YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 33:1-20

ကမ္ဘာဦး 33:1-20 Judson Bible (JBMLE)

ထို​အ​ခါ ယာ​ကုပ်​သည်​မျှော်​ကြည့်၍၊ အစ်​ကို​ဧ​သော​သည် လူ​လေး​ရာ​ပါ​လျက် ချီ​လာ​သည်​ကို​မြင်​လျှင်၊ လေ​အာ၊ ရာ​ခေ​လ၊ ကျွန်​မ​နှစ်​ယောက်​တို့​တွင် သား​များ​တို့​ကို​ဝေ​ပေး​လေ​၏။ ကျွန်​မ​နှစ်​ယောက်​ကို​ကား၊ သူ​တို့​သား​များ​နှင့်​ရှေ့​က​နေ​စေ၍၊ လေ​အာ​နှင့်​သူ၏​သား​တို့​ကို အ​လယ်၌​လည်း​ကောင်း၊ ရာ​ခေ​လ​နှင့် ယော​သပ်​ကို​နောက်၌​လည်း​ကောင်း ထား​လေ​၏။ သူ​တို့​ရှေ့​မှာ​ကိုယ်​တိုင်​လွန်​သွား၍၊ ခု​နစ်​ကြိမ်​တိုင်​အောင် ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊ အစ်ကိုအနီးသို့ချဉ်း​ကပ်​လေ၏။ ထို​အ​ခါ ဧ​သော​သည် ကြို​ဆို​ခြင်း​ငှာ​ပြေး​လာ၍၊ လည်​ချင်း​ယက်​လျက်၊ ပိုက်​ဖက်​နမ်း​ရှုတ်​ခြင်း​ကို​ပြု၍၊ နှစ်​ယောက်​စ​လုံး​တို့​သည် ငို​ကြွေး​ကြ၏။ ထို​နောက်၊ မျှော်​ကြည့်၍၊ မိန်း​မ​များ၊ သူ​ငယ်​များ​ကို​မြင်​လျှင်၊ သင်၌​ပါ​သော ဤ​သူ​တို့​သည်၊ အ​ဘယ်​သူ​နည်း​ဟု​မေး​သော်၊ ကိုယ်​တော်၏​ကျွန်​အား၊ ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော သူ​ငယ်​ဖြစ်​ကြ​ပါ၏​ဟု​ပြန်​ပြော​ပြီး​မှ၊ ကျွန်​မ​တို့​သည်၊ မိ​မိ​တို့​သား​များ​နှင့်​ချဉ်း​ကပ်၍ ဦး​ညွှတ်​ကြ၏။ ထို​နောက်၊ လေ​အာ​သည်​သူ၏​သား​များ​နှင့်​ချဉ်း​ကပ်၍ ဦး​ညွှတ်​ကြ၏။ ထို​နောက်၊ ယော​သပ်​နှင့်​ရာ​ခေ​လ​သည်​ချဉ်း​ကပ်၍ ဦး​ညွှတ်​ခြင်း​ကို​ပြု​ကြ၏။ ဧ​သော​က​လည်း၊ ကျွန်ုပ်​တွေ့​သော တိ​ရ​စ္ဆာန်​စု​အ​ပေါင်း​တို့​သည်၊ အ​ဘယ်​သို့​သော​အ​ရာ​နည်း​ဟု​မေး​လျှင်၊ သ​ခင်၏​စိတ်​တော်​နှင့် တွေ့​စေ​ခြင်း​ငှာ​ဖြစ်​ပါ​သည်​ဟု ပြန်​ပြော၏။ ဧ​သော​က​လည်း၊ ငါ့​ညီ၊ ငါ၌​လုံ​လောက်​အောင်​ရှိ၏။ သင်၏​ဥ​စ္စာ​တို့​ကို ယူ​ထား​ဦး​လော့​ဟု​ဆို၏။ ယာ​ကုပ်​က​လည်း၊ ထို​သို့​မ​ဆို​ပါ​နှင့်။ စိတ်​တော်​နှင့် တွေ့​သည်​မှန်​လျှင်၊ ကျွန်​တော်​ဆက်​သော​လက်​ဆောင်​ကို ခံ​ယူ​တော်​မူ​ပါ။ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို ဖူး​မြင်​ရ​သ​ကဲ့​သို့၊ ကိုယ်​တော်၏​မျက်​နှာ​ကို ဖူး​မြင်​ရ​ပါ၏။ စိတ်​တော်​သည်​လည်း​နူး​ညွတ်​ပါ၏။ ကိုယ်​တော်​ထံ​သို့​ရောက်​သော ကျွန်​တော်၏​မင်္ဂ​လာ​ကို ခံ​ယူ​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်၊ ကျွန်​တော်၌​များ​စွာ​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​ပြီ။ ကျွန်​တော်၌​လုံ​လောက်​အောင်​ရှိ​ပါ၏​ဟူ၍ တိုက်​တွန်း​သော​ကြောင့် ခံ​ယူ​လေ​၏။ ဧ​သော​က​လည်း၊ ခ​ရီး​သွား​ကြ​စို့၊ သင့်​ရှေ့​မှာ​ကျွန်ုပ်​သွား​မည်​ဟု​ဆို​လျှင်၊ ယာ​ကုပ်​က၊ သ​ခင်​သိ​သည်​အ​တိုင်း၊ ဤ​သူ​ငယ်​တို့​သည် နု​ငယ်​ပါ၏။ သား​ငယ်​ပါ​သော သိုး၊ ဆိတ်၊ နွား​မ​တို့​သည်​ကျွန်​တော်၌​ပါ​ပါ၏။ တစ်​နေ့​ချင်း​တွင် အ​နှင်​လွန်​လျှင်၊ ရှိ​သ​မျှ​တို့​သည် သေ​ကြ​ပါ​လိမ့်​မည်။ ထို​ကြောင့်​သ​ခင်​သည်၊ ကိုယ်​တော်၏​ကျွန်​ရှေ့​မှာ ကြွ​နှင့်​တော်​မူ​ပါ။ ကျွန်​တော်​မူ​ကား၊ ကျွန်​တော်​ဆောင်​ခဲ့​သော တိ​ရ​စ္ဆာန်​များ၊ သူ​ငယ်​များ၊ တတ်​နိုင်​သ​မျှ​အ​တိုင်း၊ သ​ခင်​နေ​ရာ​စိ​ရ​ပြည်​သို့​ရောက်​အောင်၊ တ​ဖြည်း​ဖြည်း​ပို့​ဆောင်​ပါ​မည်​ဟု လျှောက်​လေ၏။ ဧ​သော​က​လည်း၊ သို့​ဖြစ်​လျှင် အ​ကျွန်ုပ်၌​ပါ​သော​သူ​အ​ချို့​တို့​ကို ညီ၌​ထား​ခဲ့​ပါ​ရ​စေ​ဟု​ဆို​လျှင်၊ ယာ​ကုပ်​က၊ အ​ဘယ်​အ​ကြောင်း​ရှိ​ပါ​သ​နည်း။ သ​ခင်၏ စိတ်​တော်​နှင့်​တွေ့​ပါ​စေ​ဟု ပြန်​ဆို​သော်၊ ဧ​သော​သည်​ထို​နေ့​ချင်း​တွင် စိ​ရ​ပြည်​သို့​ခ​ရီး​သွား၍ ပြန်​လေ​၏။ ယာ​ကုပ်​လည်း၊ သု​ကုတ်​အ​ရပ်​သို့​ခ​ရီး​သွား၍၊ ကိုယ်​နေ​ဖို့​အိမ်​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​များ​နေ​ဖို့ တင်း​ကုပ်​တို့​ကို​လည်း​ကောင်း၊ ဆောက်​လေ၏။ ထို​ကြောင့် ထို​အ​ရပ်​ကို၊ သု​ကုတ်​ဟူ၍​တွင်​လေ​သ​တည်း။ ထို​နောက်​မှ၊ ရှေ​ခင်​မြို့​သို့ ဘေး​မဲ့​ရောက်​လေ၏။ ပါ​ဒ​နာ​ရံ​ပြည်​မှ ပြန်​လာ၍၊ ခါ​နာန်​ပြည်​သို့ ရောက်​သော​လမ်း​ခ​ရီး​တွင်၊ ထို​မြို့​ရှိ​သ​တည်း။ ထို​မြို့​ရှေ့​မှာ​တဲ​ကို ဆောက်​လေ၏။ တဲ​ဆောက်​ရာ​မြေ​အ​ကွက်​ကို ရှေ​ခင်၏​အ​ဘ၊ ဟာ​မော်၏​သား​တို့​တွင်၊ ငွေ​တစ်​ပိဿာ​အ​ဖိုး​ပေး၍ ဝယ်​ရ​သ​တည်း။ ထို​အ​ရပ်၌​လည်း ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ဧ​လေ​လော​ဣ​သ​ရေ​လ​ဟူ၍​သ​မုတ်​လေ၏။

ကမ္ဘာဦး 33:1-20 Common Language Bible (BCL)

ဧ​သော​သည်​လူ​လေး​ရာ​ပါ​လျက်​လာ​နေ​သည် ကို​ယာ​ကုပ်​မြင်​လျှင်​သား​သမီး​တို့​ကို​လေ​အာ၊ ရာ​ခေ​လ​နှင့်​မ​ယား​ငယ်​နှစ်​ဦး​တို့​ထံ​ခွဲ​၍ အပ်​နှံ​ထား​လေ​၏။- သူ​သည်​မ​ယား​ငယ်​တို့​နှင့်​သူ​တို့​၏​က​လေး များ​ကို​ရှေ့​ဆုံး​၌​ထား​၍ ထို​နောက်​လေ​အာ​နှင့် သူ​၏​က​လေး​တို့​ကို​လည်း​ကောင်း၊ နောက်​ဆုံး ၌​ရာ​ခေ​လ​နှင့်​ယော​သပ်​ကို​လည်း​ကောင်း နေ​ရာ​ချ​ထား​လေ​၏။- ယာ​ကုပ်​သည်​ထို​သူ​တို့​ရှေ့​က​သွား​၍​အစ်​ကို ၏​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ခု​နစ်​ကြိမ်​ဦး​ညွှတ် ၍​အ​ရို​အ​သေ​ပြု​လေ​သည်။- ထို​အ​ခါ​ဧ​သော​သည်​ပြေး​၍​ယာ​ကုပ်​ကို​ဖက် ယမ်း​နမ်း​ရှုပ်​လေ​သည်။ သူ​တို့​နှစ်​ဦး​ငို​ကြွေး​ကြ ၏။- ဧ​သော​သည်​မော်​ကြည့်​၍​မိန်း​မ​များ​နှင့်​က​လေး များ​ကို​မြင်​လျှင်``သင်​နှင့်​အ​တူ​ပါ​လာ​သော​ဤ သူ​တို့​ကား​မည်​သူ​တို့​နည်း'' ဟု​မေး​လေ​၏။ ယာ​ကုပ်​က``ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​အား ပေး​သ​နား​တော်​မူ​သော​သား​သ​မီး​များ​ဖြစ် ပါ​သည်'' ဟု​ဖြေ​၏။ ထို့​နောက်​သူ​၏​မ​ယား​ငယ် တို့​သည် မိ​မိ​တို့​၏​သား​သမီး​များ​နှင့်​အ​တူ ဧ​သော​အ​နီး​သို့​ချဉ်း​ကပ်​၍​ဦး​ညွှတ်​ကြ​၏။- လေ​အာ​နှင့်​သူ​၏​သား​သ​မီး​တို့​နှင့်​ယော​သပ် နှင့်​ရာ​ခေ​လ​တို့​သည် ဧ​သော​အ​နီး​သို့​ချဉ်း ကပ်​၍​ဦး​ညွှတ်​ကြ​၏။ ဧ​သော​က``လမ်း​တွင်​ငါ​တွေ့​ခဲ့​သော​တိ​ရစ္ဆာန် အုပ်​များ​ကို​မည်​သည့်​အ​တွက်​ကြောင့်​ရှေ့​က သွား​စေ​သ​နည်း'' ဟု​မေးလျှင်၊ ယာ​ကုပ်​က``ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ စေ​ရန်​ဖြစ်​ပါ​သည်'' ဟု​ပြန်​ဖြေ​လေ​၏။ ထို​အ​ခါ​ဧ​သော​က``ငါ့​ညီ၊ ငါ​၌​ဥစ္စာ​အ​လုံ အ​လောက်​ရှိ​၏။ သင့်​ပစ္စည်း​ကို​ပြန်​ယူ​ပါ'' ဟု ဆို​လေ​၏။ ယာ​ကုပ်​က``ကိုယ်​တော်​၏​ထံ​မှ​မျက်​နှာ​သာ​ရ သည်​မှန်​လျှင် ကျွန်​တော်​ဆက်​သ​သော​လက်​ဆောင် များ​ကို​လက်​ခံ​တော်​မူ​ပါ။ ကိုယ်​တော်​သည်​ကျွန် တော်​ကို​ကြည်​ဖြူ​စွာ​ကြို​ဆို​ပါ​ပြီ။ ကိုယ်​တော် ၏​မျက်​နှာ​ကို​မြင်​ရ​သည်​မှာ​ဘု​ရား​သ​ခင်​၏ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​သ​ကဲ့​သို့​ပင်​ဖြစ် ပါ​သည်။- ကိုယ်​တော်​ထံ​သို့​ယ​ခု​ကျွန်​တော်​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပါ။ ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​လို​သ​မျှ​ကို​ပေး​သ​နား တော်​မူ​ပါ​ပြီ'' ဟု​မ​နေ​မ​နား​တိုက်​တွန်း သ​ဖြင့်​ဧ​သော​သည်​လက်​ဆောင်​များ​ကို လက်​ခံ​လိုက်​လေ​သည်။ ထို​နောက်​ဧသော​က``သွား​ကြ​စို့။ သင့်​အ​ရှေ့​မှာ ငါ​သွား​မည်'' ဟု​ပြော​၏။ ယာ​ကုပ်​က``ကိုယ်​တော်​သိ​သည်​အ​တိုင်း​ကျွန် တော်​၏​က​လေး​များ​သည်​နု​နယ်​ကြ​ပါ​၏။ နို့​စို့​သား​ငယ်​များ​ပါ​သော​သိုး၊ ဆိတ်၊ နွား​တို့ ကို​လည်း​ညှာ​ရ​ပါ​မည်။ တိ​ရစ္ဆာန်​တို့​ကို​တစ်​နေ့ မျှ​ခ​ရီး​ပြင်း​နှင်​လျှင်​တစ်​အုပ်​လုံး​သေ​ဆုံး ကုန်​ပါ​လိမ့်​မည်။- ကိုယ်​တော်​သွား​နှင့်​ပါ။ ကျွန်​တော်​တိ​ရစ္ဆာန်​များ၊ က​လေး​များ​နှင့်​ခ​ရီး​တွင်​နိုင်​သ​မျှ​ဖြင့်​အစ် ကို​ရှိ​ရာ​ဧ​ဒုံ​ပြည်​သို့​ရောက်​အောင်​တ​ဖြည်း ဖြည်း​လိုက်​ခဲ့​ပါ​မည်'' ဟု​ဆို​၏။ ထို​အ​ခါ​ဧသော​က``ထို​သို့​ဆို​လျှင်​ကာ​ကွယ် စောင့်​ရှောက်​ရန်​ငါ့​လူ​အ​ချို့​ကို​သင့်​ထံ​၌ ထား​ခဲ့​မည်'' ဟု​ပြော​၏။ ယာ​ကုပ်​က``ကျွန်​တော်​အ​တွက်​အ​စောင့်​အ​ရှောက် မ​လို​ပါ။ ကိုယ်​တော်​၏​ထံ​မှ​မျက်​နှာ​သာ​ရ​ရှိ နိုင်​ရန်​သာ​တောင်း​လျှောက်​လို​ပါ​သည်'' ဟု​ဖြေ လေ​၏။- ထို​နေ့​၌​ဧ​သော​သည်​ဧ​ဒုံ​ပြည်​သို့​ပြန်​သွား လေ​သည်။- ယာ​ကုပ်​က​မူ​သု​ကုတ်​အ​ရပ်​သို့​သွား​၍ ထို အ​ရပ်​တွင်​သူ​နေ​ထိုင်​ရန်​အိမ်​နှင့်​တိ​ရစ္ဆာန် များ​အ​တွက် တင်း​ကုပ်​များ​ကို​တည်​ဆောက် လေ​၏။ ထို​ကြောင့်​ထို​အ​ရပ်​ကို​သု​ကုတ်​ဟု ခေါ်​တွင်​လေ​သည်။ ယာ​ကုပ်​သည်​ပါ​ဒ​နာ​ရံ​ပြည်​မြောက်​ပိုင်း​မှ ပြန်​လာ​ရာ ခါ​နာန်​ပြည်​ရှိ​ရှေ​ခင်​မြို့​သို့​လုံ ခြုံ​စွာ​ရောက်​ရှိ​လာ​၍​မြို့​နား​ရှိ​မြေ​ကွက် တွင်​စ​ခန်း​ချ​လေ​၏။- သူ​သည်​ထို​မြေ​ကွက်​ကို​ရှေ​ခင်​၏​အ​ဖ ဟာ​မော်​၏​သား​ချင်း​တို့​ထံ​မှ​ငွေ​သား တစ်​ရာ​ပေး​၍​ဝယ်​ယူ​လေ​သည်။- ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​ကို​တည်​၍ ပလ္လင်​ကို ဣ​သ​ရေ​လ​၏​ဘု​ရား​တည်း​ဟူ​သော​ဧ​လေ လော​ဟု​သ​မုတ်​လေ​၏။

ကမ္ဘာဦး 33:1-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယာကုပ်​သည်​မျှော်ကြည့်​ရာ ဧသော​သည် လူ​လေး​ရာ​နှင့်အတူ​လာ​နေ​သည်​ကို မြင်​လေ​၏​။ ထို့ကြောင့် သူ​သည် ကလေး​တို့​ကို လေအာ​၊ ရာခေလ​နှင့် ကျွန်မ​နှစ်​ယောက်​တို့​အား အသီးသီး​ခွဲပေး​ပြီးလျှင် ကျွန်မ​နှစ်​ယောက်​နှင့်​သူ​တို့​၏​ကလေး​များ​ကို ရှေ့ဆုံး​၌​လည်းကောင်း​၊ လေအာ​နှင့်​သူ​၏​ကလေး​များ​ကို အလယ်​၌​လည်းကောင်း​၊ ရာခေလ​နှင့်​ယောသပ်​ကို နောက်ဆုံး​၌​လည်းကောင်း ထား​လေ​၏​။ ထို့နောက် သူ​ကိုယ်တိုင် သူ​တို့​ရှေ့​မှ​သွား​၍ ခုနစ်​ကြိမ်​တိုင်တိုင် မြေ​မှာ​ပျပ်ဝပ်​ရင်း အစ်ကို​ထံသို့​ချဉ်းကပ်​လေ​၏​။ ဧသော​သည် ပြေးလာ​၍​သူ​နှင့်​တွေ့ဆုံ​ပြီး သူ့​ကို​ပွေ့ဖက်​လျက်​၊ လည်ချင်းယှက်​လျက် နမ်း​လေ​၏​။ ထို့နောက် သူ​တို့​သည် ငိုကြွေး​ကြ​၏​။ ဧသော​သည် မျှော်ကြည့်​၍ မိန်းမ​များ​၊ ကလေး​များ​ကို​မြင်​သောအခါ “​သင်​နှင့်အတူ​ပါလာ​သော ဤ​သူ​တို့​ကား မည်သူ​တို့​နည်း​”​ဟု မေး​သော် ယာကုပ်​က “​သခင်​၏​အစေအပါး​အား ဘုရားသခင်​ပေးသနား​တော်မူ​သော​ကလေး​များ ဖြစ်​ကြ​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။ ထိုအခါ ကျွန်မ​တို့​နှင့်​သူ​တို့​၏​ကလေး​များ​သည် ချဉ်းကပ်​၍​ပျပ်ဝပ်​ကြ​၏​။ ထို့နောက် လေအာ​နှင့်​သူ​၏​ကလေး​များ​သည်​လည်း ချဉ်းကပ်​၍ ပျပ်ဝပ်​ကြ​၏​။ ထို့နောက်မှ ယောသပ်​နှင့်​ရာခေလ​သည် ချဉ်းကပ်​၍ ပျပ်ဝပ်​ကြ​၏​။ ဧသော​က “​ငါ​တွေ့​ခဲ့​သော ဤ​တိရစ္ဆာန်​အစုစု​တို့​ကား အဘယ်နည်း​”​ဟု မေး​လျှင် ယာကုပ်​က “​အကျွန်ုပ်​သခင်​၏​ရှေ့​၌ မျက်နှာရ​ရန်​အတွက်​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။ သို့သော် ဧသော​က “​ငါ့​ညီ​၊ ငါ​၌​အလုံအလောက်​ရှိ​၏​။ သင်​ပိုင်ဆိုင်​သော​အရာ သင့်​ထံ၌​ရှိ​ပါစေ​”​ဟု ဆို​လေ​၏​။ ယာကုပ်​က​လည်း “​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် သခင့်​ရှေ့​၌ မျက်နှာရ​ပါ​လျှင် အကျွန်ုပ်​ပေး​သော​လက်ဆောင်​ကို လက်ခံ​ပါ​လော့​။ အကယ်စင်စစ် သခင်​၏​မျက်နှာ​ကို အကျွန်ုပ်​ဖူးမြင်​ရ​သည်​မှာ ဘုရားသခင်​၏​မျက်နှာ​တော်​ကို​ဖူးမြင်​ရ​သကဲ့သို့​ဖြစ်​ပါ​၏​။ သခင်​သည်​လည်း အကျွန်ုပ်​ကို ကြည်ဖြူ​စွာ​လက်ခံ​ပါ​ပြီ​။ သခင့်​ထံ အကျွန်ုပ်​ယူဆောင်​လာ​သော အကျွန်ုပ်​၏​ကောင်းချီးမင်္ဂလာ​ကို လက်ခံ​ပါ​လော့​။ အကြောင်းမူကား ဘုရားသခင်​သည် အကျွန်ုပ်​အား​ပေးသနား​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၌ အလုံးစုံ​ရှိ​ပါ​၏​”​ဟု ဆို​လျက် သူ့​ကို​တိုက်တွန်း​သဖြင့် သူ​သည်​လက်ခံ​လေ​၏​။ ထို့နောက် ဧသော​က “​ငါ​တို့​ဆက်၍​ခရီးပြု​ကြ​စို့​။ သင့်​ရှေ့​မှ ငါ​သွား​မည်​”​ဟု ဆို​၏​။ သို့သော် ယာကုပ်​က “​ကလေး​များ​သည်​နုနယ်​ပါ​၏​။ နို့စို့သားငယ်​ရှိ​သော သိုးဆိတ်​တို့​နှင့်​နွား​တို့​သည်​လည်း အကျွန်ုပ်​၌​ရှိ​ကြောင်း သခင်​သိ​ပါ​၏​။ ထို​တိရစ္ဆာန်​တို့​ကို တစ်ရက်မျှ​အပြင်းနှင်​လျှင် ၎င်း​တို့​အားလုံး​သည် သေ​ကြ​ပါ​လိမ့်မည်​။ သခင်​သည် သခင့်​အစေအပါး​ရှေ့​မှ သွား​နှင့်​ပါ​။ အကျွန်ုပ်​မူကား စိရ​ပြည်​ရှိ သခင့်​ထံသို့ ရောက်​သည်​အထိ ကလေးသူငယ်​တို့​နှင့် အကျွန်ုပ်​ရှေ့​၌​သွား​သော​တိရစ္ဆာန်​တို့ သွား​နိုင်​သမျှ​အတိုင်း တဖြည်းဖြည်း​လိုက်လာ​ပါ​မည်​”​ဟု လျှောက်​လေ​၏​။ ဧသော​က​လည်း “​ငါ​၌​ရှိ​သော​လူ​အချို့​ကို သင်​နှင့်​ထားခဲ့​ပါရစေ​”​ဟု ဆို​လျှင် ယာကုပ်​က “​အဘယ်​အတွက်​နည်း​။ အကျွန်ုပ်​သည် သခင့်​ရှေ့​၌ ဤမျှ​မျက်နှာရ​ပါ​ပြီ​”​ဟု ပြန်ပြော​လေ​၏​။ ထို့ကြောင့် ဧသော​သည် ထို​နေ့​၌ပင် စိရ​ပြည်​လမ်း​အတိုင်း​ပြန်သွား​လေ​၏​။ ယာကုပ်​မူကား သုကုတ်​အရပ်​သို့​ခရီးပြု​၍ ထို​အရပ်​၌ အိမ်​ကို​ဆောက်​လေ​၏​။ မိမိ​တိရစ္ဆာန်​များ​အတွက်​လည်း ယာယီတဲ​များ​ကို​ဆောက်​လေ​၏​။ ထို့ကြောင့် ထို​အရပ်​၏​အမည်​ကို သုကုတ် ဟု​ခေါ်​၏​။ ယာကုပ်​သည် ပါဒန်အာရံ​ပြည်​မှ ထွက်ခွာ​ပြီးနောက် ခါနာန်​ပြည်​ရှိ ရှေခင်​မြို့​သို့ ကောင်းမွန်​စွာ​ရောက်ရှိ​လာ​ပြီး ထို​မြို့​၏​အရှေ့ဘက်​၌ စခန်းချ​လေ​၏​။ သူ​သည် ရှေခင်​၏​ဖခင်​ဖြစ်​သော ဟာမော်​၏​သား​တို့​ထံမှ ငွေ​တစ်ရာ​ဖြင့်​မြေ​ကွက်​ကို​ဝယ်ယူ​ပြီး ထို​အရပ်​၌​တဲထိုး​လေ​၏​။ ထို့နောက် ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​၍ ဧလ​ဧလော​အစ္စရေး ဟု​ခေါ်​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။