ကမ္ဘာဦး 39:1-23
ကမ္ဘာဦး 39:1-23 Judson Bible (JBMLE)
ဣရှမေလလူတို့သည် ယောသပ်ကိုဆောင်သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တုအမျိုးသားဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူးပေါတိဖာထံမှာရောင်းကြ၏။ ထာဝရဘုရားသည် ယောသပ်ဘက်၌ရှိတော်မူသဖြင့် သူသည် အကြံထမြောက်တတ်၏။ အဲဂုတ္တုအမျိုးသား မိမိသခင်၏အိမ်၌နေရလေ၏။ သူ့ဘက်၌ ထာဝရဘုရားသည်ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင်လည်းသိမြင်၏။ ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌မျက်နှာရ၍ ခစားလျက်နေရ၏။ သခင်သည်လည်း မိမိအိမ်တွင် အိမ်အုပ်အရာနှင့်ခန့်ထား၍ ဥစ္စာရှိသမျှကိုအပ်လေ၏။ ထိုသို့အိမ်နှင့်ဥစ္စာရှိသမျှကို အုပ်စိုးစေသည်ကာလမှစ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းချီးပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းချီးမင်္ဂလာသည် အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ၏။ သခင်သည် မိမိ၌ရှိသမျှကိုယောသပ်လက်သို့အပ်၍၊ မိမိစားသောအစာမှတစ်ပါး အခြားသောဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်၏။ ထိုနောက်မှသခင်၏မယားသည် ယောသပ်ကိုတပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။ ယောသပ်ကလည်း၊ ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသောဥစ္စာတို့ကို ကျွန်တော်လက်သို့အပ်ပါပြီ။ ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှမသိမမှတ်ပါ။ ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အားမမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။ ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော်လည်း၊ ယောသပ်သည် သူ၏စကားကိုနားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကိုရှောင်လေ၏။ တစ်နေ့သ၌ ယောသပ်သည်အမှုဆောင်ခြင်းငှာ အိမ်ထဲသို့ဝင်၍ အိမ်သားယောက်ျားတစ်ယောက်မျှ မရှိသောအခါ၊ သခင်မက ငါနှင့်အတူအိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကိုကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။ ထိုသို့သခင်မလက်၌ မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ကို သခင်မသိမြင်သောအခါ၊ အိမ်သားယောက်ျားတို့ကိုခေါ်၍၊ သင်တို့ကြည့်ကြ။ ငါတို့၌ မရိုမသေပြုစေခြင်းငှာ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူ အိပ်ခြင်းငှာဝင်လာ၍ ငါသည်ကျယ်သောအသံနှင့် အော်ဟစ်ရ၏။ ကျယ်ကျယ်အော်ဟစ်သံကိုကြားလျှင်၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျှင်၊ သခင်ရောက်သည်တိုင်အောင် ထိုအဝတ်ကိုမိမိ၌ထားလေ၏။ သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်းထားသော ဟေဗြဲကျွန်သည် ကျွန်ုပ်ကိုမရိုမသေပြုခြင်းငှာဝင်လာပါ၏။ ကျွန်ုပ်သည် ကျယ်သောအသံနှင့် အော်ဟစ်သောအခါ၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးပါသည်ဟူသောစကားဖြင့် ကြားပြောလေ၏။ ကိုယ်တော်၏ကျွန်သည် ကျွန်ုပ်၌ဤသို့ပြုခဲ့ပြီဟု မယားပြောသောစကားကို သခင်ကြားလျှင်၊ ယောသပ်ကိုအမျက်ထွက်၍၊ ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသောသူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင်ထဲမှာနေရ၏။ သို့သော်လည်း ထာဝရဘုရားသည်သူ့ဘက်၌ရှိ၍ ကယ်မသနားတော်မူသဖြင့်၊ ထောင်မှူးထံမျက်နှာရစေတော်မူ၏။ သို့ဖြစ်၍ထောင်မှူးသည် ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကို ယောသပ်လက်သို့အပ်၍၊ ထောင်ထဲတွင်ပြုသမျှသောအမှုကို ယောသပ်စီရင်ရ၏။ ထိုနောက်ထောင်မှူးသည် ထောင်အမှုကိုကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား၊ ထာဝရဘုရားသည်ယောသပ်ဘက်မှာရှိ၍ သူပြုလေရာရာ၌ အောင်စေတော်မူသတည်း။
ကမ္ဘာဦး 39:1-23 Common Language Bible (BCL)
ဣရှမေလအမျိုးသားတို့သည်ယောသပ်အား အီဂျစ်ပြည်သို့ခေါ်ဆောင်သွား၍ ပြည့်ရှင်ဖာရော ဘုရင်၏ကိုယ်ရံတော်တပ်မှူးပေါတိဖာထံ၌ ရောင်းကြ၏။- ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ သဖြင့်သူသည်ကြံစည်လုပ်ကိုင်တိုင်းအောင် မြင်၏။ သူသည်သူ၏သခင်အီဂျစ်အမျိုး သား၏အိမ်တွင်နေထိုင်လေသည်။- ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူပြု လေသမျှတို့တွင် အောင်မြင်ကြောင်းသူ၏သခင် တွေ့မြင်ရသည်။- ပေါတိဖာသည်ယောသပ်အားကျေနပ်နှစ်သက် သဖြင့် သူ၏ကိုယ်ရေးကိုယ်တာမှူးအဖြစ်ခန့် ထားလျက် သူပိုင်ဆိုင်သမျှဥစ္စာပစ္စည်းနှင့်အိမ် မှုကိစ္စတို့ကိုအုပ်ထိန်းစေလေသည်။- ထိုအချိန်မှအစပြု၍ထာဝရဘုရားသည် ယောသပ်ကြောင့် ထိုအီဂျစ်အမျိုးသား၏အိမ် ထောင်ကိုလည်းကောင်း၊ သူ၏အိမ်စီးပွားနှင့်လယ် ယာစီးပွားတို့ကိုလည်းကောင်း၊ ကောင်းချီးပေး တော်မူ၏။- ပေါတိဖာသည်မိမိပိုင်သမျှပစ္စည်းအားလုံး တို့ကိုယောသပ်လက်သို့လွှဲအပ်ထား၏။ သူစား သောအစာမှလွဲ၍မည်သည့်အရာ၌မျှဝင် ရောက်စွက်ဖက်ခြင်းမပြုချေ။ ယောသပ်သည်ကိုယ်လုံးကိုယ်ပေါက်ကောင်း၍ လူ ချောလူလှတစ်ယောက်ဖြစ်ရကားကာလအတန် ကြာသောအခါ သူ့သခင်မသည်ယောသပ်အား စွဲလန်းလာသဖြင့်သူနှင့်အတူအိပ်ရန်ဖြား ယောင်းလေ၏။- သို့ရာတွင်ယောသပ်ကငြင်းဆန်လျက်``သခင်သည် ကျွန်တော်အားအရာရာကိုမျက်နှာလွှဲအပ်ထား ပါသည်။ သခင်ပိုင်သမျှဥစ္စာပစ္စည်းကိုထိန်းသိမ်း ရန်ကျွန်တော်အားတာဝန်ပေးအပ်ထားပါသည်။- ဤအိမ်တွင်သခင်၏သြဇာညောင်းရသကဲ့သို့ ကျွန်တော်၏သြဇာလည်းညောင်းရပါသည်။ သခင်သည်သခင်မမှလွဲလျှင်ကျွန်တော်၏ လက်သို့မအပ်သောအရာဟူ၍မရှိပါ။ သို့ ဖြစ်၍ကျွန်တော်သည်အဘယ်သို့လျှင် ဤမျှ ဆိုးယုတ်သောအမှုကိုပြု၍ဘုရားသခင် ကိုပြစ်မှားနိုင်ပါမည်နည်း'' ဟုပြောလေ၏။- သခင်မသည်ယောသပ်အားနေ့စဉ်သွေးဆောင် သော်လည်းသူသည်အမြဲငြင်းဆန်လေ၏။ တစ်နေ့သ၌အခြားသောအစေခံတစ်ယောက် မျှအိမ်ထဲ၌မရှိခိုက် ယောသပ်သည်မိမိအလုပ် တာဝန်ကိုဆောင်ရွက်ရန်အိမ်ထဲသို့ဝင်ရောက် လာရာ၊- သခင်မကယောသပ်အား``ငါနှင့်အတူအိပ် ပါ'' ဟုဆို၍သူ၏ဝတ်ရုံကိုကိုင်ဆွဲထား လေ၏။ ယောသပ်သည်လည်းဝတ်ရုံကိုသခင်မ ၏လက်ထဲ၌စွန့်ပစ်ထားခဲ့၍အိမ်အပြင်သို့ ကိုယ်လွတ်ထွက်ပြေးလေသည်။- သခင်မသည်မိမိ၏လက်ထဲ၌ဝတ်ရုံကိုထား ခဲ့၍ အိမ်ပြင်သို့ယောသပ်ထွက်ပြေးသည်ကို မြင်သောအခါ၊- အစေခံတို့ကိုအော်ခေါ်လျက်``ဤမှာကြည့် စမ်းပါ။ သင်တို့၏သခင်ကခေါ်ထားသောဤ ဟေဗြဲအမျိုးသားကငါတို့ကိုစော်ကား ပါပြီ။ သူသည်ငါ့အခန်းထဲသို့ဝင်၍ငါ နှင့်အတူအိပ်ရန်ကြံသဖြင့်ငါအသံ ကုန်ဟစ်အော်လိုက်ရပါသည်။- သူသည်ငါဟစ်အော်သံကြောင့်သူ၏ဝတ်ရုံကို ငါ့လက်ထဲမှာစွန့်ပစ်ခဲ့ပြီးလျှင်ထွက်ပြေး ပါသည်'' ဟုပြောလေ၏။ ပေါတိဖာအိမ်သို့ပြန်ရောက်သည့်တိုင်အောင် သူ သည်ယောသပ်၏ဝတ်ရုံကိုသိမ်းထားပြီးလျှင်၊- ပေါတိဖာအိမ်သို့ပြန်လာသောအခါ``ကိုယ်တော် ဤအိမ်သို့ခေါ်လာသောဟေဗြဲအမျိုးသား ကျွန်သည် ကျွန်မအခန်းထဲသို့ဝင်၍ကျွန်မ ကိုစော်ကားရန်ကြံပါသည်။- ကျွန်မကအော်ဟစ်သောအခါသူသည်ဝတ်ရုံ ကို ကျွန်မလက်ထဲမှာထားခဲ့ပြီးထွက်ပြေးပါ သည်'' ဟုတိုင်ကြားလေ၏။ ပေါတိဖာသည်အလွန်အမျက်ထွက်၍၊- ယောသပ်ကိုဖမ်းဆီးလျက်ဘုရင်၏အမျက်သင့် သူများထားရာထောင်ထဲတွင်အကျဉ်းချထား လေ၏။ ယောသပ်သည်ထောင်ထဲမှာနေရသော်လည်း၊- ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူ့ အားကောင်းချီးပေးသဖြင့် သူသည်ထောင်မှူး ထံ၌မျက်နှာသာရလေ၏။- ထောင်မှူးသည်ယောသပ်အားအခြားသောအကျဉ်း သားအားလုံးတို့ကိုအုပ်ထိန်းကွပ်ကဲရန်နှင့် ထောင် ထဲတွင်ရှိသမျှကိစ္စတို့ကိုစီမံရန်တာဝန်လွှဲ အပ်ထားလေသည်။- ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ၍ သူတာဝန်ယူဆောင်ရွက်သမျှတို့၌အောင်မြင် စေတော်မူသောကြောင့် ထောင်မှူးသည်ယောသပ် အားတာဝန်များကိုစိတ်ချယုံကြည်စွာ လွှဲအပ်လေသည်။
ကမ္ဘာဦး 39:1-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယောသပ်သည် အီဂျစ်ပြည်သို့ခေါ်ဆောင်သွားခြင်းခံရ၏။ ထိုပြည်သို့ရောက်သောအခါ အီဂျစ်အမျိုးသား၊ ဖာရောမင်းကြီး၏မှူးမတ်၊ ကိုယ်ရံတော်မှူး ပေါတိဖာသည် ယောသပ်ကိုဣရှမေလလူမျိုးတို့လက်မှ ဝယ်ယူလိုက်၏။ ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိတော်မူသဖြင့် သူသည် အောင်မြင်သောသူဖြစ်လာ၍ မိမိသခင်အီဂျစ်အမျိုးသား၏အိမ်၌နေထိုင်ရ၏။ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူကြောင်းကိုလည်းကောင်း၊ သူပြုလေရာရာ၌ ထာဝရဘုရားအောင်မြင်စေတော်မူကြောင်းကိုလည်းကောင်း သူ၏သခင်သည် သိမြင်လေ၏။ ထို့ကြောင့် ယောသပ်သည် သခင့်ရှေ့၌မျက်နှာရ၍ သခင့်အားခစားလျက်နေရ၏။ သခင်သည် မိမိအိမ်ကိုကြီးကြပ်သူအဖြစ် သူ့အားခန့်ထား၍ မိမိ၌ရှိသောအရာအားလုံးတို့ကို သူ့လက်၌အပ်လေ၏။ ထိုသို့ သခင်သည် မိမိအိမ်နှင့်မိမိ၌ရှိသောအရာအားလုံးတို့ကို သူ့အားအပ်နှံသောအချိန်မှစ၍ ထာဝရဘုရားသည် ယောသပ်အားဖြင့် ထိုအီဂျစ်အမျိုးသား၏အိမ်ကိုကောင်းချီးပေးတော်မူသဖြင့် သူ၏အိမ်၊ သူ၏လယ်ယာတို့၌ရှိသောအရာအားလုံးတို့အပေါ် ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသက်ရောက်လေ၏။ ထို့ကြောင့် သခင်သည် မိမိပိုင်ဆိုင်သောအရာအားလုံးကို ယောသပ်လက်သို့အပ်၍ မိမိစားသောအစားအစာမှတစ်ပါး မိမိပိုင်သောမည်သည့်အရာကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် အဆင်းသဏ္ဌာန်လှ၍ ရုပ်ရည်ချောမောသောသူဖြစ်၏။ နောက်ပိုင်းတွင် သခင်၏မယားသည် ယောသပ်ကိုနှစ်သက်တပ်မက်၍ “ငါနှင့်အိပ်ပါ”ဟု ဆိုလျှင် ယောသပ်သည် ငြင်းဆန်၍ သူ့သခင်၏မယားအား “အကျွန်ုပ်၏သခင်သည် အိမ်၌ရှိသောအရာတို့ကိုမသိမမှတ်ပါ။ သူ၌ရှိသမျှသောအရာတို့ကို အကျွန်ုပ်လက်သို့အပ်ပါပြီ။ ဤအိမ်၌ အကျွန်ုပ်ထက်ကြီးမြတ်သောသူမရှိပါ။ သခင်မသည် အကျွန်ုပ်သခင်၏မယားဖြစ်သောကြောင့် အကျွန်ုပ်၏သခင်သည် သခင်မမှတစ်ပါး မည်သည့်အရာကိုမျှအကျွန်ုပ်အား မဟန့်တားပါ။ သို့ဖြစ်၍ အကျွန်ုပ်သည် ဤမျှလောက်ကြီးမားသောမကောင်းမှုကိုပြု၍ ဘုရားသခင်ကို ပြစ်မှားရပါမည်လော”ဟု ဆိုလေ၏။ ထိုသခင်မသည် ယောသပ်အား သူနှင့်အတူအိပ်ရန်၊ သူနှင့်အတူနေရန် နေ့စဉ်နေ့တိုင်း ပြောဆိုနေသော်လည်း ယောသပ်သည် သူ့ကိုနားမထောင်ပေ။ တစ်နေ့တွင် ယောသပ်သည် အလုပ်လုပ်ရန်အိမ်ထဲသို့ဝင်သွားရာ အိမ်ထဲ၌ အိမ်သားယောက်ျားတစ်ယောက်မျှမရှိချေ။ ထိုအခါ သခင်မသည် ယောသပ်၏အဝတ်ကိုဖမ်းဆွဲ၍ “ငါနှင့်အိပ်ပါ”ဟု ဆိုလေ၏။ သို့သော် ယောသပ်သည် မိမိအဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ပြေးထွက်သွားလေ၏။ ထိုသို့ ယောသပ်သည် သူ့အဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ထွက်ပြေးသွားသည်ကို သခင်မကြည့်ပြီး မိမိ၏အိမ်သားယောက်ျားတို့ကိုခေါ်၍ သူတို့အား “ကြည့်ကြပါ။ သခင်ခေါ်လာသော ဟေဗြဲအမျိုးသားသည် ငါတို့ကို စော်ကားပါပြီတကား။ ငါနှင့်အိပ်ဖို့ ငါ့ထံသို့ဝင်လာသဖြင့် ငါသည် အသံကုန်အော်ဟစ်ရပါ၏။ ထိုသို့ ငါအသံကုန်အော်ဟစ်သည်ကို သူကြားသောအခါ သူ့အဝတ်ကို ငါ့လက်၌စွန့်ထားခဲ့၍ အပြင်သို့ပြေးထွက်သွားလေ၏”ဟု ဆိုပြီးလျှင် သခင်အိမ်သို့ပြန်ရောက်သည့်တိုင်အောင် ယောသပ်၏အဝတ်ကို မိမိအနားတွင် သိမ်းထားလေ၏။ ထိုစကားအတိုင်းပင် သခင်အား “အကျွန်ုပ်တို့ထံသို့ သခင်ခေါ်လာခဲ့သော ဤဟေဗြဲကျွန်သည် ကျွန်မထံသို့ဝင်လာ၍ ကျွန်မကို စော်ကားပါပြီ။ ကျွန်မသည် အသံကုန်အော်ဟစ်သောကြောင့် သူသည် ကျွန်မအနားတွင် သူ့အဝတ်ကိုစွန့်ထားခဲ့၍ အပြင်သို့ထွက်ပြေးသွား၏”ဟု ပြောပြလေ၏။ “သခင်၏ကျွန်သည် ကျွန်မ၌ ဤသို့သောအမှုကိုပြုခဲ့ပါ၏”ဟု မိမိမယားပြောသောစကားကို သခင်ကြားသောအခါ အမျက်ထွက်လေ၏။ ထိုအခါ ယောသပ်၏သခင်သည် ယောသပ်ကိုခေါ်ဆောင်သွား၍ ရှင်ဘုရင်အကျဉ်းချထားသောသူများကို ချုပ်နှောင်ထားသည့်နေရာဖြစ်သော အကျဉ်းထောင်ထဲ၌ ထည့်ထားလေ၏။ သို့ဖြစ်၍ ယောသပ်သည် အကျဉ်းထောင်ထဲ၌နေရ၏။ သို့သော်လည်း ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိ၍ သူ့ကို မေတ္တာကရုဏာပြလျက် ထောင်မှူးရှေ့၌ မျက်နှာရစေတော်မူ၏။ ထောင်မှူးသည် အကျဉ်းထောင်ထဲ၌ရှိသောအကျဉ်းသားအားလုံးကို ယောသပ်လက်သို့အပ်၍ ထောင်ထဲ၌ဆောင်ရွက်စရာရှိသမျှတို့ကို ယောသပ်ဆောင်ရွက်ရ၏။ ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိတော်မူသောကြောင့် ယောသပ်ဆောင်ရွက်သမျှသောအမှုတို့ကို ထောင်မှူးသည် ကြည့်ရှုစရာမလိုပေ။ ထာဝရဘုရားသည် ယောသပ်ပြုလေရာရာ၌ အောင်မြင်စေတော်မူ၏။