ကမ္ဘာဦး 37:1-12
ကမ္ဘာဦး 37:1-12 Judson Bible (JBMLE)
ယာကုပ်သည် မိမိအဘတည်းခိုရာခါနာန်ပြည်၌နေ၏။ ယာကုပ်အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊ ယောသပ်သည် အသက်တစ်ဆယ်ခုနစ်နှစ်ရှိ၍၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကိုထိန်းလေ၏။ အဘ၏မယားဗိလဟာနှင့် ဇိလပ၏သားတို့နှင့်အတူနေ၍၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ်၏။ ဣသရေလသည် အသက်ကြီးစဉ်အခါ သားယောသပ်ကိုရသောကြောင့်၊ အခြားသောသားအပေါင်းတို့ကိုချစ်သည်ထက် ယောသပ်ကိုသာ၍ချစ်၏။ အဆင်းအရောင်ထူးခြားသော အင်္ကျီကိုချုပ်၍ပေး၏။ အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ်ကိုသာ၍ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သောအခါ၊ သူ့ကိုမုန်း၍ မေတ္တာစကားကိုသူ့အား မပြောနိုင်ကြ။ ယောသပ်သည် အိပ်မက်ကိုမြင်၍၊ အစ်ကိုတို့အားပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။ အိပ်မက်ကို အဘယ်သို့ပြန်ပြောသနည်းဟူမူကား၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကိုနားထောင်ကြပါလော့။ ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကိုစည်း၍နေကြစဉ်တွင်၊ ကျွန်ုပ်ကောက်လှိုင်းသည်ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကိုရှိခိုးကြသည်ဟု ပြောဆိုလေ၏။ အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌မင်းပြုရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။ တစ်ဖန်အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသောအိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တစ်လုံးတို့သည်၊ ကျွန်ုပ်ကိုရှိခိုးကြ၏ဟု ကြားပြောလေ၏။ ထိုသို့အဘနှင့် အစ်ကိုတို့အားကြားပြောသောအခါ၊ အဘက၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့နည်း။ ငါနှင့်သင်၏အမိ၊ သင်၏အစ်ကိုတို့သည် သင့်ထံသို့စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကိုဆုံးမလေ၏။ အစ်ကိုတို့သည် သူ့ကိုငြူစူကြ၏။ အဘသည် ထိုအရာကိုမှတ်လေ၏။ အစ်ကိုတို့သည် အဘ၏သိုးဆိတ်များကို ရှေခင်မြို့မှာထိန်းခြင်းငှာသွားကြ၏။
ကမ္ဘာဦး 37:1-12 Common Language Bible (BCL)
ယာကုပ်သည်သူ၏ဖခင်နေထိုင်ရာ ခါနာန် ပြည်တွင် ဆက်လက်နေထိုင်လေ၏။- ယာကုပ်မိသားစု၏အတ္ထုပ္ပတ္တိကိုဖော်ပြပေအံ့။ ယောသပ်သည်အသက်တစ်ဆယ့်ခုနစ်နှစ်သို့ ရောက်သော် ဖခင်၏မယားငယ်များဖြစ်သော ဗိလဟာနှင့်ဇိလပတို့၏သားများနှင့် အတူသိုးဆိတ်များကိုထိန်းကျောင်းရ၏။ သူ သည်အစ်ကိုတို့အကြောင်းကိုဖခင်အား တိုင်ကြားတတ်၏။ ယာကုပ်သည်အသက်အရွယ်ကြီးမှယောသပ် ကိုရခြင်းကြောင့်အခြားသားများထက်သူ့ အားပို၍ချစ်၏။ သူသည်ယောသပ်အတွက် ထူးခြားစွာတန်ဆာဆင်ထားသောဝတ်ရုံ ကိုချုပ်ပေး၏။- ဖခင်ကယောသပ်အားသူတို့ထက်ပို၍ချစ် သဖြင့်သူ၏အစ်ကိုတို့သည် သူ့အားကြင်နာ သည့်စကားတစ်ခွန်းကိုမျှမပြောနိုင်လောက် အောင်ရွံမုန်းကြလေသည်။ တစ်ခါကယောသပ်သည် အိပ်မက်မြင်မက်သ ဖြင့်အစ်ကိုတို့အားထိုအိပ်မက်အကြောင်း ကိုပြောပြသောအခါ သူတို့သည်ပို၍ပင် ရွံမုန်းကြ၏။- ယောသပ်ကသူတို့အား``ကျွန်တော်မြင်မက် သောအိပ်မက်ကိုနားထောင်ကြပါ။- ကျွန်တော်တို့သည်လယ်ထဲ၌ကောက်လှိုင်းများ ကိုစည်းနေကြစဉ် ကျွန်တော်၏ကောက်လှိုင်းစည်း သည်လဲရာမှထောင်မတ်လာ၏။ အစ်ကိုတို့၏ ကောက်လှိုင်းစည်းများသည်ကျွန်တော်၏ကောက် လှိုင်းစည်းကိုဝိုင်းလာပြီးလျှင်ဦးညွှတ်ရှိခိုး ကြပါသည်'' ဟုပြောပြလေ၏။ အစ်ကိုတို့က``သင်ကငါတို့အပေါ်မှာမင်း ပြုလိုသလော။ ငါတို့ကိုအုပ်စိုးမည်လော''ဟု မေးလေ၏။ ထိုသို့ယောသပ်သည်သူ၏အိပ်မက် အကြောင်းကိုဖော်ပြမိသဖြင့် သူတို့ကသူ့ ကိုပို၍ရွံမုန်းကြ၏။ တစ်ဖန်ယောသပ်သည်အိပ်မက်မက်ပြန်၍အစ် ကိုတို့အား``ကျွန်တော်သည်အိပ်မက်မြင်မက် ပြန်ပြီ။ ထိုအိပ်မက်ထဲတွင်နေ၊ လနှင့်ကြယ် တစ်ဆယ့်တစ်လုံးတို့ကကျွန်တော်အားဦး ညွှတ်ရှိခိုးကြသည်ကိုမြင်ရပါသည်''ဟု ပြောလေ၏။ သူ၏အိပ်မက်ကိုဖခင်အားလည်းပြောပြသော အခါဖခင်က``သင်၏အိပ်မက်ကားအဘယ်သို့ နည်း။ သင်၏မိခင်၊ ဖခင်နှင့်အစ်ကိုတို့ကသင့် အားဦးညွှတ်ရှိခိုးရမည်လော'' ဟုဆုံးမ လိုက်လေ၏။- ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။ တစ်နေ့သ၌ယောသပ်၏အစ်ကိုတို့သည်ရှေခင် မြို့အနီးတွင်ဖခင်၏သိုးဆိတ်များကိုကျောင်း နေကြစဉ်၊
ကမ္ဘာဦး 37:1-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယာကုပ်သည် မိမိဖခင်တည်းခိုနေထိုင်ရာပြည်ဖြစ်သည့် ခါနာန်ပြည်၌ နေထိုင်၏။ ယာကုပ်၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ ယောသပ်သည် အသက်တစ်ဆယ့်ခုနစ်နှစ်ရှိသောအခါ မိမိအစ်ကိုတို့နှင့်အတူ သိုးဆိတ်တို့ကိုထိန်းကျောင်း၏။ ယောသပ်သည် အသက်ငယ်သေးသဖြင့် ဖခင်၏မယားဖြစ်သော ဗိလဟာနှင့်ဇိလပတို့၏သားတို့နှင့်အတူနေ၍ သူတို့၏မကောင်းသတင်းကို ဖခင်အားပြောလေ့ရှိ၏။ အစ္စရေးသည် ယောသပ်ကို အသက်ကြီးမှရသောကြောင့် သားအားလုံးထက် သူ့ကိုပို၍ချစ်သဖြင့် ရောင်စုံသင်တိုင်းကို သူ့အတွက်ချုပ်ပေး၏။ ဖခင်က သူ့ကို ညီအစ်ကိုအားလုံးထက်ပို၍ချစ်ကြောင်း သူ့အစ်ကိုတို့သိမြင်သောအခါ သူ့ကိုမုန်း၍ သူ့အားချိုသာစွာမပြောဆိုနိုင်ကြချေ။ ယောသပ်သည် အိပ်မက်မက်၍ သူ့အစ်ကိုတို့အားပြောပြသောအခါ သူတို့သည် သူ့ကိုပို၍ပင်မုန်းကြ၏။ ယောသပ်က သူတို့အား “အကျွန်ုပ်မက်သော အိပ်မက်ကို ပြောပြမည်။ နားထောင်ကြပါ။ အကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းများစည်းနေကြရာ အကျွန်ုပ်၏ကောက်လှိုင်းစည်းသည် ထ၍ မတ်တတ်ရပ်လေ၏။ ထိုအခါ အစ်ကိုတို့၏ကောက်လှိုင်းစည်းများသည် ဝိုင်းလာ၍ အကျွန်ုပ်၏ကောက်လှိုင်းစည်းရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ဆိုလေ၏။ သူ့အစ်ကိုတို့ကလည်း “သင်သည် ငါတို့ကို အမှန်ပင်စိုးစံမည်လော။ ငါတို့ကို အမှန်ပင်အုပ်စိုးမည်လော”ဟု ဆို၍ သူ၏အိပ်မက်ကြောင့်လည်းကောင်း၊ သူ၏စကားတို့ကြောင့်လည်းကောင်း သူ့ကိုပို၍ပင်မုန်းကြ၏။ တစ်ဖန် ယောသပ်သည် ထပ်၍အိပ်မက်မက်ပြန်သဖြင့် မိမိအစ်ကိုတို့အား “အကျွန်ုပ်သည် ထပ်၍အိပ်မက်မက်ပြန်၏။ နေ၊ လနှင့် ကြယ်တစ်ဆယ့်တစ်လုံးတို့သည် အကျွန်ုပ်ရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ပြောပြလေ၏။ ထိုသို့ သူသည် မိမိဖခင်နှင့်အစ်ကိုတို့အားပြောပြသောအခါ ဖခင်က “သင်မက်သောအိပ်မက်ကား မည်သို့နည်း။ စင်စစ် ငါနှင့် သင့်မိခင်၊ သင့်အစ်ကိုတို့သည် သင့်ရှေ့သို့လာ၍ မြေမှာပျပ်ဝပ်ရမည်လော”ဟု ဆိုလျက် သူ့ကိုဆုံးမလေ၏။ အစ်ကိုတို့သည် သူ့ကိုမနာလိုဖြစ်ကြ၏။ ဖခင်မူကား ထိုအကြောင်းအရာကို စိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။ ထို့နောက် ယောသပ်၏အစ်ကိုတို့သည် ရှေခင်မြို့အနီးတွင် ဖခင်၏သိုးဆိတ်တို့ကို ထိန်းကျောင်းရန်ထွက်ခွာသွားကြ၏။