ကမ္ဘာဦး 39:10-23
ကမ္ဘာဦး 39:10-23 Judson Bible (JBMLE)
ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော်လည်း၊ ယောသပ်သည် သူ၏စကားကိုနားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကိုရှောင်လေ၏။ တစ်နေ့သ၌ ယောသပ်သည်အမှုဆောင်ခြင်းငှာ အိမ်ထဲသို့ဝင်၍ အိမ်သားယောက်ျားတစ်ယောက်မျှ မရှိသောအခါ၊ သခင်မက ငါနှင့်အတူအိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကိုကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။ ထိုသို့သခင်မလက်၌ မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ကို သခင်မသိမြင်သောအခါ၊ အိမ်သားယောက်ျားတို့ကိုခေါ်၍၊ သင်တို့ကြည့်ကြ။ ငါတို့၌ မရိုမသေပြုစေခြင်းငှာ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူ အိပ်ခြင်းငှာဝင်လာ၍ ငါသည်ကျယ်သောအသံနှင့် အော်ဟစ်ရ၏။ ကျယ်ကျယ်အော်ဟစ်သံကိုကြားလျှင်၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျှင်၊ သခင်ရောက်သည်တိုင်အောင် ထိုအဝတ်ကိုမိမိ၌ထားလေ၏။ သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်းထားသော ဟေဗြဲကျွန်သည် ကျွန်ုပ်ကိုမရိုမသေပြုခြင်းငှာဝင်လာပါ၏။ ကျွန်ုပ်သည် ကျယ်သောအသံနှင့် အော်ဟစ်သောအခါ၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးပါသည်ဟူသောစကားဖြင့် ကြားပြောလေ၏။ ကိုယ်တော်၏ကျွန်သည် ကျွန်ုပ်၌ဤသို့ပြုခဲ့ပြီဟု မယားပြောသောစကားကို သခင်ကြားလျှင်၊ ယောသပ်ကိုအမျက်ထွက်၍၊ ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသောသူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင်ထဲမှာနေရ၏။ သို့သော်လည်း ထာဝရဘုရားသည်သူ့ဘက်၌ရှိ၍ ကယ်မသနားတော်မူသဖြင့်၊ ထောင်မှူးထံမျက်နှာရစေတော်မူ၏။ သို့ဖြစ်၍ထောင်မှူးသည် ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကို ယောသပ်လက်သို့အပ်၍၊ ထောင်ထဲတွင်ပြုသမျှသောအမှုကို ယောသပ်စီရင်ရ၏။ ထိုနောက်ထောင်မှူးသည် ထောင်အမှုကိုကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား၊ ထာဝရဘုရားသည်ယောသပ်ဘက်မှာရှိ၍ သူပြုလေရာရာ၌ အောင်စေတော်မူသတည်း။
ကမ္ဘာဦး 39:10-23 Common Language Bible (BCL)
သခင်မသည်ယောသပ်အားနေ့စဉ်သွေးဆောင် သော်လည်းသူသည်အမြဲငြင်းဆန်လေ၏။ တစ်နေ့သ၌အခြားသောအစေခံတစ်ယောက် မျှအိမ်ထဲ၌မရှိခိုက် ယောသပ်သည်မိမိအလုပ် တာဝန်ကိုဆောင်ရွက်ရန်အိမ်ထဲသို့ဝင်ရောက် လာရာ၊- သခင်မကယောသပ်အား``ငါနှင့်အတူအိပ် ပါ'' ဟုဆို၍သူ၏ဝတ်ရုံကိုကိုင်ဆွဲထား လေ၏။ ယောသပ်သည်လည်းဝတ်ရုံကိုသခင်မ ၏လက်ထဲ၌စွန့်ပစ်ထားခဲ့၍အိမ်အပြင်သို့ ကိုယ်လွတ်ထွက်ပြေးလေသည်။- သခင်မသည်မိမိ၏လက်ထဲ၌ဝတ်ရုံကိုထား ခဲ့၍ အိမ်ပြင်သို့ယောသပ်ထွက်ပြေးသည်ကို မြင်သောအခါ၊- အစေခံတို့ကိုအော်ခေါ်လျက်``ဤမှာကြည့် စမ်းပါ။ သင်တို့၏သခင်ကခေါ်ထားသောဤ ဟေဗြဲအမျိုးသားကငါတို့ကိုစော်ကား ပါပြီ။ သူသည်ငါ့အခန်းထဲသို့ဝင်၍ငါ နှင့်အတူအိပ်ရန်ကြံသဖြင့်ငါအသံ ကုန်ဟစ်အော်လိုက်ရပါသည်။- သူသည်ငါဟစ်အော်သံကြောင့်သူ၏ဝတ်ရုံကို ငါ့လက်ထဲမှာစွန့်ပစ်ခဲ့ပြီးလျှင်ထွက်ပြေး ပါသည်'' ဟုပြောလေ၏။ ပေါတိဖာအိမ်သို့ပြန်ရောက်သည့်တိုင်အောင် သူ သည်ယောသပ်၏ဝတ်ရုံကိုသိမ်းထားပြီးလျှင်၊- ပေါတိဖာအိမ်သို့ပြန်လာသောအခါ``ကိုယ်တော် ဤအိမ်သို့ခေါ်လာသောဟေဗြဲအမျိုးသား ကျွန်သည် ကျွန်မအခန်းထဲသို့ဝင်၍ကျွန်မ ကိုစော်ကားရန်ကြံပါသည်။- ကျွန်မကအော်ဟစ်သောအခါသူသည်ဝတ်ရုံ ကို ကျွန်မလက်ထဲမှာထားခဲ့ပြီးထွက်ပြေးပါ သည်'' ဟုတိုင်ကြားလေ၏။ ပေါတိဖာသည်အလွန်အမျက်ထွက်၍၊- ယောသပ်ကိုဖမ်းဆီးလျက်ဘုရင်၏အမျက်သင့် သူများထားရာထောင်ထဲတွင်အကျဉ်းချထား လေ၏။ ယောသပ်သည်ထောင်ထဲမှာနေရသော်လည်း၊- ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူ့ အားကောင်းချီးပေးသဖြင့် သူသည်ထောင်မှူး ထံ၌မျက်နှာသာရလေ၏။- ထောင်မှူးသည်ယောသပ်အားအခြားသောအကျဉ်း သားအားလုံးတို့ကိုအုပ်ထိန်းကွပ်ကဲရန်နှင့် ထောင် ထဲတွင်ရှိသမျှကိစ္စတို့ကိုစီမံရန်တာဝန်လွှဲ အပ်ထားလေသည်။- ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ၍ သူတာဝန်ယူဆောင်ရွက်သမျှတို့၌အောင်မြင် စေတော်မူသောကြောင့် ထောင်မှူးသည်ယောသပ် အားတာဝန်များကိုစိတ်ချယုံကြည်စွာ လွှဲအပ်လေသည်။
ကမ္ဘာဦး 39:10-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုသခင်မသည် ယောသပ်အား သူနှင့်အတူအိပ်ရန်၊ သူနှင့်အတူနေရန် နေ့စဉ်နေ့တိုင်း ပြောဆိုနေသော်လည်း ယောသပ်သည် သူ့ကိုနားမထောင်ပေ။ တစ်နေ့တွင် ယောသပ်သည် အလုပ်လုပ်ရန်အိမ်ထဲသို့ဝင်သွားရာ အိမ်ထဲ၌ အိမ်သားယောက်ျားတစ်ယောက်မျှမရှိချေ။ ထိုအခါ သခင်မသည် ယောသပ်၏အဝတ်ကိုဖမ်းဆွဲ၍ “ငါနှင့်အိပ်ပါ”ဟု ဆိုလေ၏။ သို့သော် ယောသပ်သည် မိမိအဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ပြေးထွက်သွားလေ၏။ ထိုသို့ ယောသပ်သည် သူ့အဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ထွက်ပြေးသွားသည်ကို သခင်မကြည့်ပြီး မိမိ၏အိမ်သားယောက်ျားတို့ကိုခေါ်၍ သူတို့အား “ကြည့်ကြပါ။ သခင်ခေါ်လာသော ဟေဗြဲအမျိုးသားသည် ငါတို့ကို စော်ကားပါပြီတကား။ ငါနှင့်အိပ်ဖို့ ငါ့ထံသို့ဝင်လာသဖြင့် ငါသည် အသံကုန်အော်ဟစ်ရပါ၏။ ထိုသို့ ငါအသံကုန်အော်ဟစ်သည်ကို သူကြားသောအခါ သူ့အဝတ်ကို ငါ့လက်၌စွန့်ထားခဲ့၍ အပြင်သို့ပြေးထွက်သွားလေ၏”ဟု ဆိုပြီးလျှင် သခင်အိမ်သို့ပြန်ရောက်သည့်တိုင်အောင် ယောသပ်၏အဝတ်ကို မိမိအနားတွင် သိမ်းထားလေ၏။ ထိုစကားအတိုင်းပင် သခင်အား “အကျွန်ုပ်တို့ထံသို့ သခင်ခေါ်လာခဲ့သော ဤဟေဗြဲကျွန်သည် ကျွန်မထံသို့ဝင်လာ၍ ကျွန်မကို စော်ကားပါပြီ။ ကျွန်မသည် အသံကုန်အော်ဟစ်သောကြောင့် သူသည် ကျွန်မအနားတွင် သူ့အဝတ်ကိုစွန့်ထားခဲ့၍ အပြင်သို့ထွက်ပြေးသွား၏”ဟု ပြောပြလေ၏။ “သခင်၏ကျွန်သည် ကျွန်မ၌ ဤသို့သောအမှုကိုပြုခဲ့ပါ၏”ဟု မိမိမယားပြောသောစကားကို သခင်ကြားသောအခါ အမျက်ထွက်လေ၏။ ထိုအခါ ယောသပ်၏သခင်သည် ယောသပ်ကိုခေါ်ဆောင်သွား၍ ရှင်ဘုရင်အကျဉ်းချထားသောသူများကို ချုပ်နှောင်ထားသည့်နေရာဖြစ်သော အကျဉ်းထောင်ထဲ၌ ထည့်ထားလေ၏။ သို့ဖြစ်၍ ယောသပ်သည် အကျဉ်းထောင်ထဲ၌နေရ၏။ သို့သော်လည်း ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိ၍ သူ့ကို မေတ္တာကရုဏာပြလျက် ထောင်မှူးရှေ့၌ မျက်နှာရစေတော်မူ၏။ ထောင်မှူးသည် အကျဉ်းထောင်ထဲ၌ရှိသောအကျဉ်းသားအားလုံးကို ယောသပ်လက်သို့အပ်၍ ထောင်ထဲ၌ဆောင်ရွက်စရာရှိသမျှတို့ကို ယောသပ်ဆောင်ရွက်ရ၏။ ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိတော်မူသောကြောင့် ယောသပ်ဆောင်ရွက်သမျှသောအမှုတို့ကို ထောင်မှူးသည် ကြည့်ရှုစရာမလိုပေ။ ထာဝရဘုရားသည် ယောသပ်ပြုလေရာရာ၌ အောင်မြင်စေတော်မူ၏။