ယောသပ်သည် အီဂျစ်ပြည်သို့ခေါ်ဆောင်သွားခြင်းခံရ၏။ ထိုပြည်သို့ရောက်သောအခါ အီဂျစ်အမျိုးသား၊ ဖာရောမင်းကြီး၏မှူးမတ်၊ ကိုယ်ရံတော်မှူး ပေါတိဖာသည် ယောသပ်ကိုဣရှမေလလူမျိုးတို့လက်မှ ဝယ်ယူလိုက်၏။ ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိတော်မူသဖြင့် သူသည် အောင်မြင်သောသူဖြစ်လာ၍ မိမိသခင်အီဂျစ်အမျိုးသား၏အိမ်၌နေထိုင်ရ၏။ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူကြောင်းကိုလည်းကောင်း၊ သူပြုလေရာရာ၌ ထာဝရဘုရားအောင်မြင်စေတော်မူကြောင်းကိုလည်းကောင်း သူ၏သခင်သည် သိမြင်လေ၏။ ထို့ကြောင့် ယောသပ်သည် သခင့်ရှေ့၌မျက်နှာရ၍ သခင့်အားခစားလျက်နေရ၏။ သခင်သည် မိမိအိမ်ကိုကြီးကြပ်သူအဖြစ် သူ့အားခန့်ထား၍ မိမိ၌ရှိသောအရာအားလုံးတို့ကို သူ့လက်၌အပ်လေ၏။ ထိုသို့ သခင်သည် မိမိအိမ်နှင့်မိမိ၌ရှိသောအရာအားလုံးတို့ကို သူ့အားအပ်နှံသောအချိန်မှစ၍ ထာဝရဘုရားသည် ယောသပ်အားဖြင့် ထိုအီဂျစ်အမျိုးသား၏အိမ်ကိုကောင်းချီးပေးတော်မူသဖြင့် သူ၏အိမ်၊ သူ၏လယ်ယာတို့၌ရှိသောအရာအားလုံးတို့အပေါ် ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသက်ရောက်လေ၏။ ထို့ကြောင့် သခင်သည် မိမိပိုင်ဆိုင်သောအရာအားလုံးကို ယောသပ်လက်သို့အပ်၍ မိမိစားသောအစားအစာမှတစ်ပါး မိမိပိုင်သောမည်သည့်အရာကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် အဆင်းသဏ္ဌာန်လှ၍ ရုပ်ရည်ချောမောသောသူဖြစ်၏။ နောက်ပိုင်းတွင် သခင်၏မယားသည် ယောသပ်ကိုနှစ်သက်တပ်မက်၍ “ငါနှင့်အိပ်ပါ”ဟု ဆိုလျှင် ယောသပ်သည် ငြင်းဆန်၍ သူ့သခင်၏မယားအား “အကျွန်ုပ်၏သခင်သည် အိမ်၌ရှိသောအရာတို့ကိုမသိမမှတ်ပါ။ သူ၌ရှိသမျှသောအရာတို့ကို အကျွန်ုပ်လက်သို့အပ်ပါပြီ။ ဤအိမ်၌ အကျွန်ုပ်ထက်ကြီးမြတ်သောသူမရှိပါ။ သခင်မသည် အကျွန်ုပ်သခင်၏မယားဖြစ်သောကြောင့် အကျွန်ုပ်၏သခင်သည် သခင်မမှတစ်ပါး မည်သည့်အရာကိုမျှအကျွန်ုပ်အား မဟန့်တားပါ။ သို့ဖြစ်၍ အကျွန်ုပ်သည် ဤမျှလောက်ကြီးမားသောမကောင်းမှုကိုပြု၍ ဘုရားသခင်ကို ပြစ်မှားရပါမည်လော”ဟု ဆိုလေ၏။ ထိုသခင်မသည် ယောသပ်အား သူနှင့်အတူအိပ်ရန်၊ သူနှင့်အတူနေရန် နေ့စဉ်နေ့တိုင်း ပြောဆိုနေသော်လည်း ယောသပ်သည် သူ့ကိုနားမထောင်ပေ။ တစ်နေ့တွင် ယောသပ်သည် အလုပ်လုပ်ရန်အိမ်ထဲသို့ဝင်သွားရာ အိမ်ထဲ၌ အိမ်သားယောက်ျားတစ်ယောက်မျှမရှိချေ။ ထိုအခါ သခင်မသည် ယောသပ်၏အဝတ်ကိုဖမ်းဆွဲ၍ “ငါနှင့်အိပ်ပါ”ဟု ဆိုလေ၏။ သို့သော် ယောသပ်သည် မိမိအဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ပြေးထွက်သွားလေ၏။ ထိုသို့ ယောသပ်သည် သူ့အဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ထွက်ပြေးသွားသည်ကို သခင်မကြည့်ပြီး မိမိ၏အိမ်သားယောက်ျားတို့ကိုခေါ်၍ သူတို့အား “ကြည့်ကြပါ။ သခင်ခေါ်လာသော ဟေဗြဲအမျိုးသားသည် ငါတို့ကို စော်ကားပါပြီတကား။ ငါနှင့်အိပ်ဖို့ ငါ့ထံသို့ဝင်လာသဖြင့် ငါသည် အသံကုန်အော်ဟစ်ရပါ၏။ ထိုသို့ ငါအသံကုန်အော်ဟစ်သည်ကို သူကြားသောအခါ သူ့အဝတ်ကို ငါ့လက်၌စွန့်ထားခဲ့၍ အပြင်သို့ပြေးထွက်သွားလေ၏”ဟု ဆိုပြီးလျှင် သခင်အိမ်သို့ပြန်ရောက်သည့်တိုင်အောင် ယောသပ်၏အဝတ်ကို မိမိအနားတွင် သိမ်းထားလေ၏။ ထိုစကားအတိုင်းပင် သခင်အား “အကျွန်ုပ်တို့ထံသို့ သခင်ခေါ်လာခဲ့သော ဤဟေဗြဲကျွန်သည် ကျွန်မထံသို့ဝင်လာ၍ ကျွန်မကို စော်ကားပါပြီ။ ကျွန်မသည် အသံကုန်အော်ဟစ်သောကြောင့် သူသည် ကျွန်မအနားတွင် သူ့အဝတ်ကိုစွန့်ထားခဲ့၍ အပြင်သို့ထွက်ပြေးသွား၏”ဟု ပြောပြလေ၏။ “သခင်၏ကျွန်သည် ကျွန်မ၌ ဤသို့သောအမှုကိုပြုခဲ့ပါ၏”ဟု မိမိမယားပြောသောစကားကို သခင်ကြားသောအခါ အမျက်ထွက်လေ၏။ ထိုအခါ ယောသပ်၏သခင်သည် ယောသပ်ကိုခေါ်ဆောင်သွား၍ ရှင်ဘုရင်အကျဉ်းချထားသောသူများကို ချုပ်နှောင်ထားသည့်နေရာဖြစ်သော အကျဉ်းထောင်ထဲ၌ ထည့်ထားလေ၏။ သို့ဖြစ်၍ ယောသပ်သည် အကျဉ်းထောင်ထဲ၌နေရ၏။ သို့သော်လည်း ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိ၍ သူ့ကို မေတ္တာကရုဏာပြလျက် ထောင်မှူးရှေ့၌ မျက်နှာရစေတော်မူ၏။ ထောင်မှူးသည် အကျဉ်းထောင်ထဲ၌ရှိသောအကျဉ်းသားအားလုံးကို ယောသပ်လက်သို့အပ်၍ ထောင်ထဲ၌ဆောင်ရွက်စရာရှိသမျှတို့ကို ယောသပ်ဆောင်ရွက်ရ၏။ ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိတော်မူသောကြောင့် ယောသပ်ဆောင်ရွက်သမျှသောအမှုတို့ကို ထောင်မှူးသည် ကြည့်ရှုစရာမလိုပေ။ ထာဝရဘုရားသည် ယောသပ်ပြုလေရာရာ၌ အောင်မြင်စေတော်မူ၏။
ကမ္ဘာဦးကျမ်း 39 ကိုဖတ်ပါ။
နားထောင်ပါ။ ကမ္ဘာဦးကျမ်း 39
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 39:1-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ