတ်လုံး တစ်ပြည်လုံးတွင် ငါးဖို့တစ်ဖို့ကောက်ယူကြပါစေ။ ထိုသူတို့သည်ဖြစ်လတ္တံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကိုစုရုံး၍ ဖာရောဘုရင်ထံတော်၌ စပါးများကိုဆည်းပူးကြပါစေ။ မြို့များ၌လည်း ရိက္ခာကို သိုထားကြပါစေ။ သို့ဖြစ်၍ အဲဂုတ္တုပြည်၌အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သားစားစရာဖို့ သိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသောကာလတွင် ပြည်တော်မပျက်ရဟု ဖာရောမင်းအားလျှောက်လေ၏။ ထိုသို့ယောသပ်လျှောက်သောစကားကို ဖာရောမင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက်ကြ၍၊ ဖာရောမင်းက၊ ဘုရားသခင်၏ဝိညာဉ်တော်ကိုရ၍ ဤကဲ့သို့သောသူကို အဘယ်မှာ ရှာ၍တွေ့မည်နည်းဟု ကျွန်တော်မျိုးတို့အားမိန့်တော်မူ၏။ ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အားပြတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူမရှိ။ သင်သည်နန်းတော်အုပ်ဖြစ်ရမည်။ သင်၏စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင်စေမည်။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက်ကြီးမြတ်မည်ဟု မိန့်တော်မူ၏။ တစ်ဖန်ကြည့်ပါ၊ အဲဂုတ္တုပြည်တစ်ပြည်လုံးကို သင်အုပ်စိုးစေခြင်းငှာ ငါခန့်ထားပြီဟု ယောသပ်အားမိန့်တော်မူလျက်၊ လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်းဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကိုဆွဲပြီးလျှင်၊ ဒုတိယရထားတော်ကိုစီးစေတော်မူ၏။ ပျပ်ဝပ်၍နေကြဟု သူ့ရှေ့မှာဟစ်ကြ၏။ ထိုသို့လျှင် အဲဂုတ္တုပြည်တစ်ပြည်လုံးကို အုပ်စိုးစေတော်မူ၏။ ဖာရောမင်းကလည်း၊ ငါသည်ဖာရောဘုရင်မှန်၏။ သို့ဖြစ်၍ သင်၏အခွင့်မရှိလျှင် အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရဟု မိန့်တော်မူ၏။ ဖာရောမင်းသည်လည်း၊ ဇာဖဏာသဖာဏတည်းဟူသော ဘွဲ့နာမနှင့် ယောသပ်ကိုချီးမြှောက်၍ ဩနမြို့၏ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ်နှင့် စုံဖက်စေတော်မူ၏။ ထိုသို့ယောသပ်သည် အဲဂုတ္တုနိုင်ငံအုပ်အရာနှင့် အထံတော်ကထွက်လေ၏။ ယောသပ်သည် အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံ၌ အခွင့်ရသောအခါ၊ အသက်အနှစ်သုံးဆယ်ရှိသတည်း။ အထံတော်ကထွက်၍ အဲဂုတ္တုပြည်တစ်လျှောက်လုံး သို့သွားလေ၏။ ဝပြောသောနှစ်ခုနစ်နှစ်ပတ်လုံး မြေအသီးအနှံတို့သည် အလွန်များပြားကြ၏။ ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင်ရှိသမျှသောရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင်လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထားလေ၏။ စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာစုထား၍ မရေတွက်နိုင်အောင်များသောကြောင့် မရေတွက်ဘဲနေသတည်း။ အစာခေါင်းပါးသောနှစ်မရောက်မီ၊ ယောသပ်သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်တွင် သားနှစ်ယောက်တို့ကို မြင်ရ၏။ သားဦးကိုကား မနာရှေအမည်ဖြင့်မှည့်လေ၏။ အကြောင်းမူကား၊ ငါခံရသမျှသောပင်ပန်းခြင်းနှင့် ငါ့အဘ၏အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှာ ဘုရားသခင်ပြုတော်မူပြီဟု ဆိုသတည်း။ နောက်ရသောသားကိုကား၊ ဧဖရိမ်အမည်ဖြင့်မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည်ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွားများစေတော်မူပြီဟု ဆိုသတည်း။ ထိုနောက် အဲဂုတ္တုပြည်၌ဝပြောသောနှစ် ခုနစ်နှစ်ကုန်လေ၏။ ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါးသောနှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသောပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည်၌ ဆန်စပါးရှိသေး၏။ နောက်တစ်ဖန် အဲဂုတ္တုပြည်သူပြည်သားအပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါမည်အကြောင်း ဖာရောမင်းထံ၌ကြွေးကြော်ကြ၏။ ဖာရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင်သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ၏။ မြေပြင်တစ်လျှောက်လုံး၌ အစာခေါင်းပါးသောအခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကိုဖွင့်၍ အဲဂုတ္တုလူတို့အားရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ်အတိုင်း အစာခေါင်းပါးသတည်း။ ခပ်သိမ်းသောပြည်တို့၌လည်း အလွန်အစာခေါင်းပါးသောကြောင့်၊ အသီးအသီးသောပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှာ အဲဂုတ္တုပြည်ယောသပ်ထံသို့ လာရောက်ကြ၏။
ကမ္ဘာဦး 41:1-57 Common Language Bible (BCL)
ထိုနောက်နှစ်နှစ်မျှကြာသောအခါ အီဂျစ်ဘုရင် သည်အိပ်မက်မြင်မက်လေ၏။ အိပ်မက်ထဲတွင် ဘုရင်သည်နိုင်းမြစ်နား၌ရပ်နေစဉ်၊- ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင်သည် မြစ်ထဲမှတက်လာပြီးလျှင်မြက်စားလျက်နေ ကြ၏။- ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှသော နွားမခုနစ်ကောင်တို့သည်မြစ်ထဲမှတက်လာ ကြပြီးလျှင် မြစ်ကမ်းနားပေါ်သို့ဦးစွာရောက် ရှိနေသောနွားများအနီးသို့သွား၍ရပ်နေ ကြ၏။- ထိုနောက်နွားပိန်တို့ကဝဖြိုးသောနွားမခုနစ် ကောင်ကိုမျိုလိုက်ကြ၏။ ထိုအချိန်၌ဘုရင် အိပ်ရာမှနိုးလေ၏။- ဘုရင်သည်တစ်ဖန်အိပ်ပျော်၍အိပ်မက်မက် ပြန်၏။ အိပ်မက်ထဲတွင်စပါးပင်တစ်ပင်တည်း မှအဆန်အောင်၍ ဝင်းမှည့်နေသောစပါးနှံ ခုနစ်နှံတို့ထွက်လျက်ရှိ၏။- ထိုနောက်အလုံးသေး၍သဲကန္တာရလေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံ တို့လည်းထွက်လာကြ၏။- အလုံးသေးသောစပါးနှံတို့ကအဆန် အောင်သောစပါးနှံခုနစ်နှံတို့ကိုမျိုလိုက် ကြ၏။ ဘုရင်သည်အိပ်ရာမှနိုးလာ၍မိမိ အိပ်မက်နေကြောင်းသိရလေ၏။- နံနက်အချိန်ရောက်သောအခါဘုရင်သည် စိတ်သောကရောက်သဖြင့် အီဂျစ်ပြည်ရှိမှော် ဆရာနှင့်ပညာရှိအပါင်းတို့အားဆင့်ခေါ် လေ၏။ ဘုရင်သည်မိမိ၏အိပ်မက်ကိုထိုသူ တို့အားပြောပြသော်လည်း တစ်ယောက်မျှ အနက်ကိုဖွင့်မပြနိုင်ချေ။ ထိုအခါဖလားတော်ဆက်ဝန်ကဘုရင် အား``ကျွန်တော်မျိုးတွင်လစ်ဟင်းချက်တစ်ခု ရှိကြောင်းဝန်ခံပါ၏။- ကိုယ်တော်သည်စားတော်ဆက်ဝန်နှင့်ကျွန်တော် မျိုးအားအမျက်တော်ရှသဖြင့် ကိုယ်ရံတော်မှူး အိမ်တွင်အချုပ်ချထားခဲ့ပါသည်။- တစ်ည၌ကျွန်တော်မျိုးတို့တစ်ဦးစီနှင့်သက် ဆိုင်သောအိပ်မက်ကိုမြင်မက်ကြပါသည်။- ကျွန်တော်မျိုးတို့နှင့်အတူကိုယ်ရံတော်မှူး ၏ကျွန်ဟေဗြဲလူငယ်တစ်ယောက်ရှိပါသည်။ ကျွန်တော်မျိုးတို့၏အိပ်မက်ကိုသူ့အားပြော ပြ၍သူသည်အိပ်မက်၏အနက်ကိုဖွင့်ပြပါ သည်။- သူအနက်ဖွင့်ပြသည့်အတိုင်းကိုယ်တော်သည် ကျွန်တော်မျိုးအားမူလရာထူး၌ပြန်လည် ခန့်အပ်၍စားတော်ဆက်ဝန်အားကွပ်မျက်လိုက် ပါသည်'' ဟုလျှောက်ထားလေ၏။ ဘုရင်သည်ယောသပ်ကိုရှေ့တော်သို့သွင်းရန် အမိန့်ပေးတော်မူသဖြင့် သူ့အားအကျဉ်းထောင် မှချက်ချင်းထုတ်ဆောင်ခဲ့ကြလေသည်။ သူသည် မုတ်ဆိတ်ရိတ်၍အဝတ်လဲပြီးနောက်ဘုရင်ထံ သို့အခစားဝင်လေ၏။- ဘုရင်ကယောသပ်အား``ငါသည်အိပ်မက်ကို မြင်မက်၏။ သို့ရာတွင်မည်သူမျှအနက်ကိုဖွင့် မပြနိုင်။ သင်သည်အိပ်မက်အနက်ကိုဖွင့်ပြ နိုင်စွမ်းရှိကြောင်းငါကြားသိရသည်'' ဟု မိန့်တော်မူ၏။ ယောသပ်က``အရှင်မင်းကြီးကျွန်တော်မျိုး၌ ထိုအစွမ်းမရှိပါ။ သို့ရာတွင်ဘုရားသခင် သည်ကိုယ်တော်အား သင့်မြတ်သောအနက် အဋ္ဌိပ္ပါယ်ကိုဖွင့်ပြပါလိမ့်မည်'' ဟုလျှောက် လေ၏။ ဘုရင်က``ငါသည်အိပ်မက်ထဲတွင်နိုင်းမြစ် ကမ်းပေါ်၌ရပ်နေစဉ်၊- ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင် သည် မြစ်တွင်းမှတက်လာပြီးလျှင်မြက်စား လျက်နေကြ၏။- ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှ သောနွားမခုနစ်ကောင်တို့လည်းကမ်းပေါ်သို့ တက်လာကြ၏။ ထိုမျှလောက်အရုပ်ဆိုးသော နွားများကိုအီဂျစ်ပြည်တွင်ငါသည်တစ်ခါ မျှမမြင်ဘူးချေ။- နွားပိန်တို့ကဝဖြိုးသောနွားများကိုမျို လိုက်ကြ၏။ သို့ရာတွင်သူတို့သည်ပိန်မြဲပိန်လျက်ရှိသဖြင့် ထိုသို့မျိုလိုက်ကြောင်းကိုမည်သူမျှမသိနိုင် ချေ။ ထိုနောက်ငါသည်နိုးလာ၏။- တစ်ဖန်ငါသည်အိပ်မက်မြင်မက်ပြန်၏။ ထိုအိပ် မက်ထဲတွင်အဆန်အောင်၍ ဝင်းမှည့်သောစပါးနှံ ခုနစ်နှံတို့သည် စပါးပင်တစ်ပင်တည်းမှထွက် လျက်ရှိသည်ကိုငါမြင်ရ၏။- ထိုနောက်အလုံးသေး၍သဲကန္တာရ၏လေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့ လည်းထွက်လာကြ၏။- အလုံးသေးသောစပါးနှံတို့ကအဆန်အောင် သောစပါးနှံတို့ကိုမျိုလိုက်ကြ၏။ ငါ၏အိပ် မက်ကိုမှော်ဆရာတို့အားပြောပြသော်လည်း မည်သူမျှငါ့အားအနက်ကိုဖွင့်မပြနိုင်'' ဟုမိန့်တော်မူ၏။ ထိုအခါယောသပ်က``အရှင်မင်းကြီးမြင် မက်သောအိပ်မက်နှစ်ရပ်တို့သည်အနက်တစ် မျိုးတည်းရှိပါသည်။ ဘုရားသခင်ကမိမိ ပြုတော်မူမည့်အမှုကိုကိုယ်တော်အားအသိ ပေးခြင်းဖြစ်ပါသည်။- ဝဖြိုးသောနွားမခုနစ်ကောင်တို့သည်ခုနစ် နှစ်ကိုဆိုလိုပါ၏။ အဆန်အောင်သောစပါးနှံ ခုနစ်နှံတို့သည်လည်းခုနစ်နှစ်ကိုဆိုလိုပါ ၏။ အိပ်မက်တို့သည်အနက်တစ်မျိုးတည်းရှိ ပါ၏။- နောက်မှတက်လာသောနွားခုနစ်ကောင်နှင့် အလုံးသေး၍ သဲကန္တာရ၏လေပူဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့သည် အစာခေါင်းပါးသည့်ခုနစ်နှစ်ကိုဆိုလို ပါ၏။- ကျွန်တော်မျိုးသည်အရှင်မင်းကြီးအား လျှောက်ထားခဲ့သည့်အတိုင်း ဘုရားသခင် ကမိမိပြုတော်မူမည့်အမှုကိုကိုယ်တော် အားအသိပေးခြင်းဖြစ်ပါသည်။- အီဂျစ်ပြည်တစ်ပြည်လုံးတွင်အစားအစာ ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်ရှိပါလိမ့်မည်။- ထိုနှစ်များလွန်လျှင်အစာခေါင်းပါးသော နှစ်ခုနစ်နှစ်ဆိုက်ရောက်လာပါလိမ့်မည်။ ထို အခါအစားအစာပေါကြွယ်ဝသောနှစ် များကိုလူတို့သတိရကြလိမ့်မည်မဟုတ်။ အစာခေါင်းပါးခြင်းဘေးကြောင့်တစ်ပြည် လုံးပျက်စီးရလိမ့်မည်။- ရောက်လတ္တံ့သောအစာခေါင်းပါးခြင်းကပ် သည်အလွန်ဆိုးရွားမည်ဖြစ်ရကား လူတို့ သည်ပေါကြွယ်ဝသောနှစ်များကိုလုံးဝမေ့ ပျောက်ကုန်ကြပါလိမ့်မည်။- ကိုယ်တော်သည်အိပ်မက်ကိုနှစ်ကြိမ်တိုင် အောင်မြင်မက်ရသဖြင့် အဋ္ဌိပ္ပါယ်မှာဘုရားသခင်သည်ဤအမှုကိုပြဋ္ဌာန်းပြီးဖြစ် ၍မကြာမီစီရင်တော်မူလိမ့်မည်။ ``သို့ဖြစ်၍ကိုယ်တော်သည်ဉာဏ်ပညာ အမြော်အမြင်ရှိသူတစ်ဦးကိုရွေး၍ တိုင်း ပြည်ကိုအုပ်ချုပ်စေတော်မူပါ။- ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်တွင်ထွက်သမျှ သောကောက်ပဲသီးနှံထဲမှ ငါးပုံတစ်ပုံကို ကောက်ယူသိမ်းဆည်းရန် တစ်ပြည်လုံး၌ကြီး ကြပ်ရေးမှူးများကိုခန့်ထားတော်မူပါ။- ထိုသူတို့အားလာမည့်ပေါကြွယ်ဝသောနှစ် များအတွင်းရိက္ခာစုဆောင်းစေ၍ မြို့များ၌ သိုလှောင်စေပြီးလျှင်စောင့်ရှောက်စေတော် မူပါ။- အီဂျစ်ပြည်တွင်အစာခေါင်းပါးသောခုနစ် နှစ်အတွက် ထိုရိက္ခာကိုသိုလှောင်ထားသော အားဖြင့် အီဂျစ်ပြည်သူပြည်သားတို့သည် အစာငတ်သည့်ဘေးမှလွတ်မြောက်နိုင်ပါ လိမ့်မည်'' ဟုဖာရောဘုရင်အားလျှောက်ထား လေ၏။ ဖာရောဘုရင်နှင့်မှူးမတ်အပေါင်းတို့သည် ယောသပ်တင်ပြသောစီမံချက်ကိုနှစ်သက် လက်ခံကြ၏။- ထိုနောက်ဘုရင်ကမှူးမတ်တို့အား``ယောသပ် သည်ဘုရားထံမှဉာဏ်ပညာကိုရရှိသူဖြစ် ၏။ သူ့ထက်သာသောသူကိုငါတို့ရှာ၍မ တွေ့နိုင်'' ဟုမိန့်တော်မူ၏။- ဘုရင်ကယောသပ်အား``ဘုရားကသင့်အား ဤအမှုအရာတို့ကိုဖွင့်ပြတော်မူသည်ဖြစ် ၍ သင့်ထက်ဉာဏ်ပညာအမြော်အမြင်သာ သူမရှိနိုင်။- ငါသည်သင့်အားငါ့တိုင်းပြည်ကိုအုပ်ချုပ် စေမည်။ ငါ၏ပြည်သားအားလုံးတို့သည် သင်၏အမိန့်ကိုနာခံရမည်။ ထီးနန်းအရိုက် အရာအားဖြင့်သာလျှင်သင့်ထက်ငါကြီး မြတ်မည်။- ယခုငါသည်သင့်အားအီဂျစ်တစ်ပြည်လုံး ကိုအုပ်စိုးရသောဘုရင်ခံအဖြစ်ခန့်အပ်သည်'' ဟုမိန့်မြွက်လေ၏။- ဖာရောဘုရင်သည်မိမိ၏တံဆိပ်တော်ပါ ရှိသောလက်စွပ်ကိုချွတ်ပြီးလျှင် ယောသပ် ၏လက်တွင်ဝတ်ဆင်ပေးတော်မူ၏။ ယောသပ် အားပိတ်ချောဝတ်ရုံကိုလည်းဝတ်စေ၍ လည်ပင်းတွင်ရွှေစလွယ်ကိုဆွဲပေးတော် မူ၏။- ထို့နောက်ဒုတိယရထားတော်ကိုယောသပ်စီး ၍ သူ၏ကိုယ်ရံတော်တို့ကရထားရှေ့ကသွား လျက်``လမ်းဖယ်ကြ၊ လမ်းဖယ်ကြ'' ဟုအော်ဟစ် ကြ၏။ ထိုသို့ဖြင့်ယောသပ်သည်အီဂျစ်တစ် ပြည်လုံးကိုအုပ်ချုပ်ရသောဘုရင်ခံအဖြစ် ခန့်အပ်ခြင်းကိုခံရလေသည်။- ထိုနောက်ဖာရောဘုရင်ကယောသပ်အား``ငါ သည်ဖာရောဘုရင်ဖြစ်၏။ အီဂျစ်တစ်ပြည် လုံးတွင်သင်၏ခွင့်ပြုချက်မရဘဲနှင့်အဘယ် သူမျှလက်ခြေကိုမကြွရ'' ဟုမိန့်တော်မူ၏။- ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။- ရိက္ခာပေါကြွယ်ဝသောခုနစ်နှစ်အတွင်း တွင် တိုင်းပြည်သည်သီးနှံထွက်အလွန်ကောင်း၏။- ယောသပ်သည်ခုနစ်နှစ်အတွင်းလယ်များ မှထွက်သမျှသောစပါးသီးနှံများကို စုသိမ်း၍ မြို့များ၌သိုလှောင်ထားလေသည်။ လယ်များမှထွက်သောစပါးသီးနှံကိုနီး စပ်ရာမြို့အသီးသီးတွင်သိုလှောင်စေသည်။- သူစုဆောင်းရရှိသောစပါးသီးနှံတို့သည် ပင်လယ်သဲလုံးတစ်မျှများလှသောကြောင့် မချင်တွယ်ဘဲထားရလေသည်။ အစာခေါင်းပါးခြင်းနှစ်များမဆိုက်ရောက်မီ ယောသပ်သည် မယားအာသနတ်နှင့်သားနှစ် ယောက်ရရှိလေသည်။- ယောသပ်က``ဘုရားသခင်သည်ငါခံရသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ အဖ၏အိမ်သား အပေါင်းတို့ကိုလည်းကောင်းမေ့ပျောက်စေတော် မူပြီ'' ဟုဆို၍သူ၏သားဦးကိုမနာရှေဟု နာမည်မှည့်လေ၏။- ဒုတိယသားရသောအခါ``ဘုရားသခင် သည်ငါဆင်းရဲဒုက္ခခံရသောပြည်တွင် ငါ့အား သားသမီးရတနာထွန်းကားစေတော်မူပြီ'' ဟုဆို၍ထိုသားကိုဧဖရိမ်ဟုနာမည်မှည့် လေ၏။ အီဂျစ်ပြည်တွင်ရိက္ခာပေါကြွယ်ဝသော ခုနစ်နှစ်ကာလကုန်ဆုံးလေ၏။- ထိုနောက်ယောသပ်ပြောခဲ့သည့်အတိုင်းအစာ ခေါင်းပါးသောခုနစ်နှစ်ကပ်ဆိုက်ရောက်လာလေ ၏။ အခြားသောတိုင်းပြည်အသီးသီးတို့တွင် လည်းအစာခေါင်းပါးခြင်းကပ်ကျရောက်လျက် ရှိသည်။ သို့ရာတွင်အီဂျစ်ပြည်၌ရိက္ခာရှိလျက် ပင်။- အီဂျစ်ပြည်သားတို့သည်အစာခေါင်းပါး ခြင်းဒဏ်ကိုခံရကြသောအခါ ဖာရောဘုရင် အားရိက္ခာပေးရန်တောင်းဆိုကြ၏။ ထိုအခါ ဖာရောဘုရင်က``ယောသပ်ထံသို့သွားကြ။ သူပြောသည့်အတိုင်းပြုကြလော့''ဟုမိန့် တော်မူလေ၏။- အစာခေါင်းပါးခြင်းကပ်သည်အီဂျစ်ပြည် အရပ်ရပ်သို့ဆိုက်ရောက်၍အလွန်ဆိုးရွား လာသဖြင့် ယောသပ်သည်စပါးကျီရှိသမျှ တို့ကိုဖွင့်၍အီဂျစ်ပြည်သားတို့အားစပါး ရောင်းချလေ၏။- ကမ္ဘာအရပ်ရပ်တွင်လည်းအစာခေါင်းပါး ခြင်းကပ်ဆိုက်လျက်ရှိသဖြင့် အပြည်ပြည် မှလူတို့သည်ယောသပ်ထံသို့စပါးဝယ်ရန် လာရောက်ကြကုန်၏။
ကမ္ဘာဦး 41:1-57 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
နှစ်နှစ်ကြာသောအခါ ဖာရောမင်းကြီးအိပ်မက်မက်သည်မှာ သူသည် နိုင်းမြစ်နားတွင်ရပ်လျက်နေ၏။ အဆင်းလှ၍ဆူဖြိုးသောနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ ကျူတော၌ကျက်စားနေကြ၏။ ထိုနွားများနောက်မှ အဆင်းမလှ၊ ပိန်ချုံးသော အခြားနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ နိုင်းမြစ်ကမ်းစပ်ရှိ ဆူဖြိုးသောနွားမများဘေးတွင် ရပ်နေကြ၏။ ထို့နောက် အဆင်းမလှ၊ ကိုယ်ခန္ဓာပိန်ချုံးသောနွားမတို့သည် အဆင်းလှ၍ဆူဖြိုးသောနွားမခုနစ်ကောင်ကို ကိုက်စားလိုက်ကြ၏။ ထိုအခါ ဖာရောမင်းကြီးနိုးလာ၏။ တစ်ဖန် သူသည်အိပ်ပျော်၍ ဒုတိယအကြိမ်အိပ်မက်မက်၏။ အိပ်မက်ထဲ၌ အလုံးကြီး၍ကောင်းသော စပါးနှံခုနစ်နှံသည် ရိုးတံတစ်ခုတည်းမှထွက်လာ၏။ ထိုစပါးနှံတို့နောက်မှ သုန်ဖျင်း၍အရှေ့လေကြောင့်ညှိုးရော်နေသော စပါးနှံခုနစ်နှံသည်လည်း ပေါက်လာ၏။ သုန်ဖျင်းသောစပါးနှံတို့သည် အလုံးကြီး၍အဆန်အောင်သောစပါးနှံခုနစ်နှံကိုမျိုလေ၏။ ထို့နောက် ဖာရောမင်းကြီးသည် နိုးလာ၍ အိပ်မက်ဖြစ်ကြောင်းသိရ၏။ နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။ ထိုအခါ ဖလားတော်ဝန်က ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ယနေ့ ကိုယ့်အပြစ်ကို ကိုယ်အောက်မေ့ပါ၏။ အရှင်ဖာရောမင်းကြီး၊ အရှင်သည် အစေအပါးတို့ကိုအမျက်ထွက်၍ အကျွန်ုပ်နှင့်စားတော်ဝန်ကို ကိုယ်ရံတော်မှူး၏အိမ်၌ အကျဉ်းချထားပါ၏။ အကျွန်ုပ်တို့သည် တစ်ညတည်း၌ အနက်ကိုယ်စီရှိသောအိပ်မက်ကို အသီးသီးမက်ကြပါ၏။ ထိုနေရာ၌ အကျွန်ုပ်တို့နှင့်အတူ ကိုယ်ရံတော်မှူး၏အစေအပါး ဟေဗြဲလူငယ်တစ်ယောက်ရှိပါ၏။ အကျွန်ုပ်တို့သည် သူ့အားပြောပြ၍ သူသည် အကျွန်ုပ်တို့၏အိပ်မက်အနက်ကိုဖွင့်ပြပေးပါ၏။ အကျွန်ုပ်တို့ကိုယ်စီမက်သောအိပ်မက်၏အနက်ကိုဖွင့်ပြပေးပါ၏။ အကျွန်ုပ်တို့အတွက် သူအနက်ဖွင့်ပြပေးသည့်အတိုင်း ဖြစ်လာခဲ့ပါ၏။ အရှင်သည် အကျွန်ုပ်အား အကျွန်ုပ်၏ရာထူးကိုပြန်ပေး၍ စားတော်ဝန်ကို သစ်တိုင်၌ချိတ်ဆွဲခဲ့ပါ၏”ဟု လျှောက်လေ၏။ ထိုအခါ ဖာရောမင်းကြီးသည် လူလွှတ်၍ ယောသပ်ကိုခေါ်စေသဖြင့် ယောသပ်ကို မြေအောက်အကျဉ်းခန်းထဲမှ အလျင်အမြန်ထုတ်ဆောင်ကြ၏။ ယောသပ်သည် မုတ်ဆိတ်ရိတ်၍ အဝတ်အစားလဲပြီးလျှင် ဖာရောမင်းကြီးထံသို့အခစားဝင်လေ၏။ ဖာရောမင်းကြီးက ယောသပ်အား “ငါသည် အိပ်မက်တစ်ခုမြင်မက်၏။ ထိုအိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။ သို့ရာတွင် သင်သည် အိပ်မက်ကိုကြားသောအခါ အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သည်ဟု သင့်အကြောင်းငါကြား၏”ဟု မိန့်ဆိုလေ၏။ ယောသပ်ကလည်း “အကျွန်ုပ်မတတ်နိုင်ပါ။ ဘုရားသခင်သာလျှင် အရှင်ဖာရောမင်းကြီးအတွက် သင့်မြတ်ကောင်းမွန်သောအဖြေကို ပေးတော်မူပါလိမ့်မည်”ဟု ဖာရောမင်းကြီးအားပြန်လျှောက်လေ၏။ ထိုအခါ ဖာရောမင်းကြီးက ယောသပ်အား “ငါ့အိပ်မက်ထဲ၌ ငါသည် နိုင်းမြစ်ကမ်းစပ်တွင် ရပ်လျက်နေ၏။ ဆူဖြိုး၍ ပုံပန်းလှသောနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ ကျူတော၌ကျက်စားနေကြ၏။ ထိုနွားများနောက်မှ ချည့်နဲ့၍ ပုံပန်းအလွန်ဆိုးပြီး ကိုယ်ခန္ဓာပိန်လှီသော အခြားနွားမခုနစ်ကောင်တက်လာ၏။ ဤမျှလောက် ကြည့်ရဆိုးသောနွားတို့ကို အီဂျစ်ပြည်တစ်ပြည်လုံး၌ ငါမတွေ့ဖူးပေ။ ပိန်လှီ၍ကြည့်ရဆိုးသောနွားမတို့သည် ဆူဖြိုးသောနွားမခုနစ်ကောင်ကို စားလိုက်ကြ၏။ ထိုနွားမတို့၏ဝမ်းထဲသို့ ရောက်သွားသော်လည်း ဝမ်းထဲသို့ရောက်သွားကြောင်းကို မသိသာဘဲနေ၏။ အကြောင်းမူကား ထိုနွားမတို့၏အဆင်းသဏ္ဌာန်သည် ယခင်ကဲ့သို့ပင်ကြည့်ရဆိုးလျက်ရှိသေး၏။ ထို့နောက် ငါနိုးလာ၏။ တစ်ဖန် ငါ့အိပ်မက်ထဲ၌ မြင်ရသည်မှာ အဆန်အောင်၍ကောင်းသောစပါးနှံခုနစ်နှံသည် ရိုးတံတစ်ခုတည်းမှထွက်လာ၏။ ထိုစပါးနှံတို့နောက်မှ ခြောက်သွေ့သုန်ဖျင်း၍ အရှေ့လေကြောင့် ညှိုးရော်နေသောစပါးနှံခုနစ်နှံထွက်လာ၏။ သုန်ဖျင်းသောစပါးနှံတို့သည် ကောင်းသောစပါးနှံခုနစ်နှံကိုမျိုကြ၏။ ငါသည် ထိုအိပ်မက်ကို နတ်ဝိဇ္ဇာဆရာတို့အားပြောပြသော်လည်း ငါ့အားဖော်ပြပေးနိုင်သောသူတစ်ယောက်မျှမရှိ”ဟု ဆိုလေ၏။ ထိုအခါ ယောသပ်က ဖာရောမင်းကြီးအား “အရှင်ဖာရောမင်းကြီး၏အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။ ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။ ကောင်းသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ ကောင်းသောစပါးနှံခုနစ်နှံသည်လည်း ခုနစ်နှစ်ဖြစ်၏။ အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။ ဆူဖြိုးသောနွားမများနောက်မှ တက်လာသည့် ပိန်လှီ၍အရုပ်ဆိုးသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ အရှေ့လေကြောင့်ညှိုးရော်၍ သုန်ဖျင်းသောစပါးနှံခုနစ်နှံသည် ငတ်မွတ်ခေါင်းပါးသောခုနစ်နှစ်ဖြစ်၏။ အရှင်ဖာရောမင်းကြီးအား အကျွန်ုပ်လျှောက်ထားခဲ့သည့်စကားအတိုင်း ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။ အီဂျစ်ပြည်တစ်ပြည်လုံးတွင် အလွန်ဝပြောသောနှစ် ခုနစ်နှစ်ရောက်လာလိမ့်မည်။ ထို့နောက်မှ ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်ဖြစ်လာလိမ့်မည်။ ထိုအခါ အီဂျစ်ပြည်၌ဝပြောခဲ့သမျှကိုမေ့လျော့ကြလိမ့်မည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် တစ်ပြည်လုံးကိုဖျက်ဆီးလိမ့်မည်။ ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးသည် အလွန်ဆိုးရွားမည်ဖြစ်၏။ ဝပြောခြင်းနောက်တွင် ဖြစ်လာမည့် ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် ထိုပြည်၌ဝပြောခြင်းရှိခဲ့သည်ကိုပင် သိမှတ်ကြတော့မည်မဟုတ်။ အရှင်ဖာရောမင်းကြီးသည် အိပ်မက်ကို နောက်တစ်ကြိမ်ထပ်၍မက်သည်မှာ ထိုအမှုကို ဘုရားသခင်အတည်ပြုတော်မူပြီဖြစ်၍ ဘုရားသခင်သည် ထိုအမှုကိုအလျင်အမြန်ပြုတော်မူမည်ဖြစ်၏။ ထို့ကြောင့် အရှင်ဖာရောမင်းကြီး၊ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူကိုရှာပြီးလျှင် အီဂျစ်ပြည်ကိုအုပ်စိုးရန် ထိုသူကိုခန့်ထားပါလော့။ အရှင်ဖာရောမင်းကြီး ခန့်ထားသောသူသည်လည်း တိုင်းပြည် ကြီးကြပ်သူများကို ထပ်မံခန့်အပ်ထားပါစေ။ သူသည် အီဂျစ်ပြည်၌ဝပြောသောနှစ် ခုနစ်နှစ်တွင် ဂျုံစပါးငါးပုံတစ်ပုံကို ကောက်ယူပါစေ။ ထိုသူတို့သည် လာမည့်ကြွယ်ဝသောနှစ်များမှ အစားအစာရှိသမျှတို့ကို စုသိမ်းကြပါစေ။ ဖာရောမင်းကြီး၏အာဏာဖြင့် အစားအစာဂျုံစပါးကို မြို့များ၌စုဆောင်းထိန်းသိမ်းကြပါစေ။ ထိုအစားအစာတို့သည် အီဂျစ်ပြည်၌ဖြစ်လာမည့်ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်တွင် တိုင်းပြည်အတွက် အရန်သိုမှီးထားသောအစားအစာဖြစ်ရမည်။ သို့မှ တိုင်းပြည်သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် ပျက်စီးခြင်းသို့မရောက်ဘဲနေမည်”ဟု လျှောက်လေ၏။ ထိုအကြံဉာဏ်ကို ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့သည် နှစ်သက်သဘောကျကြ၏။ ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။ ထို့နောက် ဖာရောမင်းကြီးက ယောသပ်အား “ဘုရားသခင်သည် ဤအမှုအလုံးစုံကို သင့်အားဖော်ပြတော်မူပြီဖြစ်၍ သင်ကဲ့သို့ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူတစ်ယောက်မျှမရှိ။ သင်သည် ငါ၏နန်းတော်အုပ်ဖြစ်ရမည်။ ငါ၏လူအပေါင်းတို့သည် သင်၏အမိန့်ကိုနာခံကြရမည်။ ငါသည် ရာဇပလ္လင်အားဖြင့်သာ သင့်ထက်ကြီးမြတ်မည်”ဟု မိန့်ဆို၏။ တစ်ဖန် ဖာရောမင်းကြီးက ယောသပ်အား “အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးရန် သင့်ကိုငါခန့်ထားပြီ”ဟု မိန့်ဆိုပြီးလျှင် ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး မိမိ၏ဒုတိယရထားကို စီးစေ၏။ ရှေ့တော်ပြေးတို့ကိုလည်း “ဒူးထောက်ကြလော့”ဟု ဟစ်အော်စေ၏။ ဤသို့ဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးရန် ယောသပ်အားခန့်ထားလေ၏။ ထို့ပြင် ဖာရောမင်းကြီးက ယောသပ်အား “ငါသည် ဖာရောမင်းကြီးဖြစ်၏။ သို့သော်လည်း သင်ခွင့်မပြုလျှင် အီဂျစ်ပြည်တစ်ပြည်လုံးရှိ လူတစ်စုံတစ်ယောက်မျှ မိမိလက်၊ မိမိခြေကိုမကြွရ”ဟု မိန့်ဆိုလေ၏။ ဖာရောမင်းကြီးသည် ယောသပ်၏အမည်ကို ဇာဖဏာသဖာဏ ဟုမှည့်ခေါ်၍ ယောသပ်ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြားပေး၏။ ထို့နောက် ယောသပ်သည် အီဂျစ်ပြည်ကိုလှည့်လည်ကြည့်ရှုရန်ထွက်သွား၏။ ယောသပ်သည် အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ၌ အမှုထမ်းသောအခါ အသက်သုံးဆယ်ရှိပြီဖြစ်၏။ ယောသပ်သည် ဖာရောမင်းကြီးထံမှထွက်လာ၍ အီဂျစ်ပြည်တစ်ပြည်လုံးကိုလှည့်လည်ကြည့်ရှု၏။ ဝပြောသောနှစ် ခုနစ်နှစ်အတွင်း တိုင်းပြည်၌ သီးနှံအလျှံအပယ်ထွက်၏။ ယောသပ်သည် ခုနစ်နှစ်ပတ်လုံး အီဂျစ်ပြည်၌ထွက်သည့် အစားအစာရှိသမျှတို့ကိုစုသိမ်း၍ ထိုအစားအစာကို မြို့များ၌သိုလှောင်ထား၏။ မြို့အသီးသီး၏ပတ်ပတ်လည်ရှိ လယ်ယာမှထွက်သည့် အစားအစာကို ထိုမြို့အသီးသီး၌ပင်သိုလှောင်ထား၏။ ယောသပ်သည် ဂျုံစပါးကို ပင်လယ်သဲပွင့်နှင့်အမျှ မြောက်မြားစွာစုဆောင်းထား၏။ မခြင်တွယ်နိုင်အောင်များပြားလှသဖြင့် စာရင်းမမှတ်ဘဲနေလေ၏။ ငတ်မွတ်ခေါင်းပါးသောနှစ်မရောက်မီ ယောသပ်သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်နှင့် သားနှစ်ယောက်ရ၏။ ယောသပ်က “ဘုရားသခင်သည် ငါ၏အခက်အခဲပြဿနာအပေါင်းနှင့် ငါ့ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကို ငါမေ့လျော့စေရန်ပြုတော်မူပြီ”ဟု ဆိုလျက် သားဦး၏အမည်ကို မနာရှေ ဟုမှည့်ခေါ်လေ၏။ တစ်ဖန် ယောသပ်က “ဘုရားသခင်သည် ငါဖိစီးနှိပ်စက်ခံရသည့်ပြည်၌ ငါ့ကိုပွားများစေတော်မူပြီ”ဟု ဆိုလျက် ဒုတိယသား၏အမည်ကို ဧဖရိမ် ဟုမှည့်ခေါ်လေ၏။ ထို့နောက် အီဂျစ်ပြည်တွင် ဝပြောသောနှစ် ခုနစ်နှစ်ကုန်ဆုံးလေ၏။ ယောသပ်ပြောခဲ့သည့်အတိုင်း ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်စတင်ဖြစ်လာ၏။ အပြည်ပြည်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သော်လည်း အီဂျစ်ပြည်တစ်ပြည်လုံးတွင်မူ အစားအစာရှိ၏။ အီဂျစ်ပြည်တစ်ပြည်လုံးဆာလောင်မွတ်သိပ်သောအခါ လူတို့သည် အစားအစာအတွက် ဖာရောမင်းကြီးထံ အော်ဟစ်ကြ၏။ ထိုအခါ ဖာရောမင်းကြီးသည် အီဂျစ်ပြည်သားအပေါင်းတို့အား “ယောသပ်ထံသို့ သွားကြလော့။ သင်တို့အား သူပြောသည့်အတိုင်းပြုကြလော့”ဟု မိန့်ဆို၏။ မြေတစ်ပြင်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သောအခါ ယောသပ်သည် သိုလှောင်ရုံရှိသမျှတို့ကိုဖွင့်၍ အီဂျစ်ပြည်သားတို့အား အစားအစာကိုရောင်းချပေး၏။ အီဂျစ်ပြည်၌ ကျရောက်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ဆိုးရွားလှ၏။ အပြည်ပြည်မှလူတို့သည်လည်း အစားအစာဝယ်ယူရန် အီဂျစ်ပြည်ရှိ ယောသပ်ထံသို့လာကြ၏။ အကြောင်းမူကား မြေတစ်ပြင်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ဆိုးရွားလှ၏။